ပရီးမီးယားလိဂ်ရဲ့ အအောင်မြင်ဆုံးနည်းပြဖြစ်ခဲ့တဲ့ ဆာအဲလက်စ်ဖာဂူဆန် ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းရှိပါတယ်။ “ တိုက်စစ်က နိုင်ပွဲရစေပါတယ်၊ ခံစစ်ကတော့ ဆုဖလားရစေမှာပါ” ဆိုတဲ့ စကားပါ။ ဒီစကားက နာမည်ကျော်ကြားခဲ့ပြီး ခံစစ်တောင့်တင်းပါက ဆုဖလားရရှိဖို့
အခွင့်အလမ်းများတယ်လို့ ဆိုလိုခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ၂၀၁၈-၁၉ ဘောလုံးရာသီ စတင်ခဲ့တာ (၃)လရှိလာပြီ ဖြစ်ပါတယ်။ ဒီ (၃)လအတွင်းမှာ ခံစစ်ပိုင်းတောင့်တင်းမှုကို ပြသခဲ့တဲ့ ဥရောပကလပ်အသင်း (၅)သင်းကို ဖော်ပြပေးချင်ပါတယ်။

၅။ အင်တာမီလန်

အင်တာမီလန်က စီးရီးအေမှာ အဆင့် (၂)နေရာ ရပ်တည်နေပြီးခဲ့ပြီး ရမှတ် (၂၂)မှတ် ပိုင်ဆိုင်ထားပါတယ်။ ဒီရာသီမှာ အင်တာက စီးရီးအေမှာ (၇)ပွဲနိုင်၊ တစ်ပွဲသရေကျပြီး (၂)ပွဲ ရှုံးထားတာ ဖြစ်ပါတယ်။ စုစုပေါင်း ရဂိုး (၁၆)ဂိုးရှိပြီး ပေးဂိုးကတော့ (၆)ဂိုးသာ ရှိတဲ့အထိ အင်တာမီလန်က စွမ်းဆောင်ထားနိုင်ပါတယ်။ အင်တာနောက်တန်းမှာ မီရန်ဒါ နဲ့ ရှကရီနီယာတို့အတွဲက ခြေစွမ်းပြနေခဲ့ပြီး ဂိုးသမား ဟန်ဒါနိုဗစ်ကလည်း အကောင်းဆုံးလက်စွမ်းတွေ ပြသခဲ့တာကြောင့် အင်တာမီလန် ပေးဂိုးနည်းနေခဲ့တာ ဖြစ်ပါတယ်။ ဒီခြေစွမ်းကို ဘယ်လောက်ထိ သူတို့ ထိန်းသိမ်းနိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

၎။ ပီအက်စ်ဂျီ

ပီအက်စ်ဂျီကလည်း အင်တာမီလန်လိုပဲ ခံစစ်ပိုင်းမှာ ပေးဂိုး (၆)ဂိုးသာ ရှိထားပါတယ်။ လီဂူးလိဂ်မှာ ပီအက်စ်ဂျီက (၁၁)ပွဲလုံး အနိုင်ရရှိထားပြီး သွင်းဂိုးကတော့ (၃၉)ဂိုးတောင် ရှိနေပါတယ်။ ဥရောပရဲ့ ထိပ်တန်းလိဂ်တွေမှာ ကစားခဲ့တဲ့ အမှတ်ပေးပွဲတိုင်းကို အနိုင်ရတဲ့အသင်းက ပီအက်စ်ဂျီတစ်သင်းတည်းသာ ရှိပါတယ်။ နေမာ၊ ကာဗာနီ နဲ့ ဘတ်ပီတို့ရဲ့ အစွမ်းကြောင့် တိုက်စစ်ကောင်းမွန်နေသလို သီယာဂိုဆေးဗားလ်၊ မာကွင်ဟို့စ် နဲ့ ကင်ပမ်ဘီတို့ရဲ့ ခံစစ်ပိုင်းစွမ်းဆောင်ရည်ကလည်း ထိပ်တန်းအဆင့်မှာ ရှိနေခဲ့ပါတယ်။

