မန်ယူအသင်း တာဝန်ရှိသူတွေဟာ ဂျူဗင်တပ်မှာ နေရာမရဖြစ်နေတဲ့ ဒိုင်ဘာလာကို ခေါ်ယူဖို့အတွက် ၂၀၁၉ ဧပြီလကုန်ကတည်းက ချိတ်ဆက်နေတာဖြစ်ပြီး အခြားသော အသင်းကြီးတွေထက် လက်ဦးမှုရယူခေါ်နိုင်ဖို့ ကြိုတင်ကာ ဆက်သွယ်ထားခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒိုင်ဘားလားက မန်ချက်စတာယူနိုက်တက် အသင်းသို့ ပြောင်းဖို့ အစီအစဉ် မရှိကြောင်း ယတိပြတ် ငြင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတော့ အာဂျင်တိုင်းသားရဲ့ အစ်ကို ဖြစ်သူ အေးဂျင့်က အင်တာဗျူးတစ်ခုမှာ ဒိုင်ဘားလား ဂျူဗင်တပ်က ထွက်ခွာလိုကြောင်း ထုတ်ဖော် ပြောဆိုထားမှု ရှိပါတယ်။

” ကျနော့် အစ်ကိုက သူ့အတွက် သူ ပြောတာ ဖြစ်မှာပါ။ ဂျူဗင်တပ် အားကစားဒါရိုက်တာက ကျနော် နောက်နှစ်မှာ ဘာလုပ်ချင်လဲ ကောင်းကောင်း သိပါတယ်။ ဒီမှာပဲ ဆက်နေချင် ကစားချင်တာပါ။ ရွေးချယ်စရာ ကမ်းလှမ်းမှုတွေ ပေါ်လာရင် ဂျူဗင်တပ်က ဆုံးဖြတ် ပါလိမ့်မယ်။ နောက်နှစ်မှာလည်း ဒီမှာပဲ ဆက်နေချင်တယ်။

ကျနော် ဂျူဗင်တပ်အတွက်၊ ပရိသတ်တွေ အတွက် လေးစားမှု အများကြီး ရှိပါတယ်။ ဒါကြောင့်လည်း ကျနော် ဂျူဗင်တပ် အကြောင်းသာ ပြောတယ်။ အပြောင်းအရွှေ့မှာ သတင်းကြီးနေတဲ့ တခြား ကလပ်အသင်းတွေ အကြောင်း မဟပါဘူး။ ဒါက လေးစားမှု မရှိရာ ကျမယ်လေ ” လို့ ဒိုင်ဘားလားက ရှင်းလင်း သွားပါတယ်။

ဒိုင်ဘားလားက မန်ယူအသင်းကို နာမည်တပ်ပြောဖို့ ငြင်းဆန်ခဲ့ပေမယ့် တူရင်မှာပဲ ဆက်နေမယ် ပြောလိုက်တဲ့နောက် မန်ယူဘက်ကရော ဘယ်လို ခြေလှမ်းတွေ လှမ်းဦးမလဲ စိတ်ဝင်စားစရာ ဆက်ရှိနေပါတယ်။