လီဗာပူးအသင်းရဲ့ အားကစားဒါရိုက်တာ တာဝန်ကို ရယူစဉ်မှာ အထင်ကြီးစရာ ကောင်းလှတဲ့ မိုက်ကယ် အတ်ဝပ်တစ်ယောက် လီဗာပူးကို စွန့်ခွာတော့မှာဖြစ်ပြီး ကြီးမားတဲ့ နေရာလပ်ကို ချန်ခဲ့မှာ ဖြစ်ပေမယ့် လီဗာပူးဘက်ကလည်း သူ့နေရာကို ဆက်ခံမယ့် အနာဂတ်ပလန်ကို အစီအစဉ်ကျ လုပ်ထားခဲ့ပြီး ဖြစ်ပါတယ်။

အတ်ဝပ်ဟာ လီဗာပူးမှာ ၁၀ နှစ်ကြာ ရှိခဲ့တာဖြစ်ပြီး နောက်နှစ်မှာ သူ့ရဲ့ စာချုပ်သက်တမ်း ကုန်တဲ့အခါ ရာထူးကနေ နုတ်ထွက်မယ်လို့ အသင်းကို အသိပေးထားပါတယ်။ လီဗာပူးဘက်ကတော့ သူ့ကို စာချုပ်သက်တမ်းတိုးပြီး အသင်းကို ဖလားစိန်ခေါ်သူတွေကနေ ချန်ပီယံဖြစ်တဲ့အထိ တိုးတက်လာစေခဲ့တဲ့ သူ့ရဲ့ ပါးနပ်မှုတွေနဲ့ ဆက်လက် လက်တွဲလုပ်ဆောင်ဖို့ ဆန္ဒရှိနေသေးတာကြောင့် နှစ်ဖက်ကြား ဆွေးနွေးမှုတွေတော့ ဆက်လုပ်နေပါတယ်။

အတ်ဝပ်ဟာ သူ့ရဲ့ ကျွမ်းကျင် အသင်းနဲ့အတူ အပြောင်းအရွှေ့ကိစ္စတွေမှာ ဆရာကျကျ လုပ်ဆောင်ပေးခဲ့တာဖြစ်ပြီး အသင်းကို ကမ္ဘာ့ဘောလုံးလောကရဲ့ အထင်ကြီးစရာ အုပ်စုတစု ဖြစ်စေခဲ့တာပါ။ ဒါပေမယ့် အတ်ဝပ် ထွက်ခွာသွားရင် နောက်ပိုင်းမှာ ဘာတွေဖြစ်လာမှာလဲ။

ကလပ်ဟာ မနှစ်ကစလို့ ဂျူလီယန် ဝတ်ကို လက်ထောက် အားကစားဒါရိုက်တာအဖြစ် ရာထူးတိုးပေးခဲ့တာနဲ့အတူ အတ်ဝပ်အလွန် အနာဂတ်အတွက် အစီအစဉ်ဆွဲထားပြီး ဖြစ်ပါတယ်။ ဒီတော့ အတ်ဝပ်ဆိုတာက ဘယ်လိုလူပါလဲ။

လီဗာပူးနဲ့ စတင်ခြင်း

ဂျူလီယန် ဝတ်ဟာ ကလပ်ရဲ့ လူသစ်စုဆောင်းမှုနဲ့ ကင်းထောက်အဖွဲ့ဝင်အဖြစ် ၂၀၁၂ မှာ မန်စီးတီးကနေ လီဗာပူးကို ရောက်ရှိလာခဲ့တာပါ။ ဒါပေမယ့် လျင်မြန်တဲ့ တိုးတက်မှုကြောင့် များစွာသော အလုပ်ခေါင်းစဉ်တွေကို ရရှိခဲ့ပြီး ၂၀၁၅ မှာ လီဗာပူးဘက်က အသစ်ဖန်တီးပေးလိုက်တဲ့ ကစားသမား အငှားပိုင်းဆိုင်ရာနဲ့ ဘောလုံးပါတနာများဆိုင်ရာ မန်နေဂျာအဖြစ် ရာထူးအသစ်ကို ရရှိခဲ့ပါတယ်။

