မိုဆာလာဟာ လီဗာပူးရဲ့ ထာဝရ အကောင်းဆုံး ၁၁ ယောက် အသင်းထဲမှာ ပါဝင်လိမ့်မယ်လို့ ဂျေမီ ကာရေဂါက ဆိုလိုက်ပြီး အီဂျစ်သား တိုက်စစ်မှူးကို အန်ဖီးမှာ စာချုပ်သစ် ချုပ်ဆိုစေချင်နေပါတယ်။

ဆာလာဟာ တနင်္ဂနွေနေ့က လိဒ်စ်ကို ၃-၀ နဲ့ နိုင်ခဲ့တဲ့ပွဲမှာ သူ့ရဲ့ ပရီးမီးယာလိဂ် ဂိုး ၁၀၀ ပြည့် သွင်းယူခဲ့တာဖြစ်ပြီး လီဗာပူးမှာ သူ့ရဲ့ အကျိုးသက်ရောက်မှုက လျှော့တွက်ခံနေရဆဲ ဖြစ်တယ်လို့ ကာရေဂါက ယုံကြည်နေပါတယ်။

“ သူက အရမ်းကို အရေးပါပါတယ်။ တခါတလေ မိုဆာလာအတွက် ကျွန်တော် စိတ်မကောင်းဘူး။ ဘာလို့လဲဆိုတော့ လီဗာပူးမှာ သူက ထိုက်သင့်သလောက် အထင်ကြီး မခံရဘူးလို့ ကျွန်တော် ထင်တယ်။

လီဗာပူးက ပရီးမီးယားလိဂ်ဖလား အောင်မြင်တဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ပြောကြရင် လူတွေက အယ်လီဆန်နဲ့ ဗန်ဒိုက်တို့ကို ခေါ်ယူခဲ့တာကိုပဲ အမြဲ ထောက်ပြကြပါတယ်။ မိုဆာလာက ဗန်ဒိုက် မတိုင်ခင် ၆ လ အလိုမှာမှ အသင်းကို ရောက်ခဲ့တာပါ။

လီဗာပူးရဲ့ အောင်မြင်မှုက သူတို့ သုံးယောက်လုံးပေါ် မူတည်ပါတယ်။ ဒါပေမယ့် လီဗာပူးကို နောက်တဆင့် မြှင့်တင်ပေးခဲ့တဲ့ သူတွေက ဂိုးသမားနဲ့ ဗဟိုနောက်ခံလူပဲလို့ လူတိုင်းက ပြောကြတယ်။ မိုဆာလာက တကယ်တော့ သိပ်ကို အရေးပါတဲ့ နေရာကနေ ပါဝင်ခဲ့တာပါ။

ဆာလာက ညာခြမ်းကနေ ကစားနေတာကို ကျွန်တော်တို့ မမေ့သင့်ပါဘူး။ ဟုတ်ပါတယ်။ သူက တောင်ပံတိုက်စစ်ကစားသမားပါ။ ဒါပေမယ့် ဗဟိုတိုက်စစ်နေရာမှာ သူ မကစားဘူး။ သူက လိုအပ်တဲ့အချိန်တိုင်း အသင့်ရှိနေတဲ့ ကစားသမားပါ။

ဂိုးမသွင်းနိုင်တဲ့ ပွဲအနည်းငယ်ကို ကြုံလိုက်ရရင် မကြာခင်မှာ မိုဆာလာကြောင့် တစ်ဂိုး ရတော့မယ်ဆိုတာ တွေးမိကြတယ်။ ဒါက သူ့ရဲ့ အရေးပါမှုပါပဲ ” လို့ ကာရေဂါက ဆိုပါတယ်။

လီဗာပူးရဲ့ ပရိသတ်အကြိုက် ကစားသမားများစွာဟာ ပြီးခဲ့တဲ့လတွေအတွင်း စာချုပ်သစ် ချုပ်ဆိုခဲ့ကြပြီး ဖာဘင်ညို၊ အယ်လစ်ဆန်၊ ထရန့်အလက်ဇန္ဒား အာနိုး၊ ဗန်ဒိုက်နဲ့ အန်ဒီ ရောဘတ်ဆန်တို့ အားလုံး စာချုပ်သက်တမ်းတိုးခဲ့ကြတာပါ။ ကာရေဂါကတော့ နောက်ထပ် ကြယ်ပွင့်တစ်ယောက်ဖြစ်တဲ့ ဆာလာကိုလည်း စာချုပ်သစ် ချုပ်ဆိုစေချင်နေပါတယ်။

“ လီဗာပူးက ဒီနွေမှာ တခြားအသင်းတွေလိုမျိုး ငွေအများကြီး မသုံးခဲ့ပေမယ့် ကစားသမား များစွာကို စာချုပ်သစ် ချုပ်ဆိုခဲ့တယ်။ စာချုပ်သစ် မချုပ်ရသေးတဲ့ ကစားသမားတစ်ယောက်က မိုဆာလာပါ။ အခု သူက စတာလင်ပေါင် အနည်းငယ်ပဲ အလိုရှိတာပါ။ ဖြစ်သင့်ပါတယ်။ သူ ကံကောင်းပါစေ။ သူက တကယ်ပဲ စာချုပ်သစ်ရဖို့ ထိုက်တန်ပါတယ်။

လီဗာပူးကို ရောက်လာပြီးကတည်းက သူလုပ်ပေးခဲ့တာတွေအတွက် သူက ပရီးမီးယားလိဂ်မှာ လုပ်ခအမြင့်ဆုံး ကစားသမား ဖြစ်ဖို့ ထိုက်တန်တယ်။ သူက ဘယ်တော့မှ ဒဏ်ရာမရဘူး။ တစ်နှစ်ပြီးတစ်နှစ် ထိပ်တန်းဂိုးသွင်းရှင်ဆိုတာကို ပြသတယ်။ ဒါက သူ့ရဲ့ အရည်အချင်းပါပဲ။

ကျွန်တော် တစ်ခုပြောဦးမယ်။ လီဗာပူးရဲ့ ထာဝရ အကောင်းဆုံး ၁၁ ယောက် အသင်းကို ရွေးချယ်ရင် ‘ဘယ်သူကတော့ ပါမှာပဲ’ ဆိုပြီး ခင်များတို့ တွေးမိတဲ့ နေရာတွေ ရှိပါတယ်။

အလန် ဟန်ဆင်၊ ဂရေမီ ဆောင်းနက်စ်၊ ဂျွန်ဘန်းစ်၊ စတီဗင် ဂျရတ်၊ အီယန် ရက်ရှ်၊ ကန်နီ ဒဲဂလစ်ခ်ျတို့ပေါ့။ မိုဆာလာက လီဗာပူး ကစားသမားဘဝ အဆုံးသတ်သွားရင် ကလပ်ရဲ့ ထာဝရ အကောင်းဆုံး ၁၁ ယောက် အသင်းထဲမှာ ညာခြမ်းတိုက်စစ်နေရာက ပါဝင်မှာပါ။ ဒါကို သံသယဖြစ်စရာ မရှိပါဘူး။ ” လို့ ကာရေဂါက ပြောဆိုသွားခဲ့ပါတယ်။