လီဗာပူးအသင်းဟာ စက်တင်ဘာလ နိုင်ငံတကာ သီတင်းပတ် မတိုင်ခင် ကစားရတဲ့ ပရီးမီးယားလိဂ်ပွဲ ၃ ပွဲမှာ ၂ ပွဲနိုင် ၁ ပွဲ သရေကျပြီး ရမှတ် ၇ မှတ် စုဆောင်းထားနိုင်ပြီဖြစ်ပါတယ်။

ဒီကာလတွေအတွင်း ဗန်ဒိုက်နဲ့ မာတစ်တို့ ကြံ့ခိုင်မှု ပြန်လည် တိုးတက်လာနေပြီး ပုံစံကောင်းတွေ ပြန်ရလာနေခဲ့ပြီဖြစ်တယ်။ ပထမ နှစ်ပွဲမှာ ယာဂင်ဟာ ကစားသမား ရွေးချယ်စရာတွေပါ ကြွယ်ဝလာခဲ့ကာ တိုက်စစ်ပိုင်းနဲ့ ကွင်းလယ်ပိုင်းတွေကို လိုအပ်သလို လှည့်သုံးနိုင်စွမ်းတွေပါ ရှိနေခဲ့ပါတယ်။

အန်ဖီးကွင်းက ချယ်ဆီးနဲ့ပွဲပြီး ခရာမှုတ်ခဲ့ချိန်မှာ အနိုင် သုံးမှတ် မရခဲ့တာအတွက် ပရိသတ်တွေက စိတ်ပျက်နေခဲ့ကြတာဖြစ်တယ်။ ဥရောပချန်ပီယံတွေကို ဧည့်ခံကစားတဲ့ပွဲမှာ အမှတ်ပေးဖလားရဲ့ အဓိက စိန်ခေါ်သူကို အနိုင်မရခဲ့ခြင်းနဲ့အတူ အသင်းရဲ့ ကစားဟန်အပေါ် မေးခွန်းထုတ်မှုတွေ များခဲ့ပါတယ်။

ပထမပိုင်းမှာ လီဗာပူးရဲ့ ကစားပုံက တက်ကြွနေခဲ့ပေမယ့် ဒုတိယပိုင်း တစ်လျှောက်လုံးမှာ ချယ်ဆီးအသင်းက ၅-၃-၁ ကစားကွက်ဖြင့် ခံစစ်ကို ပိတ်ကစားချိန်မှာတော့ လီဗာပူးရဲ့ ကစားနိုင်စွမ်းက ကျဆင်းခဲ့တာပါ။ စိတ်ပြင်းပြစွာ အားထုတ်ခြင်း နည်းပါးခဲ့ပြီး ဘောလုံးပေးမှုတွေ နှေးကွေးခြင်းနဲ့ ကစားဟန် ကြိုတင်မှန်းဆရ လွယ်ကူခြင်းဟာ အားနည်းချက်ဖြစ်လာခဲ့တယ်။

ချယ်ဆီးရဲ့ ခံစစ် သိပ်သည်းကျစ်လစ်တယ်လို့ မြင်ကြရအောင်ကို လီဗာပူးရဲ့ အဆုံးသတ်ဇုန်အတွင်း ရုန်းကန်မှုက ထိရောက်မှု အားနည်းခဲ့တယ်။ ကွင်းထဲမှာ ကစားသမားတွေ လှုပ်ရှား အားထုတ်နေပေမယ့် ဆုံးဖြတ်ချက် လုပ်ဆောင်မှုတွေက ရဲရင့်ပြတ်သားခဲ့ခြင်း မရှိသလို တောင်ပံဧရိယာကို အပိုင်စားရထားမှုကနေ အတွင်းကို ထိုးဖောက် မဝင်နိုင်ခဲ့ပါဘူး။

