ဥရောပအကောင်းဆုံး ကစားသမား ဆုရခဲ့ဖူးတဲ့ ဗဟိုခံစစ်မှူးဗန်ဒိုက်ရဲ့ ကစားပုံကို ကြည့်ရင်း အတိတ်တုန်းက ကလပ်ရဲ့ ဂန္တဝင် ခံစစ်မှူးရဲ့ ခြေစွမ်းတွေကို ပြန်မြင်ယောင်မိပါတယ်လို့ လီဗာပူးကစားသမားဟောင်း မက် လော်ရန်ဆန် (လော်ရိုး) က ထုတ်ပြောလာပါတယ်။

ဗန်ဒိုက်အတွက် ဘောလုံးကစားတာက လွယ်လွန်းနေသလို သူဟာ သူ့ရဲ့ ခံစစ်အသင်းဖော်တွေဆီကနေ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ရရှိအောင်လဲ ဦးဆောင်ပေးနိုင်တယ်လို့ လော်ရန်ဆန်က ဆိုပါတယ်။

ဗန်ဒိုက်ဟာ မနှစ်က ဘောလုံးရာသီ တစ်ခုလုံးနီးပါးကို ပြင်းထန် ဒူးဒဏ်ရာကြောင့် လွဲချော်ခဲ့ရာက လီဗာပူးကလည်း ထိပ်ဆုံး လေးသင်း ဝင်ခွင့်အတွက်တောင် ရုန်းကန်ခဲ့ရတာပါ။ ဒီရာသီမှာ ဗန်ဒိုက် ဒဏ်ရာကနေ ပြန်ကောင်းလာတဲ့နောက် လီဗာပူးခံစစ်ရဲ့ ဗဟိုချက်မမှာ ပြန်လည် ပါဝင်နေပြီ ဖြစ်ပါတယ်။

လီဗာပူးအသင်းမှာ ဗန်ဒိုက်ရဲ့ စွမ်းဆောင်ရည်တွေဟာ ကလပ်ရဲ့ အအောင်မြင်ဆုံး ကာလတွေဖြစ်တဲ့ ၁၉၇၀ နဲ့ ၁၉၈၀ ကြား အန်ဖီးအသင်းနဲ့အတူ အဓိကဖလား ၂၅ လုံး အောင်မြင်ခဲ့တဲ့ အလန် ဟန်ဆင်နဲ့တောင် နှိုင်းယှဉ်လို့ရတယ်လို့ လော်ရန်ဆန်က ဆိုပါတယ်။

လော်ရန်ဆန်က “ ဘောလုံးကစားတာက ဗန်ဒိုက်အတွက် လွယ်ကူလွန်းနေပါတယ်။ သူ့ကို ကြည့်ရတာ ဟန်ဆင် ကစားခဲ့တုန်းကလိုပဲ။ အရမ်းလွယ်လွန်းနေတယ်။ သူ့ဂျာစီက ဘယ်တော့မှ မညစ်ပတ်နေဘူး။ ‘ဘာတွေဖြစ်နေတာလဲ’ လို့တောင် ပြန်မေးရတဲ့ပုံစံမျိုး။

သူများတွေက ချွေးတွေ၊ နှပ်တွေနဲ့ အင်္ကျီတခုလုံး ပေကျံလာချိန်မှာ သူက အေးဆေး လမ်းလျှောက်သွားပြီးတော့ ဝတ်စုံသမားကို သူ့ဂျာစီ ပေးပြီး ဒါကို လျှော်စရာတောင် မလိုဘူးလို့ ပြောလိုက်ရုံပဲ။ လူတိုင်းက ဗန်ဒိုက်အကြောင်း ပြောနေကြတယ်။ ကျွန်တော့် စိတ်ထင် ဟန်ဆင်က သူနဲ့ နှိုင်းယှဉ်ရမယ့် အနီးစပ်ဆုံး ကစားသမားမျိုးပဲလို့ ထင်မိတယ် ” လို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

လီဗာပူးဟာ မန်စီးတီးထံကနေ ပရီးမီးယားလိဂ်ဖလား ပြန်လည်ရယူဖို့ အလိုရှိနေသလို အသက် ၃၀ အရွယ် ခံစစ်မှူးဟာ မာဆေးဆိုက်သားတွေကို ရာသီအစ ရှုံးပွဲမရှိအောာင် ကူညီပေးထားနိုင်နေတယ်။ ပွဲတွေ ကစားလာနိုင်တာနဲ့အမျှ ဗန်ဒိုက်ထံက အကောင်းဆုံး ခြေစွမ်းတွေ ပြန်လည် မြင်နေရတာဖြစ်ပါတယ်။

၁၉၈၁ ကနေ ၁၉၈၈ အတွင်း လီဗာပူးအတွက် ပွဲပေါင်း ၃၅၆ ပွဲ ကစားပေးခဲ့တဲ့ လော်ရန်ဆန်က ဆက်လက်ပြီးတော့ အခုလို ပြောဆိုခဲ့ပါသေးတယ်။

“ ဗန်ဒိုက်က ထိပ်တန်းခံစစ်သမားတစ်ဦးပါပဲ။ သူ မာတစ်အတွက်လဲ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှု ရှိစေတယ်။ မာတစ်က သူနဲ့ဆိုရင် ပိုကောင်းတဲ့ ကစားသမား ဖြစ်လာတယ်။ ဗန်ဒိုက်ရှိရင် သူက အေးဆေးကစားရုံပဲ။

မာတစ်က ဗန်ဒိုက်နဲ့ ခံစစ်ကို စိတ်ချထားပြီးတော့ ကွင်းလယ်နဲ့ ပူးပေါင်းပြီး ပြိုင်ဘက် ကစားသမားတွေကို တားဆီးနိုင်တယ်။ ဒါက တကယ်ကောင်းတာပဲ။ သူ့အနားမှာ ဗန်ဒိုက်ရှိရင် မာတစ်က တကယ်တော်တဲ့ ကစားသမား ဖြစ်လာတယ်” လို့ လော်ရန်ဆန်က ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

နိုင်ငံတကာ သီတင်းပတ်အပြီးမှာ လီဗာပူးအသင်းဟာ လိဒ်ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဆိုပါပွဲအပြီးမှာ ဒီရာသီ ပထမဆုံးသော ချန်ပီယံလိဂ်ဖလားအဖြစ် အေစီမီလန်နဲ့ ယှဉ်ပြိုင်သွားရဖို့ ရှိနေခဲ့ပြီဖြစ်ပါတယ်။