FSG အမြဲလုပ်လေ့ရှိတဲ့ စီးပွားရေး စံနည်းလမ်းကတော့ ကလပ်ရဲ့ အပြောင်းရွှေ့ ကိစ္စတွေမှာ ကစားသမား ရောင်းချလို့ရတဲ့ ငွေကြေးတွေကနေသာ ကစားသမားသစ် ဝယ်ယူမှုအတွက် သုံးစွဲရမယ်ဆိုတဲ့ အချက်ပါပဲ။

လီဗာပူးနဲ့ နီးစပ်သူတွေထံက ကြားသိရမှုမှာတော့ အားကစားဒါရိုက်တာ မိုက်ကယ် အတ်ဝပ်အနေနဲ့ အန်ဖီးမှာ ဝင်ငွေ ထွက်ငွေ မျှတအောင် အဓိက အာရုံစိုက်ပေးရသူဖြစ်ပြီး ကိုဗစ်ကြောင့် ဝင်ငွေလျော့နည်းခြင်းဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ကလပ်ရဲ့ ငွေဖြုန်းဖို့ တွန့်တိုနေမှုအတွက် အဓိက အကြောင်းရင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

ကလပ်ရဲ့ နွေခေါ်ယူမှုဟာ ပရိသတ်တွေ ကျေနပ်စေတဲ့ ဈေးကွက်လှုပ်ရှားမှု မဖြစ်ခဲ့ဘူး။ FSG ရဲ့ လီဗာပူးအသင်းအပေါ် ရင်းနှီးမြုပ်နှံမှုပေါ်မှာ ကစားသမားဟောင်းကြီး ကာရေဂါက သူ့အမြင်တွေကို အခုလို ဖွင့်ဟသွားပါတယ်။

ကာရေဂါက “ လီဗာပူး ငွေမသုံးတာနဲ့ ပတ်သက်လို့ ကျွန်တော် မစိုးရိမ်ပါဘူး။ ဒါက သူတို့ရဲ့ အခြေခံ စံနည်းလမ်းပါပဲ။ လီဗာပူးရဲ့ ပိုင်ရှင်တွေက မန်စီးတီးတို့၊ ရိုမန် အေဘရာမိုဗစ်တို့လို ဓနအင်အား မတောင့်တင်းသလို မန်ယူနိုက်တက်လိုမျိုး ဝင်ငွေများစွာ မရပါဘူး။

FSG ရောက်လာကတည်းက လီဗာပူးမှာ စံတစ်ခု ရှိခဲ့ပြီးတော့ အဲ့ဒါက အလုပ်ဖြစ်ခဲ့ပါတယ်။ သူတို့ရဲ့ စီးပွားရေး အကွက်မြင်မှုတွေကြောင့် ဈေးကွက်မှာ အကောင်းဆုံး စီမံခန့်ခွဲနိုင်သူတွေအဖြစ်ပါ သတ်မှတ်ခံလာရတယ်။ လီဗာပူး မလုပ်တဲ့အရာက ရူးကြောင်ကြောင် ဆုံးဖြတ်ချက်တွေနဲ့ ဈေးကွက်မှာ ပေါက်ကရ မလုပ်တာပဲ။ ကျွန်တော်တို့ ကစားသမားဘဝတုန်းကတော့ ကလပ်က အဲ့လို အပြောင်းအရွှေ့တွေ လုပ်ခဲ့တယ် ထင်ပါတယ်။

ဇန်နဝါရီတုန်းက ဗဟိုနောက်ခံလူ ခေါ်ယူဖို့ လိုအပ်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ ပရိသတ်တွေက လီဗာပူးကို ဝေဖန်ခဲ့ကြတယ်။ ဒါပေမယ့် အဆုံးမှာတော့ သူတို့ လိုချင်ခဲ့တဲ့သူကို မရခဲ့ပါဘူး။

ဒီနွေမှာလဲ ချယ်ဆီးက လူကာကူကို ဈေးကြီးပေး ခေါ်ယူတာတွေ မြင်ရတဲ့အခါ လီဗာပူးကိုလဲ လူသစ်ထပ်ခေါ်ဖို့ ပရိသတ်တွေက စောင့်မျှော်ခဲ့ကြတယ်။ ဒါပေမယ့် လီဗာပူးက အသက် ၂၈ နှစ်အရွယ် အဲ့လောက် ပိုက်ဆံအများကြီး ပေးခေါ်မှာ မဟုတ်ဘူး။ ဟယ်ရီကိန်းတို့၊ ၃၆ နှစ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုလို ကစားသမားတို့ကို သူတို့ ခေါ်မှာ မဟုတ်ပါဘူး။

