ဘိုင်ယန်မြူးနစ်ဟာ အက်သလက်တီကို မက်ဒရစ် ကွင်းလယ် ကစားသမား ရိုဒရီကို ခေါ်ယူဖို့ မန်စီးတီး အသင်းနဲ့ အပြိုင် စိတ်ဝင်စား လာတယ်လို့ သိရပါတယ်။ အဆိုပါ ကစားသမားဟာ အသင်း နဲ့ စာချုပ်လျော်ကြေး ပေါင် သန်း (၇၀) ရှိနေပြီး မန်စီးတီးကလည်း ဖာနန်ဒင်ဟိုရဲ့ နေရာကို အစားထိုးဖို့ ရိုဒရီကို စိတ်ဝင်စားနေပါတယ်။

ဂျာမန် ဘွန်ဒစ်လီဂါ ချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်း ဥက္ကထ Uli Hoeness က ဘိုင်ယန်ဟာ မန်စီးတီးတိုက်စစ်သမား ဆာနေးကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း အတည်ပြုသွားပါတယ်။

မန်စီးတီးဟာ ဒီနွေမှာ ကစားသမား အထွက် လေးဦးလောက်ထိ ရှိနိုင်ပြီး ခေါ်ယူမှုကလည်း အနည်းဆုံး လေးဦးထိ ရှိသွားမှာဖြစ်ပါတယ်။ ကွင်းလယ် ခံစစ် ခေါ်ယူဖို့က ဦးစားပေးဖြစ်ပြီး ဗဟိုခံစစ်မှူးသစ်လည်း ခေါ်ယူပါမယ်။ စီးတီးက ဒန်နီလိုနဲ့ ဆာနေး (သို့) ဂျီးဆုကို ရောင်းထုတ်ပြီး ညာအစွန်တစ်ဦးနဲ့ တိုက်စစ်အားသန်တစ်ဦး ပြန်ခေါ်ဖို့ ရည်ရွယ်ထားတာပါ။

ဗဟိုခံစစ်မှူး ကွန်ပနီ ထွက်ခွာပြီဖြစ်သလို နောက်ထပ် ဗဟိုခံစစ်မှူး အော်တာမန်ဒီလည်း ထွက်ခွာဖို့ ရေပန်းစားနေပါတယ်။ မန်စီးတီးဟာ အေဂျက်မှ ဒီဂျောင်းကို ခေါ်ယူဖို့ ကြိုးစားနေပြီး လက်စတာမှ မက်ဂွဲရားကလည်း ဦးစားပေးဖြစ်တယ်။

မန်စီးတီးဘက်က ခြေစွမ်းထက် လူငယ်တိုက်စစ်သမား ဆာနေးကို လက်မလွှတ်လိုသော်လည်း သက်တမ်းတိုး စာချုပ်အတွက် သဘောတူညီမှု မရပါက ပေါင် သန်း ၉၀ ရရင် ရောင်းထုတ်ဖွယ် ရှိတယ်လို့ သိရပါတယ်။

ဂျာမနီလက်ရွေးစင်အသင်းနည်းပြ ဂျိုးအာချင်လိုက ဘိုင်ယန်မြူးနစ်ဟာ ဆာနေးသွားသင့်တဲ့ အသင်းကောင်း ဖြစ်တယ်လို့ ထောက်ခံပြောဆို လိုက်ပါတယ်။

မန်စီးတီးနဲ့ ယူနိုက်တက်တို့ အပြိုင် ကြိုးပမ်းနေတဲ့ ဂျိုအာဖိလစ်အတွက် ယူရို သန်း ၁၀၀ လောက်နဲ့ ကမ်းလှမ်းမှုဟာ လုံလောက်မှာ မဟုတ်ကြောင်း ဘင်ဖီကာ အသင်းဘက်က အသံပြုထားပါတယ်။ ဘင်ဖီကာအသင်းဘက်ကတော့ စာချုပ်ပါ အတိုင်း ဖျက်သိမ်းကြေး ယူရို သန်း ၁၂၀ မရရင် ဖိလစ် အသင်းမှာပဲ ဆက်နေမယ်လို့ ယတိပြတ် ဆိုထားပါတယ်။