အပြောင်းအရွှေ့ လှုပ်ရှာမှုတွေနဲ့ ပတ်သက်ရင် လီဗာပူးအတွက် တိတ်ဆိတ်တဲ့ နွေရာသီတစ်ခု ဖြစ်ခဲ့ပေမယ့် ယာဂင်ကလော့ပ်ရဲ့ အသင်းအတွက် တောင့်တင်းတဲ့ ရာသီစတင်မှုလဲ ဖြစ်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် အဖွင့် ၅ ပွဲကနေ ၄ ပွဲနိုင်၊ ၁ ပွဲသရေ ရထားတာနဲ့အတူ ကလော့ပ်ရဲ့ ဖိအားပေး နည်စနစ် ဘောလုံးအကြောင်းတွေ ပြောရတာက အချိန်ကြာလာလေ ပိုကောင်းလာလေ ဖြစ်နေမှာပါ။ ဘာလို့လည်းဆိုတော့ ပြီးခဲ့တဲ့ ဩဂုတ်လတွေအတွင်းမှာ ကလပ်ရဲ့ အပြောင်းအရွှေ့ အစီအစဉ်တွေအကြောင်း၊ ရာသီသစ်မတိုင်ခင် အသင်းရဲ့ အင်အား တောင့်တင်းမှု လုံလောက်မှုရှိမရှိ ဆိုတဲ့ အကြောင်းတွေပဲ ပြောခဲ့ရတာပါ။

မနှစ်က ဒဏ်ရာရခဲ့ကြတဲ့ ဗန်ဒိုက်၊ ဟန်ဒါဆန်နဲ့ မာတစ်တို့ ဒဏ်ရာကနေ ပြန်ကောင်းလာတာနဲ့အတူ ကစားသမားသစ် ကိုနတေးရဲ့ အားဖြည့်မှုက လီဗာပူးအတွက် လုံလောက်တယ်လို့ ကလော့ပ်က ထင်မြင်နေပြီး သံသယရှိသူတွေအနေနဲ့ မိမိတို့အသင်းဟာ ဆုဖလားတွေ အောင်မြင်နိုင်တယ်ဆိုတာ ယုံကြည်သင့်တယ်လို့ ပြောဆိုထားခဲ့ပါသေးတယ်။

တကယ်ပဲ လီဗာပူးအသင်း အောင်မြင်မလားဆိုတာကတော့ အချိန်က အဖြေပေးသွားမှာပါ။ ဒါပေမယ့် အန်ဖီးမှာ နာမည်ကြီးကစားသမားသစ် ခေါ်ယူမှု မရှိခဲ့တာနဲ့အတူ ပရိသတ်တွေကြား ဆာလာ၊ မာနေး၊ ဗန်ဒိုက်တို့လို နာမည်သတင်း ထွန်းတောက်မှု မရှိပေမယ့်လို့ ဒီရာသီမှာ အသင်းအတွက် အားကိုးရနိုင်တဲ့ ကစားသမားကို ဖော်ပြသွားမှာဖြစ်ပါတယ်။

ရောဘတ်တို ဖာမင်နို

ဘယ်တော့မှ မလုပ်သင့်တဲ့ အရာတစ်ခုက လီဗာပူးအတွက် ဖာမင်နိုရဲ့ အရေးပါမှုကို အထင်သေးခြင်းပါပဲ။ ဒီယိုဂို ဂျိုတာရဲ့ ခြေစွမ်းနဲ့ သွက်လက်မှုကြောင့် နှစ်အတန်ကြာအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြင်းထန်တဲ့ နေရာပြိုင်ဆိုင်မှုနဲ့ ကြုံတွေ့နေရတာတောင် ဘရာဇီးသားဟာ ကလော့ပ်ရဲ့ အစီအစဉ်တွေမှာ အဓိက ကျနေတုန်းပါ။

