အယ်ဘတ်တို မိုရီနိုဟာ ၂၀၁၉ မှာ ဗီလာရီးရဲထံ မထွက်ခွာခင် လီဗာပူးဘက်က ၅ နှစ် စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

စပိန်သား ဘယ်အစွန်လူဟာ လီဗာပူး ကစားသမားဘဝ အဆုံးသတ်ပိုင်းမှာ ဦးစားပေး မခံခဲ့ရတာဖြစ်ပြီး အတက်အကျများစွာ ကြုံတွေ့ခဲ့ရပြီးနောက် လွန်ခဲ့တဲ့ ၂ နှစ်က အန်ဖီးကို စွန့်ခွာခဲ့တာ ဖြစ်ပါတယ်။

မိုရီနိုဟာ ကလပ်မှာ သူ့ရဲ့ ပထမဆုံးရာသီဖြစ်တဲ့ ၂၀၁၄-၁၅ ရာသီအတွင်း ပြိုင်ပွဲစုံ ၄၁ ပွဲ ကစားခဲ့ပြီး နောက်နှစ်မှာ ပွဲ ၅၀ ထပ်ကစားခဲ့ရတာပါ။ ဒါပေမယ့် ယုံကြည်လို့မရတဲ့ ခံစစ် စွမ်းဆောင်မှုများစွာ မြင်တွေ့ခဲ့ရပြီးနောက် ပွဲကစားချိန် ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

၂၀၁၆ မေလမှာ ဆီဗီလာကို ရှုံးနိမ့်ခဲ့တဲ့ လီဗာပူးရဲ့ ယူရိုပါလိဂ် ဖိုင်နယ်ပွဲဟာ ၂၀၁၆-၁၇ ရာသီမှာ ဂျိမ်းစ်မီနာနဲ့ အစားထိုးခံခဲ့ရတဲ့ ဘယ်အစွန်လူ မိုရီနိုအတွက် မေ့ပျောက်ချင်စရာ ညနေခင်းတစ်ခု ဖြစ်ခဲ့တာပါ။ ၂၀၁၇ မှာ အန်ဒီ ရောဘတ်ဆန် ရောက်ရှိလာတာက အန်ဖီးမှာ မိုရီနိုအတွက် အဆုံးသတ်ဖို့ စတင်ခဲ့တာဖြစ်တယ်လို့ စပိန်သားက အခုချိန်မှာ ထုတ်ပြောလာခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးက သူ့ရဲ့အချိန်တွေနဲ့ ပတ်သက်ပြီး ပြန်ပြောင်းပြောဆိုရာမှာ ၎င်းက သူကိုယ်တိုင် ခြေစွမ်းကောင်းပြသနေပေမယ့် ၂၀၁၇-၁၈ ရာသီအတွင်း သူရရှိခဲ့တဲ့ ဒဏ်ရာက ဘယ်အစွန်နေရာမှာ ရောဘတ်ဆန်ကို နံပါတ်တစ် ဖြစ်စေဖို့ လမ်းကြောင်းခင်းပေးခဲ့တာ ဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။

“အဲ့ဒီ့မှာ လှပတဲ့ နှစ်တွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ထူးဆန်းတဲ့ အရာတွေလဲ ဖြစ်ပျက်ခဲ့ပြီး ကျွန်တော် ကံဆိုးခဲ့တာတွေလဲ ရှိခဲ့တယ်။ ကျွန်တော် ပထမ ၂ နှစ်အတွင်း တည်တည်ငြိမ်ငြိမ် ကစားပြီး စတင်ခဲ့ပေမယ့် တတိယမြောက်နှစ်မှာ နည်းပြက ဘယ်အစွန်နေရာမှာ ဂျိမ်းစ်မီနာကို ကစားစေခဲ့တယ်။ အဲ့ဒီ့တစ်နှစ်လုံး ကျွန်တော် မကစားခဲ့ရဘူး။ လွယ်တော့မလွယ်ကူခဲ့ပါဘူး။

