အန်ဖီးကွင်းမှာ အေစီမီလန်ကို ဧည့်ခံကစားမယ့် ချန်ပီယံလိဂ်ပွဲကြို ယာဂင်ရဲ့ မီဒီယာတွေ့ဆုံမှုမှာ အရေးပါတဲ့ ကိစ္စ (၅) ခုကို ကောက်နုတ် ဖော်ပြမှာဖြစ်ပါတယ်။

၁) ခွဲစိတ်မှုအတွက် လန်ဒန်ကို ရောက်နေပြီဖြစ်တဲ့ အယ်လီးယော့

လိဒ်ယူနိုက်တက်နဲ့ပွဲမှာ ခြေကျင်းဝတ် ဒဏ်ရာရသွားတဲ့ အယ်လီးယော့ဟာ ဒီကနေ့မှာပဲ လန်ဒန်မှာ ခွဲစိတ်မှု ခံယူသွားတော့မယ်လို့ သိရပါတယ်။ သူ့ရဲ့ အခြေအနေကို ခွဲစိတ်မှုပြီးမှ သိရပါလိမ့်မယ်။

“ ပွဲအပြီးမှာ သူနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ သူက အကောင်းဆုံး အခြေအနေမှာ ရှိနေပါတယ်။ ခွဲစိတ်ရမယ့် ကိစ္စကိုလည်း သူလက်ခံခဲ့ပါတယ်။ ကျနေ်ာ သိရသလောက်ကတော့ ဒီကနေ့မှာပဲ ခွဲစိတ်မှုအတွက် လန်ဒန်ကို သူရောက်သွားပါပြီ။ သူပြန်သက်သာလာဖို့အတွက် ပထမခြေလှမ်းဖြစ်ပြီး ခွဲစိတ်မှုပြီးမှ သတင်းတွေ သိရပါမယ်။ ”

၂) ကြည့်ကိုကြည့်ရမယ့် ချန်ပီယံလိဂ်ပွဲ

သမိုင်းတစ်လျှောက် ၂ ကြိမ်ပဲ တွေ့ဆုံဖူးရာမှာ နှစ်ကြိမ်လုံးက ဥရောပ ဗိုလ်လုပွဲတွေဖြစ်ပါတယ်။ ယာဂင်ကလော့ပ် ဒီတစ်ကြိမ် နှစ်သင်း တွေ့ဆုံမှုကို လူတိုင်း ကြည့်သင့်သလို ကြည့်လိမ့်မယ်လို့ ယုံကြည်နေတယ်။

“ ၂၀၀၇ ချန်ပီယံလိဂ် ဗိုလ်လုပွဲထက် ၂၀၀၅ ကိုပဲ ပိုပြီး မှတ်မိတာပေါ့။ ဒုတိယပိုင်းကို မကြည့်တော့ဖို့တောင် ဆုံးဖြတ်ခဲ့ပါတယ်။ ကံကောင်းစွာပဲ ကျနော် လိုင်းမပြောင်းဘဲ ဆက်ကြည့်ဖြစ်ခဲ့တယ်။ ချန်ပီယံလိဂ်ပွဲတွေထဲမှာ လီဗာပူးနဲ့ အေစီမီလန်တို့ ထိပ်တိုက်တွေ့တဲ့ပွဲကတော့ ကြည့်ကို ကြည့်သင့်တဲ့ပွဲပါ။ အားလုံးလည်း စောင့်ကြည့်လိုပါလိမ့်မယ်။ ဒီတစ်ကြိမ်ကတော့ နှစ်သင်းလုံးအတွက် ခက်ခဲပါလိမ့်မယ်။ ”

၃) အန်ဖီးကွင်းရဲ့ ချန်ပီယံလိဂ်ည

မနှစ်ကရာသီမှာ ကွင်းပိတ် ကစားရမှုနဲ့အတူ အန်ဖီးရဲ့ ဥရောပညတွေဟာ ခမ်းနားမှုတွေအစား ဗလာဟင်းလင်း ထိုင်ခုံတွေဖြင့် တိတ်ဆိတ်နေခဲ့ရပါတယ်။ ကျော်ကြားတဲ့ အန်ဖီးရဲ့ ချန်ပီယံလိဂ်ညတွေ ပြန်လည် သက်ဝင် လှုပ်ရှားလာတော့မှာကို ယာဂင်က စိတ်လှုပ်ရှားနေပါတယ်။