ဖာမင်နိုဟာ နိုင်ငံတကာသီတင်းပတ် မတိုင်ခင် ချယ်ဆီးနဲ့ သရေကျခဲ့တဲ့ပွဲမှာ တံကောက်ကြော ဒဏ်ရာရရှိခဲ့ပေမယ့်လို့ လာမယ့် အပတ်ကစလို့ ပွဲပြန်ကစားနိုင်ဖို့ မျှော်လင့်ရပါတယ်။ လီဗာပူးအတွက် သတင်းကောင်းဖြစ်လာဖို့ မျှော်လင့်ပါတယ်။ ကလပ်ဟာ ဖာမင်နိုကို ကြံ့ခိုင်မှု အပြည့်နဲ့ အသုံးပြုနိုင်ဖို့ လိုအပ်ပါတယ်။

ကလော့ပ်က သူ့အနေနဲ့ နံပါတ် ၉ တိုက်စစ်သမားအပေါ် သွင်းဂိုးတွေနဲ့ပဲ ဘယ်တော့မှ ဆုံးဖြတ်မှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့တယ်။ ကွင်းတွေထဲကို ပရိသတ်တွေ ပြန်ရောက်လာတာက အသက် ၂၉ နှစ်အရွယ် ကစားသမားရဲ့ ဆာလောင်စွာ ကစားလိုစိတ်ကို နိုးဆွပေးနိုင်မယ် ယုံကြည်ရပြီး သူ့ရဲ့အပြုံးတွေကို မကြာခဏ ပြန်မြင်တွေ့ရစေလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။

ကလော့ပ်လည်း ဒီလိုပဲ သေချာပေါက် မျှော်လင့်နေမှာပါ။ မနှစ်ကစလို့ ဖာမင်နိုရဲ့ အရေးပါမှုဟာ မေးခွန်းထုတ်ခံရမှုတွေ သိပ်ကို များလာခဲ့ပြီး ပရိသတ်တွေကလည်း ဒီရာသီမှာ ဖာမင်နိုတစ်ယောက် အကောင်းဆုံး ခြေစွမ်းတွေနဲ့ တောက်ပပြလာတာကို ပြန်တွေ့ချင်နေမှာပါ။ ဒီဆုတောင်းသာ ပြည့်ခဲ့ရင်တော့ လီဗာပူးတို့ ဒီရာသီမှာ အမြင့်ဆုံး ပျံသန်းတော့မှာ ဖြစ်ပါတယ်။

သီယာဂို အယ်ကန်တာရာ

မနှစ်က စက်တင်ဘာမှာ စိတ်လှုပ်ရှားမှု များစွာနဲ့ ခေါ်ယူခဲ့တဲ့ စပိန်ကြယ်ပွင့်ဟာ ဘိုင်ယန်မြူးနစ်မှာ ကမ္ဘာ့ အကောင်းဆုံး ကွင်းလယ်လူတစ်ယောက် ဖြစ်စေခဲ့တဲ့ အဆင့်အတန်းနဲ့ အရည်အသွေးတွေကို လီဗာပူးမှာတော့ အနည်းငယ်သာ ထုတ်ပြနိုင်ခဲ့ပါတယ်။

ဖျားနာမှုနဲ့ ဒဏ်ရာပြဿနာက အသက် ၃၀ အရွယ် ကစားသမားရဲ့ ပထမရာသီဝက်ကို ကန့်လန့်ကာ ချစေခဲ့ရပြီး ဇန်နဝါရီမတိုင်ခင် တစ်ပွဲသာ ပွဲထွက်ခဲ့ရပါတယ်။ သီယာဂို ပြန်ကောင်းလာတဲ့အချိန်မှာ လီဗာပူးဟာ ဗဟိုနောက်ခံလူ မရှိခြင်းနဲ့ ယုံကြည်မှု ပျောက်ဆုံးနေခဲ့ပြီး ဇယားအလယ်ပိုင်းအထိ ကျဆင်းနေခဲ့တာပါ။

