ဂျိမ်းစ်မီလ်နာက ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်မှာတုန်းက နူးကမ့်မှာယှဉ်ပြိုင်ခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာ မက်ဆီဟာ ၄င်းကို ဒေါသ ထွက်နေခဲ့ပြီး စပိန်အသုံးအနှုန်းတွေနဲ့ စော်ကားပြောဆိုခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

” မက်ဆီဟာ တောက်လျှောက် မပျော်မရွှင်ဖြစ်နေခဲ့တာပါ၊ သူဟာ ပထမပိုင်းပြီးလို့ ဥမင်ထဲကို ဝင်သွားတဲ့အချိန်မှာလည်း စပိန်လို စကားတွေ အများကြီးပြောပြီး ထိုးနှက်ခဲ့ပါတယ်၊ မင်း အဆင်ပြေရဲ့လားလို့ ကျွန်တော် သူ့ကိုမေးလိုက်ပါသေးတယ်၊ ဒါပေမယ့် သူ အဆင်ပြေပုံမရပါဘူး၊ ပြီးတော့ ကျွန်တော် စပိန်လိုနားလည်တယ်ဆိုတာလည်း သူမသိခဲ့ဘူးထင်ပါတယ်၊ ” လို့ မေနာက ဆိုပါတယ်။

လီဗာပူး ကွင်းလယ် တိုက်စစ်သမား ကိတ်တာက ကြံ့ခိုင်မှု အပြည့်အ၀ မရှိသေးပေမယ့် ၄င်းရဲ့ နိုင်ငံအသင်း ဂူနီယာက အာဖရိကဖလားပြိုင်ပွဲ ကစားဖို့ လက်ရွေးစင်အသင်းမှာ ရွေးချယ်ထားပါတယ်။

မာတစ်နဲ့ဂိုမက်ဇ်တို့က လီဗာပူးအသင်း ဗဟိုခံစစ်မှာ ဗန်ဒိုက်နဲ့ အကောင်းဆုံး တွဲဖက် ကစားနိုင်ကြောင်း ပြသခဲ့ပြီး ဖြစ်လို့ နောက်ထပ် ဗဟိုခံစစ်မှူးတစ်ယောက် ဒီလစ်ကို ခေါ်ယူမယ်ဆိုရင် ရူးမိုက်ရာ ကျမယ်လို့ ခံစစ်မှူးဟောင်း ကာရေဂါက မှတ်ချက်ပြုလိုက်ပါတယ်။

ရိမ်းဂျားစ်အသင်းဟာ လီဗာပူးလူငယ် တောင်ပံတိုက်စစ်သမား အိုဂျိုကို အငှားခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ထားပါတယ်။ အိုဂျိုက ပြီးခဲ့တဲ့ရာသီ ပြင်သစ်ကလပ် Stade Reims ထံ အငှား သွားရောက် ကစားဖူးပါတယ်။ အိုဂျိုဟာ ရိမ်းဂျားစ်သို့ မသွားခင် လီဗာပူးနဲ့ ၅ နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုသွားဖွယ် ရှိပါတယ်။

လီဗာပူး အသင်းဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ စပါး အသင်းကို အနိုင်ရရှိခဲ့ပါက ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA) ထံမှ ဆုကြေးငွေ ပေါင် (၉၄.၆) သန်း ရရှိသွားမည် ဖြစ်ကြောင်း သိရှိရပါတယ်။ စပါး အသင်းကမူ အဆိုပါ ပွဲကို အနိုင် ရရှိပြီး ချန်ပီယံလိဂ် ဖလားကို ရရှိခဲ့ပါက ဆုကြေးငွေ ပေါင် (၉၃) သန်း ရရှိ သွားမှာ ဖြစ်ကြောင်းလည်း သိရှိရပါတယ်။

လီဗာပူးအသင်းကြီးမှာ နေရာမရတဲ့ ဟယ်ရီ ၀ီလ်ဆန်က ဒါဘီသာ playoff ကစားအပြီး ပရီးမီးယားလိဂ်သို့ တန်းတက်လာခဲ့ရင် အပြီးသတ် ပြောင်းရွှေ့ဖို့ လိုလားနေပါတယ်။ ဒါပေမယ့် ၄င်းအတွက် တန်ကြေးက ပေါင် ၂၅ သန်းခန့် ဖြစ်မှာပါ။

လီဗာပူးနဲ့ စပါးအသင်းသား အင်္ဂလန်သားတွေဟာ နှစ်ဘက်အသင်း ဆီမီးဖိုင်နယ် ကျော်ဖြတ်လာပြီးနောက် ဂုဏ်ပြုမက်ဆေ့ အနည်းငယ် အပြန်အလှန်ပေးပို့ခြင်း နောက်ပိုင်း အဆက်အသွယ် မရှိတော့ကြောင်း သိရပါတယ်။

ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက် ပရီးမီးယားလိဂ် ကလပ်နှစ်သင်းမှ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ နာမည်ကျော် ကစားသမားများ ပါရှိပြီး လီဗာပူးမှာ ဟန်ဒါဆန်၊ ထရန့် အလက်ဇန္ဒါး အာနိုး၊ ချိန်ဘာလိန်၊ ဂျိုးဂိုမက်ဇ်တို့ ရှိပါတယ်။ စပါးအသင်းဘက်မှာ အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်း၊ အလီ၊ ထရစ်ပီယာ အစရှိသဖြင့် ပါဝင်နေတာပါ။

ပြီးခဲ့တဲ့နွေမှာ လီဗာပူးမှ ဂျူဗင်တပ်သို့ ပြောင်းရွှေ့သွားခဲ့တဲ့ ကွင်းလယ်ကစားသမား အမ်မရေချန်က အန်းဖီးက ထွက်ခွာလာခဲ့ခြင်းဟာ အချိန်ကိုက် မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။