၃။ အက်သလက်တီကိုမက်ဒရစ်

ဆီမြွန်နီရဲ့ အက်သလက်တီကိုကတော့ ခံစစ်ပိုင်းတောင့်တင်းတာ ပြောစရာလိုမယ်မထင်ပါဘူး။ ဒီရာသီ လာလီဂါမှာ ပေးဂိုး (၅)ဂိုးသာ ရှိသေးတဲ့ အသင်းဖြစ်ပြီး (၅)ပွဲနိုင်၊ လေးပွဲသရေကျပြီး တစ်ပွဲသာ ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။ အသင်းရဲ့ အဓိကနောက်ခံလူအဖြစ် ဒီယေဂိုဂိုဒင်က ရှိနေခဲ့ပြီး အသင်းကိုအကောင်းဆုံးစွမ်းဆောင်ရည်နဲ့ ဦးဆောင်နေတာ ဖြစ်ပါတယ်။ သူနဲ့တွဲဖက်တွေအဖြစ် ဆာဗစ်၊ ယီမင်နက်ဇ်တို့ ရှိနေပြီး တိုက်စစ်ပိုင်းကသာ အကောင်းဆုံးပုံစံပြန်ရလာမယ်ဆိုရင် ဆုဖလားတွေကို ခြိမ်းခြောက်နိုင်တဲ့ အသင်းဖြစ်လာမှာ သေချာပါတယ်။

၂။ လီဗာပူးလ်

ပြီးခဲ့တဲ့ရာသီက ခံစစ်ပိုင်း နဲ့ ဂိုးသမား အားနည်းချက်တွေကြောင့် ဆုဖလားတွေလက်လွှတ်ခဲ့ရတဲ့ လီဗာပူးလ်က ဒီရာသီမှာ ခံစစ်ပိုင်းအရည်အသွေး သိသိသာသာတိုးတက်လာခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ မန်စီးတီးနဲ့ ရမှတ်တူဦးဆောင်နေခဲ့ပြီး လီဗာပူးလ်က (၈)ပွဲအထိ အနိုင် ကစားထားကာ (၃)ပွဲသရေကျခဲ့ပြီး ရှုံးပွဲမရှိစံချိန်ကို ပိုင်ဆိုင်ထားပါတယ်။ ပေးဂိုး (၄)ဂိုးသာ ရှိသေးတဲ့ အသင်းခံစစ်ကို ဗန်ဒိုက် နဲ့ ဂျိုးဂိုမက်ဇ်တို့က ဦးဆောင်ကစားပေးနေပြီး ဂိုးသမားအယ်လစ်ဆန်ကလည်း လက်စွမ်းပြနေခဲ့ပါတယ်။ ကလော့ပ်အတွက်တော့ ခံစစ်ပိုင်းစွမ်းဆောင်ရည် တိုးတက်လာမှုက ဆုဖလားတွေကို စိန်ခေါ်နိုင်ဖို့အတွက် အကောင်းဆုံးအနေအထားကို ပိုင်ဆိုင်စေခဲ့ပါတယ်။

၁။ မန်စီးတီး

ခံစစ်ပိုင်းအကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေတာက မန်စီးတီးပါ။ သူတို့က ဒီရာသီမှာ ပေးဂိုး (၃)ဂိုးသာ ရှိသေးတာ ဖြစ်ပါတယ်။ (၃)ပွဲကစားမှ တစ်ဂိုးသာ ပေးရတဲ့ အနေအထားဖြစ်နေပြီး ခံစစ်ပိုင်း ကျစ်လစ်သိပ်သည်းမှုကို အကောင်းဆုံးဖော်ဆောင်ထားနိုင်တဲ့ အသင်းလည်း ဖြစ်ပါတယ်။ တိုက်စစ်ပိုင်းကလည်း တစ်ပွဲကို ပျမ်းမျှ (၃)ဂိုးနှုန်း သွင်းယူထားနိုင်တာကြောင့် တိုက်စစ်၊ခံစစ် တော်တော်လေး အားကောင်းတဲ့ အသင်းဖြစ်လာအောင် ဂွာဒီယိုလာက တည်ဆောက်ထားနိုင်တာဖြစ်ပါတယ်။ နောက်တန်းမှာ အရည်အသွေးမြင့် ကစားသမားတွေ အများအပြား ပိုင်ဆိုင်ထားပြီး ကွန်ပနီ၊ အော်တာမန်ဒီ၊ ဂျွန်စတုန်းစ်၊ လာပေါ့တ်တို့ ရှိနေလို့ ဘယ်ကစားသမားကိုပဲ အသုံးပြုပြု ခံစစ်ပိုင်းက တောင့်တင်းနေခဲ့တာ ဖြစ်ပါတယ်။

Fox Sports