လီဗာပူးလ် ကွင်းလယ် ကစားသမားကြီး ဂျိမ်းစ်မီလ်နာက ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ နူးကမ့်မှာ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာ မက်ဆီဟာ ၄င်းအပေါ်ဒေါသထွက်နေခဲ့ပြီး စပိန်အသုံးအနှုန်းတွေနဲ့ စော်ကားပြောဆိုခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ထိုပွဲမှာ မက်ဆီဟာ ဂျိမ်းစ်မီလ်နာရဲ့ အဝင်ကြမ်းမှုကြောင့် မြေပြင်ပေါ်ကိုလဲကျသွားခဲ့တဲ့နောက်မှာတော့ ပွဲချိန်နောက်ပိုင်း မီလ်နာအပေါ် စကားလုံးတွေနဲ့ တောက်လျှောက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဂျိမ်းစ်မီလ်နာဟာ စပိန်စကား အနည်းငယ် တတ်ကျွမ်း တာကြောင့် မက်ဆီပြောကြားခဲ့တဲ့ စကားလုံးတွေကို နားလည်နေပြီး ဒေးလီးမေးလ်မှာ ဖြေကြားခဲ့ပါတယ်။

” မက်ဆီဟာ တောက်လျှောက် မပျော်မရွှင်ဖြစ်နေခဲ့တာပါ၊ သူဟာ ပထမပိုင်းပြီးလို့ ဥမင်ထဲကို ဝင်သွားတဲ့အချိန်မှာလည်း စပိန်လို စကားတွေ အများကြီးပြောပြီး ကျနော့်ကို တိုက်ခိုက် ထိုးနှက်ခဲ့ပါတယ်၊ သူ ကျွန်တော့်ကို ‘burro’ လို့ခေါ်ပါတယ်၊ အဲဒါကို ဘာသာပြန်လိုက်ရင် ‘မြည်း’ လို့ အဓိပ္ပါယ်ရပါတယ်၊ စပိန် ဘောလုံးလောကမှာ ပြိုင်ဖက်ကစားသမားတွေကို လူ လိုက်ချနေတဲ့သူတွေကိုလည်း အဲဒီလိုပဲ သုံးနှုန်းကြတယ် ထင်ပါတယ်၊ ”

” မင်း အဆင်ပြေရဲ့လားလို့ ကျွန်တော် သူ့ကိုမေးလိုက်ပါသေးတယ်၊ ဒါပေမယ့် သူအဆင်ပြေပုံမရပါဘူး၊ ပြီးတော့ ကျွန်တော် စပိန်လို နားလည်တယ် ဆိုတာလည်း သူမ သိခဲ့ဘူးထင်ပါတယ်၊ သူကျွန်တော့်ကိုပြောတာက – မင်းငါ့ကို လိုက် foul နေတာ မင်းကိုငါ (ဘောလုံး)ပေါင်ကြားထဲ ထည့်ထားလို့ မဟုတ်လားတဲ့၊ ကျွန်တော်ကတော့ ဘာမှမပြောဘဲ အဝတ်လဲခန်းဆီကိုပဲ ထွက်သွားလိုက်ပါတယ် ”

“ကျွန်တော် သူ့အပေါ်မှာ လေးစားမှု ရှိပြီးသားပါ၊ သူ့အနေနဲ့လည်း သူကြိုက်သလို ပြောခွင့်ရှိပါတယ်၊ သူ့ရဲ့အဲဒီပွဲတုန်းက စွမ်းဆောင်ရည်တွေ၊ ကစားသမား ဘဝတစ်လျှောက်စွမ်းဆောင်ရည်တွေကြောင့် ကစားရတာအရမ်းခက်ခဲပါတယ်၊ သူ့ကို တားဖို့ကြိုးစားမယ်ဆိုရင် အရူးလုပ်ခံရမှာ စိုးရိမ်ပြီး ကြောက်ရွံ့နေလို့မရပါဘူး ”

” ကျွန်တော် သူ (ဘောလုံး) ပေါင်ကြားထဲထည့်တာကို ခံခဲ့ရတာအမှန်ပါပဲ၊ ဒါပေမယ့် ကျွန်တော်က အဲဒီလိုလုပ်ခံရတာ ပထမဦးဆုံး မဟုတ်သလို နောက်ဆုံးလည်း မဟုတ်ပါဘူး၊ သူက အံ့ဖွယ် ကစားသမားတစ်ဦးပါ၊ သူ့ကို မနာကျင်စေချင်ပေမယ့် ဒီလိုပွဲတွေဟာ ကြံ့ခိုင်မှု အသားပေးတဲ့ပွဲပါ၊ သူ ပြေးနေတာကိုတွေ့ရင်တော့ ပုံစံပျက်သွားအောင် တားဆီးရမှာပါပဲ၊ ဒါဟာ ပွဲရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်” လို့ မေလ်နာက ဖွင့်ဟခဲ့ပါတယ်။