များပြားတဲ့ ဒဏ်ရာကိစ္စတွေကြောင့် မနှစ်တုန်းက လီဗာပူးရဲ့ အခြေအနေတွေဟာ စိုးရိမ်စရာထိ ကျဆင်းခဲ့ပေမယ့် ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ ဒီရာသီမှာ ဆုဖလားတွေ ပြန်လည် စိန်ခေါ်လာလိမ့်မယ်လို့ ယုံကြည်ကြောင်း အသင်းခေါင်းဆောင်ဟောင်း ဂျေမီ ရက်နက်က ထုတ်ပြောလိုက်ပါတယ်။

လူတိုင်းက မန်ချက်စတာ ယူနိုက်တက်၊ မန်ချက်စတာ စီးတီးနဲ့ ချယ်ဆီးတို့အပေါ် ပိုပြီးတော့ အာရုံစိုက်နေကြပေမယ့် လက်ရှိ အမှတ်ပေးဇယားမှာ ဇယားထိပ်က ယူနိုက်တက်နဲ့ ရမှတ်တူ၊ အဆင့် ၃ နေရာမှာ ရပ်တည်နေတဲ့ လီဗာပူးက သူတို့ရဲ့ ရပ်တည်မှုကို မြှင့်တင်နိုင်စွမ်း ရှိတယ်လို့ ရက်နက်က ယုံကြည်နေတာပါ။

လီဗာပူးဟာ စုစည်းမှုရှိပြီး ပြင်းထန်ကြမ်းတမ်းတဲ့ အယ်လန်ရုဒ်ကွင်းမှာ လိဒ်ယူနိုက်တက်ကို အနိုင်ယူခဲ့တာကို ရက်နက်က ကိုယ်တိုင် တွေ့မြင်ခဲ့ရပါတယ်။ ဒီရလဒ်ကြောင့် လီဗာပူးဟာ ဒီရာသီအစ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးပဲ ၃ ပွဲအနိုင်ရထားကာ၊ ဥရောပ ချန်ပီယံ ချယ်ဆီးနဲ့သာ သရေကျခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးရဲ့ ဖလားပြိုင်ဘက်အားလုံးက နွေရာသီမှာ ကလပ်ထက်ပိုပြီး ငွေပိုသုံးထားခဲ့ပေမယ့် မာဆေးဆိုက်ကလပ်က ငွေအင်အားတောင့်တင်းတဲ့ ပြိုင်ဘက်တွေကို ယှဉ်ပြိုင်နိုင်တယ်လို့ ရက်နက်က အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

“လီဗာပူးက ဘာအမှားအယွင်းမှ မရှိပဲ အမှတ်ပေးဖလားကို အောင်မြင်နိုင်ပါတယ်။ မနှစ်က သူတို့မှာ အခွင့်အရေး မရှိခဲ့ဘူး။ ဘာလို့လဲဆိုတော့ သူတို့က ခံစစ်အင်အား တစ်ခုလုံးကို ဆုံးရှုံးခဲ့ရတာကြောင့် လက်တစ်ဖက်ထဲနဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။

သူတို့ရဲ့ ယုံကြည်မှုတွေ ပျောက်ဆုံးခဲ့ပြီး အရာအားလုံး မှားယွင်းကုန်တယ်။ သူတို့မှာ ဘာအခွင့်အရေးမှ မရှိခဲ့ဘူး။ ဒါပေမယ့် ဒီနှစ်မှာတော့ သူတို့ရဲ့ တိုက်စစ် သုံးယောက်နဲ့အတူ အကောင်းဆုံး ဗဟိုနောက်ခံလူ ဗန်ဒိုက်ကို ပြန်ရထားတယ်။ သူက လိဂ်ဖလား အောင်မြင်ဖို့ အခွင့်အရေး ပေးမှာပါ ” လို့ ရက်နက်က ဆိုပါတယ်။

လိဒ်ကို နိုင်ပွဲရခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဟာဗေး အယ်လီးယက်ရဲ့ စိုးရိမ်စရာ ဒဏ်ရာက နိုင်ပွဲကို လွှမ်းမိုးသွားခဲ့ပါတယ်။ လူငယ်ကြယ်ပွင့်အနေနဲ့ အဲ့ဒီ့ဒဏ်ရာကြောင့် အချိန်တစ်ခုအထိ အနားယူရတော့မှာပါ။ အယ်လီးယော့ မပါဝင်နိုင်ပေမယ့် လီဗာပူးဟာ သူတို့ရဲ့ ခြေစွမ်းကောင်းတွေကို ဆက်လက်ထိန်းသိမ်းနိုင်တယ်လို့ ရက်နက်က အတိအလင်း ပြောဆိုခဲ့ပါတယ်။

“ဟာဗေး အယ်လီးယက်ရဲ့ ဒဏ်ရာကြောင့် ကလပ်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ။ ဝိုက်နယ်ဒန် ထွက်သွားတော့ ကွင်းလယ်မှာ အရင်ကနဲ့ ကွဲပြားတဲ့ အရာတွေ ဖြစ်စေခဲ့ပြီး အယ်လီးယက်ပါ မရှိရင် အနာဂတ်မှာပါ တစ်မျိုးတစ်ဖုံ သက်ရောက်မှု ရှိနိုင်ပါတယ်။

ဒီနေ့ လီဗာပူးရဲ့ အရန်ခုံကို ကြည့်လိုက်ရင် သူတို့မှာ တိုက်စစ်မှူး မကျန်တော့ဘူး။ ဖာမီနိုက ဒဏ်ရာ ရထားတာကြောင့် ဇန်နဝါရီမှာ သူတို့တွေ တိုက်စစ်အင်အား ဖြည့်တင်းနိုင်ပါတယ်။
ဒါပေမယ့် ကျနော်သာ ယာဂင်ကလော့ပ်ဆိုရင် ‘သိပ်ကောင်းတဲ့ စတင်မှုပဲ။ ဒီနှစ် ငါတို့ရဲ့ အခွင့်အရေးတွေ အားလုံးရပြီ’ လို့ ပြောဖြစ်မှာပါ။

ဆုဖလားတွေအတွက် လူတိုင်းက လီဗာပူးထက် တခြားအသင်းတွေကို အာရုံစိုက်နေတာကလည်း တမျိုးတော့ ကောင်းတယ်ထင်ပါတယ် ” လို့ ရက်နက်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။