ယာဂင်ကလော့ပ်က “ ဧရိယာထဲ ခံစစ်သမား ၉ ဦးလောက် ဝင်လိုက် ထွက်လိုက် ရှိနေတဲ့ ပုံကို ရင်ဆိုင်ရချိန်မှာ ကိုယ်က ဖန်တီးမှုတွေပြီးရင်း ဖန်တီးမှုတွေ လုပ်နေဖို့ လိုပါတယ်။ ကျနေ်ာတို့ အဲ့လိုတွေ လုပ်နိုင်ခဲ့လား? မလုပ်နိုင်ခဲ့ပါဘူး။ ကောင်းကောင်းကစားခဲ့လား? ကစားခဲ့ပါတယ်။ ပိုကောင်းကောင်း လုပ်နိုင်သင့်လား? သေချာတာပေါ့၊ ပိုကောင်းကောင်း လုပ်နိုင်သင့်တာပါ။

ဒါပေမယ့်လို့ ရာသီအစမှာတင် ခက်ခဲတဲ့ ပြိုင်ဘက်ကို ရင်ဆိုင်ကစားရတာ ဖြစ်ပါတယ်။ ကျနေ်ာတို့ ပိုလုပ်နိုင်သင့်တာ မှန်တယ်။ ပိုပြီး အလိုရမ္မက်ကြီးကြီးနဲ့ အဆုံးသတ်ပိုင်းနေရာမှာ စိတ်ပိုင်းဖြတ်မှုတွေ လုပ်နိုင်တာမျိုးကို ကျနော် လိုချင်ပါတယ်။ ဒါပေမယ့်လို့ ဒီပွဲကို သဘောကျပါတယ်။ ကွင်းထဲက အားပေးနေကြတဲ့ ပုံစံကိုလည်း ကြိုက်ပါတယ် ” လို့ ဆိုခဲ့တယ်။

ပထမပိုင်းက ရိစ်ဂျိမ်းရဲ့ အနီကဒ်ဟာ လီဗာပူးအတွက် တကယ်ပဲ အကျိုးဖြစ်ရဲ့လားဆိုတာက ပြောဖို့တောင် ခက်ပါတယ်။ ဒုတိယပိုင်းမှာ ၁၀ ယောက်ကျန် ချယ်ဆီးအသင်းနဲ့ ကစားရစဉ် လီဗာပူးက ပြစ်ဒဏ်ဘော တစ်ကြိမ်တောင်မှ ခွင့်ပြု ခံရခြင်း မရှိပါဘူး။ ချယ်ဆီး အသင်းသားတွေနဲ့ ဘောလုံး ထိချက်တိုင်းမှာ တစ်ကြိမ်မှ အနိုင်မရခဲ့တာအတွက် ကိုယ်ဘာသာပဲ ဝေဖန် ပြစ်တင်ရမှာဖြစ်တယ်။

ဧရိယာဘောက်တစ်ဝိုက် ခံစစ်ပိတ်ထားတဲ့ အသင်းကို ရင်ဆိုင်ရာမှာ နေရာလွတ်တွေ အနည်းငယ်ပဲ ရလေ့ရှိပြီး ဒီအနေအထားကို ကိုင်တွယ်နိုင်ရေးဟာ လိုအပ်ချက်ကြီးတစ်ခု ဖြစ်နေခဲ့ပါတယ်။ ခံစစ်ပိတ်ကစားတဲ့ အသင်းတွေကို ခြားနားတဲ့ နည်းလမ်းတွေဖြင့် တုန့်ပြန်နိုင်ဖို့ရာ လီဗာပူးဟာ ပေါက်ကွဲအားကောင်းပြီး နေရာစုံ ကစားနိုင်တဲ့ တိုက်စစ်သမားတစ်ဦး လိုအပ်နေခဲ့တာဖြစ်တယ်။

ဒီနေရာအတွက် အားဖြည့်မှုကို အပြောင်းအရွှေ့ ဈေးကွက်ကနေ ရှာဖွေသွားနိုင်မလား၊ ဘယ်လို အဖြေထုတ်မလဲဆိုတဲ့ တာဝန်က ကလော့ပ်ရဲ့ ပုခုံးထက်ပေါ် ကျရောက်နေခဲ့ပြီဖြစ်ပါတယ်။