“ အိမ်ကွင်း ချန်ပီယံလိဂ်ပွဲကို စောင့်နေရတာ ကြာခဲ့ပါပြီ။ အခုတော့ အန်ဖီးရဲ့ အားပေးမှုကောင်းတွေကို ပြန်လည် ခံစားဖို့ အခွင့်အရေး ရလာခဲ့ပါပြီ။ အတိတ်တုန်းကလည်း အန်ဖီးကွင်းက ဥရောပညတွေအကြောင်း စကားတွေ ပြောခဲ့ပါတယ်။ ဒီအတွေ့အကြုံကို ပြန်ခံစားဖို့ မစောင့်နိုင်အောင်ပါပဲ။ သိပ်ကောင်းမှာ ဖြစ်သလို ကျနော်ကတော့ စောင့်မျှော်နေမိပါပြီ။ ”

၄) အေစီနဲ့အတူ ပါလာမှာ မဟုတ်တဲ့ ဆွီဒင်နတ်ဘုရာကြီး

အန်ဖီးကွင်းကို ရောက်လာမယ့် အေစီမီလန် အသင်းသားတွေထဲမှာ ချယ်ဆီး တိုက်စစ်မှူးဟောင်း ဂျီရူး ပါဝင်လာမှာဖြစ်ပေမယ့် ဝါရင့် တိုက်စစ်မှူး အေဘရာဟီမိုဗစ်ကတော့ ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

“ အေဘရာဟီမိုဗစ်က သိပ်ကောင်းတဲ့ တိုက်စစ်သမားပါ။ ဒီလိုပွဲတွေအတွက် အကောင်းဆုံး ကစားသမားဖြစ်ပါတယ်။ သူ့ကို ကျနော် သိပ်သဘောကျတာကို သူလည်း သိပါတယ်။ ”

၅) အမြဲတမ်း အကောင်းဆုံး စွမ်းဆောင်ပြလိုတဲ့ မို

လီဗာပူးတိုက်စစ်မှူး ဆာလာဟာ လိဒ်ယူနိုက်တက်နဲ့ပွဲမှာ သူ့ရဲ့ ပရီးမီးယားလိဂ်သွင်းဂိုး ၁၀၀ ကို ပြည့်မြောက်ခဲ့ပါတယ်။ အသက် ၃၀ အရွယ် ရောက်လာတော့မယ့် မိုဟာ ကစားသမားဘဝ နေ့ရက်တိုင်းမှာ အကောင်းဆုံးတွေအတွက်ပဲ အမြဲတမ်း အားထုတ်လေ့ရှိသူလို့ ချန်ပီယံလိဂ်ပွဲကြိုမှာ ကလော့ပ်က ပြောပါတယ်။

“ ဒီလိုပွဲတွေမှာ တတ်နိုင်သလောက် အများကြီးကို မိုက ပါဝင်ကစားလိုပါလိမ့်မယ်။ သူ မပါသင့်ဘူးလို့ ပြောစရာ ဘာအကြောင်းရင်းမှ မတွေ့ပါဘူး။ ဒါက စိတ်ဓါတ် ခံယူချက်နဲ့ သက်ဆိုင်ပြီး ကစားသမား အများအပြားဟာ ဒီလို လုံ့ဆော်မှုတွေ မရှိတာကြောင့် သူတို့ရဲ့ ကစားသမားဘဝကို ခပ်စောစောပဲ အနားယူကြရပါတယ်။ မိုကတော့ သူ့ကစားသမားဘဝ နေ့တိုင်းမှာ အကောင်းဆုံးတွေကို ညစ်ထုတ်လိုသူ ဖြစ်ပါတယ်။ ”