အေဂျက် ဆယ်ကျော်သက်လေး ဒီလစ်ဟာ ဥရောပထိပ်တန်းအသင်း များစွာနဲ့ နာမည်ထွက်နေပြီး ဈေးကွက်ထဲမှာ သူ့ကိုရဖို့ရာ ဘာစီလိုနာနဲ့ မန်ယူတို့က ကမ်းလှမ်းမှုတွေနဲ့ စတင်ချိတ်ဆက်ထားကြောင်း သိထားရပါတယ်။

နွေမှာ နယ်သာလန်ကနေ ဒီလစ်ထွက်ခွာဖို့က သေချာနေခဲ့ပေမယ့် တစ်ခုတည်းသော ပြဿနာက သူဘယ်ကို ပြောင်းမယ်ဆိုတာ မသိသေးတာပါ။ မန်ယူဘက်က အခြားသော အသင်းကြီးတွေထက် လက်ဦးမှု ရယူကာ ဒီလစ်ကိုခေါ်ဖို့ ကြိုးစားနေပြီး နယ်သာလန်နောက်ခံလူကို တစ်ပတ် ပေါင် ၂ သိန်း ၄ သောင်းပေးမယ်လို့ သတင်းတွေ ထွက်နေပါတယ်။

အပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားတွေကို ချိတ်ဆက်နေတဲ့ ကာလဖြစ်လို့ ကစားသမားတွေရဲ့ အင်တာဗျူး ပြောစကားတွေ၊ ဆိုရှယ်မီဒီယာတွေပေါ်က လှုပ်ရှားမှုတွေက သူတို့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး တံခါးဖွင့်ပေးမှုတွေလည်း ဖြစ်လာနေခဲ့တယ်။

လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မရခြင်းက ဒီလစ်ကို ခေါ်ယူဖို့ အဓိက အတားအဆီး ဖြစ်မယ်ဆိုရင်တောင် ပရိသတ်တွေကတော့ ဒီလစ် အင်စတာဂရမ်ကနေ ပြုလုပ်ခဲ့တဲ့ အပြုအမှုကြောင့် မျှော်လင့်ချက်တွေ ရှင်သန်နေဆဲဖြစ်ပါတယ်။

နွေအပြောင်းအရွှေ့အတွက် မန်ယူဘက်က ကမ်းလှမ်းမှုတွေ ပေးပို့နေတယ်လို့ သတင်းထွက်နေဆဲမှာပဲ နယ်သာလန်လူငယ်လေး ဒီလစ်ဟာ ရီယိုဖာဒီနန်ရဲ့ အင်စတာဂရမ်ပုံကို ‘like’ ပေးခဲ့တာပါ။ ဖာဒီနန်က ချန်ပီယံလိဂ်ဖလား အနိုင်ရခဲ့တဲ့ 2008 မန်ချက်စတာယူနိုက်တက်အသင်းပုံကို အင်စတာဂရမ်ကနေ တင်ခဲ့ပြီး ဒီလစ်က ‘like’ လုပ်ပေးတာက ဘောလုံး ပရိသတ်တွေကြား ပြောစရာတွေ ဖြစ်ခဲ့ပါတယ်။

များစွာသော ဘောလုံးသမားတွေက လူမှုကွန်ယက်တွေ အသုံးပြုနေကြပြီး တစ်ဦးနဲ့တစ်ဦး ‘like’ ပေးကြတာက အရမ်းတော့ မဆန်းပါဘူး။ ဒါပေမယ့် အပြောင်းအရွှေ့မှာ သတင်းကြီးနေချိန်မှာမှ ဒီလစ်ရဲ့ အပြုအမှုကတော့ တစ်ခုခုကိုများ သတင်းပေးနေသလားလို့ အင်္ဂလန်မီဒီယာတွေ သုံးသပ်နေကြတာပါ။

ဒီလစ်ဟာ ယူနိုက်တက်ကို ပြောင်းလာမယ်လို့များ သတင်းပေးလိုက်သလားဆိုတာကတော့ နောက်လမှာပဲ သိကြရမှာ ဖြစ်ပါတယ်။