အဲ့ဒီ့ရာထူးနဲ့အတူ ဝတ်ဟာ အင်္ဂလန်နဲ့ ဥရောပတခွင်က ကလပ်တွေကို မိတ်ဖက်အဖြစ် ချိတ်ဆက်မှုဆိုင်ရာ ကိစ္စတွေ တာဝန်ယူခဲ့ရပါတယ်။ နောက်ဆက်တွဲအဖြစ် လီဗာပူးဟာ သူတို့ရဲ့ အကယ်ဒမီ ကစားသမားတွေကို စီနီယာ ကစားသမားဘဝ အတွေ့အကြုံရရှိအောင် အငှားချထားနိုင်ဖို့ ချိတ်ဆက်ထားတဲ့ မိတ်ဖက်ကလပ်တွေ ရရှိခဲ့တာပါ။

“ကစားသမားတွေ သွားရမယ့် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ဖြစ်နိုင်မယ့် နေရာတွေကို ကျနော်တို့ အရင် သတ်မှတ်ဖို့ လိုပါတယ်။ ပြီးရင်တော့ သူတို့ အဲ့ဒီ့ကို သွားတဲ့အခါ ဘယ်နည်းနဲ့မဆို သေချာပေါက် တိုးတက်လာဖို့ ကျွန်တော်တို့ လုပ်ရတယ်။

ယူ ၁၈၊ ယူ ၂၃ ကနေပြီးတော့ စီနီယာအဆင့်မှာ သူတို့ကြုံရမယ့် ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အတွေ့အကြုံက သူတို့ရဲ့ တိုးတက်မှုအတွက် အပြုသဘောဆောင်တဲ့ သက်ရောက်မှုဖြစ်အောင် ကျနော်တို့ လုပ်ရပါတယ်။ သူတို့တွေဟာ ဖိအားတွေအောက်မှာ ကစားနိုင်မယ့် နောက်တဆင့်ကို ရောက်ပြီဆိုရင်၊ စီနီယာပွဲတွေကို အတွေ့အကြုံရပြီဆိုရင် တခြား ပတ်ဝန်းကျင်တွေကို ကျွန်တော်တို့ ကြည့်ဖို့လိုတယ် ” လို့ ၂၀၁၈ တုန်းက ဝပ်က ရှင်းပြခဲ့ပါတယ်။

သူ့ရဲ့ ရာထူးက လီဗာပူးနဲ့ တခြားသော နေရာများစွာက ကလပ်တွေကြား ဆက်သွယ်ပေးဖို့ဖြစ်တာကြောင့် မိခင်ကလပ်ရဲ့ ဌာနများစွာနဲ့ ချိတ်ဆက်ထားရတာ ဖြစ်ပါတယ်။ သူ့ရဲ့ အရေးပါလာမှုနဲ့အတူ နောက်ကွယ်မှာ သူယူထားရတဲ့ တာဝန်တွေကလည်း အဲ့လို ကြီးမားလေးလံပါတယ်။

တာဝန်ယူလာမှုတွေရဲ့ အစ

လီဗာပူးနဲ့ ကမ္ဘာတဝှမ်းက ကလပ်တွေကြား ဆက်ဆံရေးကို တိုးတက်စေခဲ့တဲ့နောက် သူ့ရဲ့ ကျွမ်းကျင်မှုတွေကို အတ်ဝပ်နဲ့ FSG ဥက္ကဌ မိုက်ခ် ဂေါ်ဒန်တို့က သတိပြုမိခဲ့တာပါ။ ဒါဟာ ယခင်က စီးတီး၊ ပရက်စတန်၊ အက်ဖ်အေနဲ့ ပေါ်တူဂီ နိုင်ငံအသင်းတို့မှာ သူရရှိခဲ့တဲ့ အတွေ့အကြုံတွေနဲ့ လီဗာပူးမှာ သူတာဝန်ယူရတဲ့ ရာထူးကြောင့်ပဲဖြစ်ပါတယ်။ ၂၀၂၀ ဒီဇင်ဘာမှာ လက်ထောက် အားကစားဒါရိုက်တာအဖြစ် တိုးမြှင့် ခန့်အပ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

အပြောင်းအရွှေ့ကိစ္စတွေနဲ့ အကယ်ဒမီက စာချုပ်ကိစ္စတွေမှာ အတ်ဝပ်ကို ကူညီပေးခဲ့ပြီးနောက် အားကစားဒါရိုက်တာ အတ်ဝပ်နဲ့ သူ့ရဲ့ အလုပ်ဆက်ဆံရေးက တိုးတက်လာခဲ့တာပါ။ ဝတ်ရဲ့ ရာထူးက သူ့ကို ကလပ်အတွင်း ဌာနတွေ ပေါင်းစည်းလုပ်ဆောင်ရေးမှာ အဓိက ချိတ်အဖြစ် ဆက်ရှိနေစေတာ ဖြစ်ပါတယ်။

