မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံကစားသမား မာကိုရိုဂျိုက သူဟာ အသင်းနည်းပြ ဆိုးရှားရဲ့ နောက်ရာသီ အစီအစဉ်အတွေမှာ ပါဝင်နေသေးကြောင်း ထုတ်ပြောပြီး နောက်ရာသီမှာလည်း မန်ယူမှာပဲ ဆက်ရှိနေမယ်လို့ သတင်းပေးလာပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်ကို လက်လွှတ်ခဲ့ရပြီးနောက် ဆိုးရှားဟာ အသင်းကို အကျိုးမပြုတဲ့ ကစားသမားတွေကို ရောင်းချမယ်လို့ သတင်းတွေ ပေါ်ထွက်ခဲ့ပါတယ်။ ရိုဂျိုဟာ အဆိုပါ စာရင်းထဲမှာ ပါဝင်နေကြောင်း တွက်ဆနေကြပေမယ့် ကစားသမားကတော့ ယူနိုက်တက်မှာပဲ ဆက်ရှိနေဦးမယ့် သူ့အနာဂတ်ကို ထုတ်ဖော်ပြောကြားလိုက်ပါပြီ။

ရိုဂျိုက “ ခုချိန်ထိ ကျွန်တော် အသင်းမှာ ဆက်ရှိနေချင်ပါသေးတယ်။ ပြီးခဲ့တဲ့ ရာသီမကုန်ခင်ကလည်း နည်းပြနဲ့ ကျွန်တော် စကားတွေ ပြောဖြစ်ခဲ့ပါသေးတယ်။ သူက ကျွန်တော့်ကို သူ့ရဲ့ အစီအစဉ်တွေအကြောင်း ပြောပြခဲ့ပြီးပါပြီ။ ကျွန်တော်က သူ့အစီအစဉ်ထဲမှာ ပါဝင်နေတုန်းပဲလို့ သူက ပြောပါတယ်။

အသင်းအတွက် ပြန်ကစားပေနိုင်ဖို့ ကြံ့ခိုင်မှုအပြည့်အ၀ ပြန်ရချင်ပါတယ်။ ခုချိန်ကတော့ ခဏလောက်အနားယူပြီး မိသားစုနဲ့ အချိန်ဖြုန်းရမယ့် ကာလပါပဲ။ ပြီးရင်တော့ အင်္ဂလန်ကို ပြန်မှာပါ။ ဘိုကာဂျူနီယာအသင်း နည်းပြ နီကိုဘာဒစ်ဆိုက ကျွန်တော့်ကို ဆက်သွယ်ခဲ့ပါသေးတယ်။ သူက ကျွန်တော့်ကို သူ့အသင်းမှာ လာကစားစေချင်နေတာပါ။

ဘိုကာက အသင်းကောင်းတစ်သင်းပါပဲ။ ဒါပေမယ့် ကျွန်တော် ဥရောပမှာပဲ ဆက်ပြီး ကစားနေချင်ပါသေးတယ်။ ယူနိုက်တက်နဲ့လည်း ကျွန်တော့်စာချုပ်သက်တမ်းက (၃) နှစ် ကျန်နေပါသေးတယ်။ ကျွန်တော်ခုမှ (၂၉) နှစ်ပါ။ ကျွန်တော် အသင်းအတွက် အများကြီး ကစားပေးနိုင်ပါသေးတယ်။ “ လို့ ရိုဂျိုက ပြောကြားခဲ့တာ ဖြစ်ပါတယ်။