ဂျူဗင်တပ်က ၄င်းတို့ရဲ့ကွင်းလယ်လူဟောင်း ပေါ့ဘာကို ပြန်လည် ခေါ်ယူလိုနေတာကြောင့်တိုက်စစ်မှူး ဒိုင်ဘားလားနဲ့ နောက်ခံလူ အဲလက်စ် ဆန်ဒရိုတို့ နှစ်ဦးစလုံးကို အလဲအထပ်သဘောမျိုးပေးပြီးယူနိုက်တက်ကိုကမ်းလှမ်းဖို့ ဆန္ဒရှိနေပါတယ်။

မန်ယူက ဘက်တစ် အသင်းရဲ့ ဘယ်နောက်ခံလူ ဖာပိုကို ခေါ်ယူဖို့ ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိကြောင်း စပိန် နာမည်ကြီး AS သတင်းစာမှာ ဖော်ပြထားပါတယ်။ အသက် (၂၂) နှစ် အရွယ် ခံစစ်မှူးကို ခေါ်ယူဖို့ ရီးရဲလ် မက်ဒရစ် အသင်းကလည်း စိတ်ဝင်စားခဲ့ဖူးပြီး မန်ယူက စပိန် ယူ- ၂၁ လက်ရွေးစင်ကစားသမား အတွက် ပေါင် (၂၆) သန်း ပေးချေရန် ပြင်ဆင်နေပါတယ်။

ရာကီတစ် အနေနဲ့ မန်ယူအသင်း ကမ်းလှမ်းလာရင် လက်မခံဘဲငြင်းဆန်ပြီး ဘာစီလိုနာအသင်းမှာဆက်နေဖို့ စာချုပ်သက်တမ်း တိုးမြှင့်တာက မှန်ကန်တဲ့ လုပ်ရပ် တစ်ခုဖြစ်ကြောင်း ဘာစီလိုနာ တိုက်စစ်မှူးဟောင်း ရီဗယ်လ်ဒိုက ယုံကြည်နေပါတယ်။

မန်ယူ နည်းပြ ဆိုးလ်ရှားက အသင်းရဲ့ နောက်ခံလူ ရိုဟိုကို ရောင်းချဖို့ မရှိဘဲ အသင်းမှာ ဆက်ထားဖို့ ပြင်ဆင်နေတယ်လို့ သိရှိရပါတယ်။ အာဂျင်တီးနား နောက်ခံလူဟာ ပြီးခဲ့တဲ့ ရာသီမှာ ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတာကြောင့် အသင်း အတွက် (၆) ပွဲသာ ပါဝင် ကစားပေးနိုင်ခဲ့ပြီး အသင်းက ထွက်ခွာဖို့ သတင်းများ ကျယ်လောင်စွာ ထွက်နေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

ရီးရဲလ်က ထွက်ခွာလိုနေတဲ့ ရာမို့စ်ကို ခေါ်ယူဖို့ ယူနိုက်တက်ဘက် က လှုပ်ရှားမှုများ စတင်ထားပြီး ရီးရဲလ်မက်ဒရစ်ကလည်း ဆွေးနွေးဖို့ တံခါးဖွင့်ထားကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ကာလရှည်စောင့်ကြည့်နေခဲ့တဲ့ အင်တာမီလန် ခံစစ်မှူး မီလန် စကရင်နီရာ အတွက် တိုက်စစ်မှူး လူကာကူနဲ့ အလဲအထပ် ပြုလုပ်လိုနေပါတယ်။ အင်တာဘက်ကတော့ လူကာကူအတွက် ပါရီဆစ်နဲ့ ပေါင် သန်း ၃၀ ပေးကာ ကမ်းလှမ်းလိုနေတာပါ။

မန်ယူ ခံစစ်မှူး ရိုဂျိုက ဒီနွေမှာ အသင်းကနေ ထွက်ခွာသွားမယ် ကြံရွယ်ထားသော်လည်း ဆိုးရှားနဲ့ ပြောဆိုဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် နောက်ရာသီ အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်လိုက်ကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

မန်ယူအသင်းရဲ့ နည်းပြဟောင်းကြီး ဖာဂူဆန်ဟာ အသင်းရဲ့ နည်းပြချုပ် နေရာကို လက်ရှိ နည်းပြ ဆိုးလ်ရှားထက် စပါး နည်းပြ ပိုချက်တီနိုကို သာ ပိုမို အလိုရှိခဲ့ကြောင်း သိရပါတယ်။ ဆိုးလ်ရှားဟာ မော်ရင်ဟို အထုတ်ပယ်ခံရပြီးနောက်ပိုင်း အသင်းကို ယာယီ နည်းပြ အဖြစ် ကိုင်တွယ်ခဲ့တာ ဖြစ်ပြီး လက်ရှိ အချိန်မှာတော့ (၃) နှစ် စာချုပ် နဲ့ အတူ အမြဲတမ်း နည်းပြ အဖြစ် ခန့်အပ်ခံခဲ့ရပြီးလည်း ဖြစ်ပါတယ်။