ကလပ်ပြင်ပမှာလည်း သူ့ရဲ့ တာဝန်ဖြစ်တဲ့ ကစားသမား အရောင်းအဝယ်နဲ့ စာချုပ်သက်တမ်းတိုးတဲ့ ကိစ္စတွေမှာ သက်ဆိုင်ရာ ကစားသမားတွေ၊ အေးဂျင့်တွေ၊ ကလပ်တွေနဲ့ ပြောဆိုဆွေးနွေးရတာနဲ့အတူ အဆက်သွယ်ကောင်းတွေကိုလည်း တည်ဆောက်နိုင်ခဲ့ပါတယ်။ ဒါတွေအားလုံးက အတ်ဝပ်နဲ့အတူ လက်တွဲလုပ်ဆောင်ခဲ့တာတွေပါ။

အရင်က ကလော့ပ် ဘာပြောခဲ့လဲ

ဝတ်ဟာ ယာဂင်ကလော့ပ်နဲ့အတူ အနီးကပ် တွဲလုပ်ခဲ့ပြီးတော့ ဆက်ဆံရေးကောင်း ရှိခဲ့တာကြောင့် ကလော့ပ်က သူ့ကို အတ်ဝပ်ရဲ့ ဆက်ခံသူအဖြစ် ယုံကြည်ထားတာ ဖြစ်ပါတယ်။
ကစားသမား အငှားပိုင်းဆိုင်ရာနဲ့ ဘောလုံးပါတနာများဆိုင်ရာ မန်နေဂျာအဖြစ် အစောပိုင်း တာဝန်ယူစဉ်က ဝပ်နဲ့ ပတ်သက်ပြီး ကလော့ပ်က အခုလို ချီးကျူးခဲ့ဖူးပါတယ်။

“ဒါက သိပ်ကို အရေးကြီးတဲ့ ရာထူးပါပဲ။ ကျနော်တို့ အတူတကွ အလုပ်တွဲလုပ်ခဲ့ပါတယ်။ ဒါကြောင့် အငှားထွက်ရမယ်ဆိုရင် ဖြစ်နိုင်တဲ့ အကောင်းဆုံး အရာက မင်းက လီဗာပူးနဲ့ စာချုပ်ရှိနေတာပဲ။ ဘာလို့လဲဆိုတော့ ဂျူလက်စ် (ဝတ်) က မင်းကို ဂရုတစိုက် စောင့်ကြည့်နေတာမို့လိုပဲ။

သူက ခရီး အများကြီးသွားရတယ်။ ဒါမှမဟုတ် ပုံမှန် ခရီးခဏခဏ ထွက်လေ့ရှိတယ်။ သူတို့တွေက တကယ်ကို ခိုင်မာတဲ့ ဆက်သွယ်မှုရှိကြတယ်။ ကစားသမားတွေကို သွားမေးရင်လဲ သူတို့ ဒီအတိုင်းပဲ ပြောကြမှာ သေချာပါတယ်။ ဂျူလက်စ် (ဝတ်) က အံ့ဩစရာကောင်းတဲ့ အလုပ်ကို လုပ်နေတာပါ။ ဒါက အမှန်ပဲ။ သူက ကျွန်တော်တို့အသင်းနဲ့ ကစားသမားတွေအတွက် သိပ်ကို အကူအညီဖြစ်ပါတယ် ” လို့ ၂၀၁၈ တုန်းက ကလော့ပ်က ပြောခဲ့တာပါ။

အတ်ဝပ်ရဲ့ ထွက်ခွာမှုကို အတည်မပြုသေးပေမယ့်လည်း သူ့နေရာကို ဆက်ခံမယ့် ပလန်ကို လီဗာပူးဘက်က စီစဉ်ထားပြီး ဖြစ်နေတာက အပြောင်းအရွှေ့ဂုရုကြီး မရှိတော့ရင်တော့ အလားတူ နည်းစနစ်နဲ့ စည်းကမ်းတွေအတိုင်း အသင်းဘက်က ဆက်လုပ်သွားနိုင်မယ်ဆိုတာ သေချာပါတယ်။

ဝတ်အနေနဲ့ လီဗာပူးကလပ်မှာ နောက်တဆင့် ရာထူးတက်မယ့် နေ့တနေ့ကို ရောက်လာတဲ့အခါ ကလပ်ရဲ့ အဓိက ခေါင်းဆောင်ပိုင်းတွေရဲ့ ထောက်ခံမှုကို ရရှိနိုင်ဖွယ် ရှိနေပါတယ်။