အဲ့ဒါပြီးတော့ ကျွန်တော့်အခြေအနေနဲ့ ပတ်သက်ပြီး ယာဂင်ကလော့ပ်နဲ့ စကားပြောဖြစ်ခဲ့တယ်။ သူက ကျွန်တော့်ကို ယုံကြည်အားကိုးတယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော် ရာသီကြိုမှာ ကောင်းကောင်းလုပ်ခဲ့ပြီးတော့ ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့် ရခဲ့ပြီး လိဂ်မှာရော ချန်ပီယံလိဂ်မှာပါ ပွဲတိုင်း ကစားခဲ့ရတယ်။

အဲ့ဒီ့မှာ လိုပတ်တီဂူက ကျွန်တော့်ကို ခေါ်ခဲ့ပြီးတော့ ကျွန်တော် စပိန်အသင်းကို ပြန်သွားခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် ကံမကောာင်းခဲ့ပါဘူး။ ချန်ပီယံလိဂ် အုပ်စုအဆင့် နောက်ဆုံးပွဲမှာ ခြေကျင်းဝတ် ဒဏ်ရာရခဲ့တယ်။ နည်းပြက ကျွန်တော့်အစား ရောဘတ်ဆန်ကို ထည့်တယ်။ သူက သိပ်ကို ကောင်းကောင်း ကစားခဲ့ပြီးတော့ ဖလားအောင်မြင်စေခဲ့တယ်ဆိုတဲ့ အမှန်တရားကိုတော့ ကျွန်တော်တို့ ဝန်ခံရမှာပါ။

ကျွန်တော်နဲ့ အတော်လေး အဆင်ပြေပြီးတော့ အမြဲတမ်း တိုက်ရိုက်စကားပြောလေ့ရှိတဲ့ ကလော့ပ်က ကျွန်တော့်ကို ပြောတယ် ‘အယ်ဘတ်တိုရေ၊ ငါမင်းကို ယုံတယ်။ ဒါပေမယ့် ငါ ရောဘတ်ဆန်ကို မထုတ်နိုင်ဘူး’ တဲ့” ဆိုပြီး ပြောပြခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ့အချိန်ကစပြီး ရောဘတ်ဆန်ဟာ အသင်းမှာ အပြည့်အဝ အံဝင်ခဲ့ပြီ ဖြစ်သလို မိုရီနိုကတော့ ကလပ်မှာ နောက်ဆုံးရာသီအတွင်း ၅ ပွဲသာ ကစားခွင့် ရလိုက်ပါတယ်။

စာချုပ်သက်တမ်း ကုန်သွားတဲ့ အသက် ၂၉ နှစ်အရွယ် ကစားသမားဟာ ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားခဲ့ရပေမယ့် အဲ့မတိုင်ခင် လီဗာပူးက သူ့ကို အသင်းမှာ ဆက်နေဖို့ အခွင့်အရေး ကမ်းလှမ်းခဲ့သေးတယ်လို့ မိုရီနိုက ဖွင့်ဟခဲ့ပါတယ်။

“ ကျွန်တော့်ရဲ့ ၅ နှစ်မြောက်မှာ နောက်ထပ် ၅ နှစ် စာချုပ်သစ်ချုပ်ဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။ ကျွန်တော် ငြင်းလိုက်ပါတယ်။ ကျွန်တော်တို့ အင်္ဂလန်မှာ နှစ်များစွာ ရှိနေခဲ့ပြီးပါပြီ။

ကျွန်တော့်မှာ ကလေးသုံးယောက်ရှိတယ်။ ဇနီးဖြစ်သူနဲ့ စကားပြောပြီးတော့ စပိန်ကို ပြန်တာက အကောင်းဆုံးဖြစ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ကျွန်တော် စပိန်ကိုပဲ ပြန်သွားချင်ခဲ့တာပါ။”လို့ မိုရီနိုက ထုတ်ဖော်ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။