သူတို့မှာ လူသစ်ခေါ်ယူမှုနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်မူရှိထားခဲ့တယ်။ အဲ့ဒါကလည်း အောင်မြင်ခဲ့တယ်ဆိုတာ အားလုံး အမြင်ပါပဲ။ ဒီလို အောင်မြင်ခဲ့တာကြောင့်လည်း လီဗာပူး၊ အတ်ဝပ်နဲ့ FSG တို့ကို ဝေဖန်ဖို့ဆိုတာ တကယ်ခက်တဲ့ကိစ္စ ဖြစ်လာခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။

ဒီနှစ်ထဲမှာ ကျွန်တော်တို့က သူများကလပ်တွေလို ဝင်ငွေ မရှိပါဘူး။ စပွန်ဆာ စာချုပ်သစ်တွေ ချုပ်ရမှ ဝင်ငွေရမှာပါ။ နောက်ရာသီမှာတော့ ကျွန်တော်တို့ ဈေးကွက်ထဲမှာ အသုံးစရိတ်တချို့ ရရှိမှာ သေချာပါတယ် ” လို့ သူပအမြင်ကို ပြောပါတယ်။

လီဗာပူးတို့ ပြိုင်ဘက်တွေရဲ့ ငွေသုံးကြမ်းမှုကို လိုက်မမီနိုင်ခဲ့တဲ့ တခြား အကြောင်းရင်းတစ်ခုက FSG ဟာ အဓိက ကစားသမားတွေကို ကာလရှည် စာချုပ်သစ်တွေချုပ်ဖို့ကို အဓိက အာရုံစိုက်ခဲ့တာဖြစ်တယ်လို့ အသင်းသတင်းထောက်တွေက မှတ်ချက်ပေးထားပါတယ်။ ဒီနွေမှာ အယ်လီဆန်၊ ရော်ဘတ်ဆန်၊ ဗန်ဒိုက်၊ ဖာဘင်ညို၊ ဟန်ဒါဆန်၊ ထရန့်တို့ကို စာချုပ်သစ် ချုပ်ခဲ့သလို မကြာခင်မှာ မာနေးနဲ့ ဆာလာတို့ရဲ့ အလှည့် ရောက်ရှိလာဖို့လဲ မျှော်လင့်ရပါတယ်။

အဲ့ဒီ့ စာချုပ်သက်တမ်းတိုးမှုများစွာက ကလပ်အတွက် ပေါင် သန်းနဲ့ချီ ကုန်ကျစေခဲ့ပေမယ့် အတ်ဝပ်နဲ့ ကလော့ပ်တို့က ကစားသမားသစ် ခေါ်ယူဖို့ထက် ရှိတဲ့ လူတွေကို ထိန်းသိမ်းနိုင်ဖို့က ပိုအရေးကြီးတယ်လို့ ယူဆထားတာပါ။

ကာရေဂါကပဲ “ကျွန်တော် လီဗာပူးအတွက် ကစားပေးခဲ့တုန်းကဆိုရင် အရည်အချင်းရှိတဲ့ ကစားသမားများစွာာက ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့ကို ထွက်သွားကြတာကြောင့် ကျွန်တော်တို့တွေ ကစားသမားတွေ အတော်ဆုံးရှုံးခဲ့ရတယ်။

ချယ်ဆီးနဲ့ မန်စီးတီးတို့က ပေါင်သန်း ၁၀၀ နီးပါးနဲ့ ကစားသမားသစ် ဝယ်တာတွေ၊ ယူနိုက်တက်က ခရစ္စတီယာနိုကို ခေါ်ယူနိုင်တာတွေ မြင်ရတော့ ဈေးကွက်မှာ ဘာမှမလုပ်တဲ့ လီဗာပူးကို ပရိသတ်တွေ စိတ်ပျက်နေတာ သိပါတယ်။ ဒါပေမယ့် လီဗာပူး သုံးမယ့် ငွေများစွာက ကစားသမားတွေရဲ့ လစာအတွက် ဖြစ်မှာပါ။ လူတွေက ဒါကို သိပ်သဘောမပေါက်ကြပါဘူး။

ဒါပေမယ့် ဒီခေတ်မှာ စာချုပ် လေးငါးနှစ်ချုပ်ရင် ပေးချရတဲ့ လစာငွေပမာဏက ပြောင်းရွှေ့ကြေးလောက် နီးပါး ပါပဲ။ ဒါကြောင့် နောက်နွေရာသီမှာ လီဗာပူးက ဈေးကွက်ကို တိုက်ခိုက်ဖို့ ပိုမျှော်လင့်နေမှာဖြစ်ပြီး ဒီနွေကတော့ ရှိတဲ့လူတွေကို စာချုပ်သက်တမ်းတိုးဖို့ ဖြစ်ခဲ့ပါတယ်”လို့ သုံးသပ်သွားခဲ့တာပဲ ဖြစ်ပါတယ်။