ချယ်ဆီးအသင်းဟာ ဆာရီနေရာကို အသင်း ဂန္တ၀င်ကစားသမား လက်ရှိ ဒါဘီနည်းပြ လမ်းပတ်ကို တာဝန်ယူစေမယ် သတင်းများ ထွက်နေပေမယ့် လာရောက် ဆက်သွယ်မှု ရမထားကြောင်း ဒါဘီအသင်း ပိုင်ရှင် Mel Morris က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ချယ်လ်ဆီး အသင်းဟာ ဟာဇက် အတွက် ပြောင်းရွှေ့ကြေးကို ပေါင် (၁၁၂) သန်း အထိ တိုးမြှင့် တောင်းဆိုလာပြီ ဖြစ်ကြောင်း သိရှိရပါတယ်။ ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်း ခေါင်းဆောင် ဟာဇက်ကို ရီးရဲယ်မက်ဒရစ်က ခေါ်ယူဖို့ ညှိနှိုင်းနေပြီး ကစားသမား နဲ့ ရီးရဲယ် ဘက်ကတော့ အပြောင်းအရွှေ့ကို အမြန်ဆုံး အဆုံးသတ်ဖို့ ဆန္ဒရှိနေပါတယ်။

ဒါဘီအသင်းနည်းပြ ဖရန့်လမ်းပတ်က အကယ်၍ ဆာရီထွက်ခွာသွားရင် ချယ်ဆီးထံ ပြန်လာနိုင်ခြေနဲ့ ပတ်သက်ပြီး လမ်းဖွင့်ပေးထားသော်လည်း လောလောဆယ် ချန်ပီယံရှစ် playoff ဖိုင်နယ် အတွက်ပဲ အဓိက အာရုံစိုက်ထားဆဲ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။

ချယ်ဆီးခံစစ်မှူး မားကို့စ် အလွန်ဆိုဟာ ပြီးခဲ့တဲ့ အောက်တိုဘာကမှ သက်တမ်းတိုး စာချုပ် ချုပ်ဆိုထားတာ ဖြစ်ပေမယ့် နည်းပြ ဆာရီရဲ့ အသင်းမှာ ရုန်းကန်နေရတာကြောင့် အသင်းပြောင်းလိုတဲ့ ဖွင့်ဟပြောဆိုမှုတွေ ပြုလုပ်လာပါတယ်။

မော်ရင်ညိုက လာမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲဟာ ဟာဇက်ရဲ့ ချယ်ဆီးအတွက် နောက်ဆုံးပွဲ ဖြစ်လာမယ့်လို့ ယုံကြည်နေပြီး ဟာဇက်က ရီးရဲလ်သို့ ပြောင်းရွှေ့တော့မှာ ဖြစ်ကြောင်း ယူဆထားပါတယ်။

ရီးရဲလ်ဟာ ပြီးခဲ့တဲ့ တစ်လအတွက် ဟာဇက်ကို ချယ်ဆီးကနေ ခေါ်ယူဖို့ ဆွေးနွေးမှုများ ပြုလုပ်ထားပြီး ကမ်းလှမ်းမှု ၂ခု ပယ်ချ ခံရပြီး ဖြစ်တယ်လို့ သိရပါတယ်။ ထို နှစ်ကြိမ်လုံး က ချယ်ဆီး တောင်းဆိုထားတဲ့ ပေါင် သန်း ၁၀၀ ကျော် မဟုတ်ဘဲ ထိုထက် နည်းတဲ့ ပမာဏ ဖြစ်ကာ ရီးရဲလ်က ယူရိုပါလိဂ် ဗိုလ်လုပွဲ အပြီးမှာ နောက်တစ်ဆင့် ထပ်တိုး ကမ်းလှမ်းမှု ပြုလုပ်တော့မှာ ဖြစ်ပါတယ်။