လီဗာပူးခံစစ်မှူးဟောင်း Steve Nicol က ယာဂင်ကလော့ပ်ဟာ အသင်းမှာ အသုံးပြုနည်းတဲ့ စီနီယာ ကစားသမားတွေကို အသင်းကနေ ထွက်ခွာခွင့် ပြုသင့်ကြောင်း အကြံပြုလိုက်ပြီး ၄င်းတို့ထဲ လိုဗရန်၊ လယ်လာနာ၊ အိုရီဂီနဲ့ ကလိုင်းတို့ ကို ထည့်သွင်းပြောကြား သွားပါတယ်။

ဘုန်းမောက်မှာ အငှားသွားရောက် ကစားနေခဲ့တဲ့ လီဗာပူး ခံစစ်မှူး ကလိုင်းကို ဘုန်းမောက်အပြင် ပဲလေ့စ်နဲ့ ၀က်စ်ဟမ်းအသင်းတို့ကပါ ခေါ်ယူလိုနေပါတယ်။ ၄င်းကို နာပိုလီကလည်း ပေါင် ၁၅ သန်းနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပါသေးတယ်။

ဗန်ဒိုက်ကတော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အောင်နိုင်ဖို့ဆိုတဲ့ ဆန္ဒတစ်ခုတည်းအတွက် စိတ်ပိုင်းဖြတ်ထားကြောင်း လီဗာပူးအသင်းဝဘ်ဆိုဒ်ကနေ ပြောဆိုလိုက်ပါတယ်။

ရီးရဲလ် ကွင်းလယ်ကစားသမား ဂျိမ်းစ် ရိုဒရီဂွက်ဇ်ကို ပရီးမီးယားလိဂ် ကလပ်များ ဖြစ်တဲ့ ယူနိုက်တက်၊ လီဗာပူး၊ အာဆင်နယ်တို့ အပြိုင် စိတ်ဝင်စားနေပါတယ်။ ၄င်းဟာ ဘိုင်ယန်မှာ ၂နှစ်တာ အငှားကစားခဲ့ပြီး အပြီးသတ် ခေါ်ယူမှု မဖြစ်ခဲ့တာကြောင့် အသင်းပြောင်းရဖို့ ရှိနေပါတယ်။

လီဗာပူးကစားသမားဟောင်း ဂျင်မီ ကာရေဂါက ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ပြည်တွင်းလိဂ်ပွဲတွေ ပြီးဆုံးပြီး ၃ ပတ်ကြာမှ ယှဉ်ပြိုင် ကစားစေခြင်းဟာ တော့တင်ဟမ် စပါးအသင်းကိုသာ အကျိုးအမြတ် ရှိသွားစေကြောင်း ဝေဖန်ပြောဆိုလိုက်ပါတယ်။

လိုင်ယွန်အသင်းဟာ လီဗာပူး ပစ်မှတ်ထားနေတဲ့ ဒီပေးအတွက် လမ်းဖွင့်ပေးလိုက်ပြီး ၄င်းတို့ အမြင်မှာ ဒီပေးက လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ယူဆနေပါတယ်။ ယူနိုက်တက် ကစားသမားဟောင်းဟာ ဒီရာသီ လိုင်ယွန်အတွက် ပြိုင်ပွဲစုံ ၁၂ ဂိုးသွင်း ၁၅ ကြိမ် ဂိုးထောက်ပံ့မှု ပြုလုပ်ထားပါတယ်။

ရီးရဲလ်က ထွက်ခွာဖို့ စဉ်းစားနေတဲ့ ရာမို့စ်ကို ဥရောပအသင်းကြီးတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး မန်ယူနဲ့ လီဗာပူးတို့ ပါဝင်နေပါတယ်။