အာဆင်နယ်နဲ့ မန်ယူတို့ စိတ်ဝင်စားနေတဲ့ အက်သလက်တီကိုအသင်းမှ ကွင်းလယ်လူ သောမက်စ်ပါတေးကို ဒီနွေမှာ ခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေးက ပေါင် 43.5 သန်း ဖြစ်တယ်လို့ ကစားသမားရဲ့ အေးဂျင့်က ပရီးမီးယားလိဂ်ကလပ်တွေကို သတင်းစကား ပေးလာပါတယ်။

ယူရိုပါလိဂ် ဗိုလ်လုပွဲ အတွက် အာဆင်နယ်အသင်းဟာ အဇာဘိုင်ဂျန်သို့ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ ခရီးစဉ်မှာ သတင်းများအတိုင်း မီခီတာရန် မပါဝင်ပေမယ့် တိုက်စစ်မှူး ဒန်နီ ၀ဲလ်ဘတ် လိုက်ပါသွားပါတယ်။

အာဆင်နယ်ဟာ အက်ဖ်စီ လောရန့်အသင်းမှ အသက် ၂၀ အရွယ် ကွင်းလယ်ကစားသမား Alexis Claude-Maurice ကို ယူရို ၇ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။

အီတလီ စီးရီးအေ ကလပ် လာဇီယို အသင်းဟာ အာဆင်နယ် အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ ဝဲလ်ဘတ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ဝဲလ်ဘတ်ဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးမှာ ဖြစ်လို့ လာဇီယို အသင်း အနေနဲ့ အလွတ် ပြောင်းရွှေ့ကြေး နဲ့ ခေါ်ယူနိုင်မှာပါ။

ဖူဟမ်အသင်းမှာ အငှားသွားရောက် ကစားနေခဲ့တဲ့ အာဆင်နယ် ခံစစ်မှူး ချမ်ဘာဟာ ဖူဟမ်ရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆု ရရှိသွားပါတယ်။

အာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်းဂါးကြီးကို ဂျပန်ကလပ် Vissel Kobe အသင်းက ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။ အဆိုပါ ဂျပန် ကလပ်မှာတော့ ဘာစီလိုနာ ဂန္တဝင်ကြီး အင်နီယေစတာ၊ ကမ္ဘာဖလားချန်ပီယံဟောင်း ဒေးဗစ်ဗီလာ၊ ဘိုင်ယန်မြူးနစ်နဲ့ အာဆင်နယ် တိုက်စစ်မှူးဟောင်း ပိုဒေါစကီးတို့ ကစားနေကြတာဖြစ်တယ်။

အာဆင်နယ်အသင်းဟာ မန်ယူနဲ့ အပြိုင် ပီအက်စ်ဂျီကွင်းလယ်သမား ရာဘီရော့ဘ်ကို ခေါ်ယူဖို့ ကြိုးစားလာပါတယ်။ ပီအက်စ်ဂျီနဲ့ စာချုပ် ကုန်ဆုံးလို့ ထွက်ခွာလာမှာ ဖြစ်တာကြောင့် ၄င်းကို ပြောင်းရွှေ့ကြေး အလွတ်နဲ့ ခေါ်ယူနိုင်မှာပါ။