ဥရောပရဲ့ အတောက်ပဆုံး လူငယ်ကစားသမား ဒီလစ်ကို ခေါ်ယူနိုင်ဖို့အတွက် မန်ယူဘက်က အသုံးပြုမယ့် ပြောင်းရွှေ့ကြေးက ပေါင် သန်း ၇၀ ပေးသွားမှာဖြစ်တယ်လို့ အင်္ဂလန်သတင်းတွေက ဖော်ပြလာမှုနဲ့ တစ်ပြိုင်နက်မှာ ရေပန်းစားမှုအတွက် အလေးပေးခြင်းတွေလည်း မြင့်တက်လာပါတယ်။

မန်ယူဟာ နွေအပြောင်းအရွှေ့မှာ ကစားသမားကောင်းတွေ ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်မှုလို စိတ်ပျက်စရာ အနေအထားကို တုန့်ပြန်နိုင်ဖို့ ပြင်ဆင်လာနေတယ်။ ငယ်ရွယ်နုပျိုပြီး အလားအလာကောင်းတဲ့ ကစားသမားတွေကို ရှာဖွေနေတဲ့ မန်ယူဟာ ဒီလစ်ကို ချိတ်ဆက်နေတဲ့ သတင်းကြီးတွေ ထွက်ပေါ်ထားခဲ့ပါပြီ။

အားကစားဆိုင်ရာ စစ်တမ်းတွေကို ဖော်ပြနေတဲ့ OddsChecker ဝဘ်ဆိုဒ်က ဖော်ပြမှုမှာ ဒီလစ်ကို ခေါ်ယူနိုင်ဖို့ ရေပန်းစားမှု ထိပ်ဆုံးမှာ ဘာစီလိုနာက ၁/၂ နဲ့ ထိပ်ဆုံးမှာ ရှိနေဆဲဖြစ်ပေမယ့် မန်ယူက ၂/၁ နဲ့ ရေပန်းစားမှုရဲ့ ဒုတိယနေရာကို ရောက်လာခဲ့တာဖြစ်တယ်။

ဘာစီလိုနာနဲ့ မန်ယူနောက်မှာမှ မန်စီးတီးက ၆/၁ ၊ လီဗာပူးက ၈/၁ နဲ့ ဘိုင်ယန်က ၂၀/၁ ဖြင့် အစဉ်လိုက် ရပ်တည်နေပါတယ်။ အသက် ၁၉ နှစ်အရွယ် ခံစစ်မှူးဟာ အေဂျက်ကနေ ထွက်ခွာပြီး ဥရောပထိပ်တန်းအသင်းတွေကို ပြောင်းရွှေ့ဖို့မှာ ဘာစီလိုနာကို ရောက်ဖို့တော့ ရေပန်းအစားဆုံး ဖြစ်နေဆဲပါ။

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို အေဂျက်အသင်း တက်ရောက်နိုင်အာင် ပို့ဆောင်ပေးခဲ့တဲ့ ကစားသမားတွေထဲမှာ အဓိက အကျသူဖြစ်တဲ့ ဒီလစ်ကို ခေါ်ယူဖို့ မန်ယူဘက်က ကမ်းလှမ်းမှုဟာ ခံစစ်သမားတစ်ဦးအတွက် ကမ္ဘာစံချိန်တင်ကြေးထက် ၅ သန်းပဲ လျော့နည်းမှာဖြစ်ပါတယ်။