သီယာဂိုဟာ လီဗာပူးရဲ့ နောက်ဆုံး လိဂ် ၁၀ ပွဲလုံးမှာ ပွဲထွက်ခဲ့ပြီး ၈ ပွဲနိုင်၊ ၂ ပွဲသရေ ရလဒ်နဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ကြံ့ခိုင်မှု ပြဿနာကြောင့် ရာသီကြို လေ့ကျင့်မှု မရှိခဲ့တဲ့ စပိန်သားဟာ ပွဲချိန်ပြည့် ကစားနိုင်ဖို့ အခုမှ ပြင်ဆင်နေရတုန်းပါ။ လီဗာပူးရဲ့ အဖွင့် ၃ ပွဲလုံးမှာ ပွဲထွက်ခွင့် မရခဲ့ပဲ စပိန်ရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။

ပဲလေစ့်နဲ့ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာက မပြင်းထန်ဖို့ မျှော်လင့်ကြောင်း ကလော့ပ်က ပြောဆိုထားတယ်။ လီဗာပူးပရိသတ်တွေကလည်း သီယာဂိုကို ပုံစံကောင်းတွေနဲ့ ဆက်လက် မြင်တွေ့ရဖို့ စိတ်အားထက်သန်နေမှာဖြစ်ပြီး တကယ် ဖြစ်လာရင်တော့ လီဗာပူးရဲ့ ကွင်းလယ်ပိုင်းက အများကြီး တိုးတက်လာနိုင်ပါသေးတယ်။

နာဘီ ကိတ်တာ

အချို့ပွဲတွေမှာ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပေမယ့် ဂူနီရာ ကွင်းလယ်လူဟာ ကောင်းမွန်တဲ့ ရာသီအစကို ရရှိခဲ့ပြီး ကြံ့ခိုင်မှုကို ထိန်းသိမ်းနိုင်မယ်ဆိုရင် ပွဲကို အပြောင်းအလဲ လုပ်ပေးနိုင်သူ ဖြစ်ဖို့ အလားအလာရှိပါတယ်။ ပဲလေစ့်နဲ့ပွဲက သူ့ရဲ့ သွင်းဂိုးမျိုးကို မကြာခဏ လုပ်ပေးနိုင်ဖို့လည်း လိုအပ်ပါတယ်။

သီယာဂိုလိုပဲ လီဗာပူးမှာ ကီတာရဲ့ လုပ်နိုင်စွမ်းတွေကို အနည်းငယ်သာ မြင်တွေ့ခဲ့ရပါသေးတယ်။ ကီတာဟာ အကောင်းဆုံးပုံစံမှာ ရှိနေရင် ဗဟိုကွင်းလယ်ကနေ ထိန်းချုပ်နိုင်စွမ်း၊ ဖန်တီးနိုင်စွမ်းတွေနဲ့ လီဗာပူးကို အဆင့်မြှင့်တင်ပေးနိုင်လိမ့်မယ်လို့ ကလော့ပ်က ယုံကြည်ထားတာပါ။

အတည်ငြိမ်ဆုံး ကွင်းလယ်လူ ဝိုင်နယ်ဒန်ကို ဆုံးရှုံးလိုက်ရပြီး တိုက်ရိုက် အစားထိုးဖို့ မခေါ်ယူခဲ့တဲ့ လီဗာပူးအနေနဲ့ သူ့ရဲ့ ကွက်လက်ကို ဖြည့်ဆည်းဖို့ တခြားကစားသမားတွေလိုအပ်ပါတယ်။ စာချုပ် သက်တမ်း ၂ နှစ်အောက်သာ ကျန်ရှိတော့တာနဲ့အတူ ကီတာအနေနဲ့ အခုလို လိုအပ်နေတဲ့အချိန်မှာ သူ့ရဲ့ ရံဖန်ရံခါ ခြေစွမ်းကောင်းတွေကို ပိုပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပုံမှန် ပြသနိုင်အောင် ကြိုးစားဖို့ အချိန်ကောင်း ဖြစ်မှာပါ။