လီဗာပူးအသင်းက လိဒ်ယူနိုက်တက်ကို ၃-၀ နဲ့ နိုင်ခဲ့တဲ့ပွဲမှာ ကောင်းမွန်တဲ့ အဖြစ်အပျက်တွေကော စိတ်မကောင်းစရာ အဖြစ်အပျက်တွေပါ ရှိခဲ့တာကြောင့် တချို့အရာတွေကို လျစ်လျူရှုမိဖို့ လွယ်ကူခဲ့ပါတယ်။

ဥပမာအားဖြင့် ကစားသမားသစ် ကိုနာတေး သူ့ရဲ့ ပထမဆုံးပွဲ ကစားခွင့်ကို ဘာကြောင့် စောင့်နေရသေးလဲဆိုတာမျိုးပေါ့။ အကြောင်းရင်းကတော့ ထူးထူးချွန်ချွန် တော်လွန်းနေတဲ့ ဂျိုဝယ် မာတစ်ကြောင့်ပါပဲ။

ခံစစ်ဇုန် ကိုက် ၂၀ အကွာ ဗန်ဒိုက်ဆီက ပေးပို့မှုကို လက်ခံရရှိခဲ့တဲ့ မာတစ်ဟာ သူရှာတွေ့ခဲ့တဲ့ နေရာလွတ်ဆီ ရည်ရွယ်ချက်ရှိရှိနဲ့ ပြေးလွှားသွားခဲ့ပြီးနောက် မာနေးကို အနီးကပ်ပေးပို့မှု လုပ်ပြီး ချိတ်ဆက်ကစားဖို့ ဧရိယာအစွန်းဆီ ဆက်သွားခဲ့ပေမယ့် သူ့ဆီ ဘောလုံး ပြန်မရောက်လာတဲ့အခါမှာ စိတ်ပျက်သွားခဲ့ပါတယ်။

ဒါပေမယ့် ဗဟိုခံစစ်မှူးဟာ လိဒ်ယူနိုက်တက် ဂိုးဧရိယာကနေ ကိုက်အနည်းငယ်လောက်ပဲ နောက်ပြန်ဆုတ်ခဲ့ပြီးတော့ မကြာခင်မှာပဲ ထရန့်ရဲ့ အမြင့်ဘော ပေးပို့မှုကတဆင့် ဘောလုံးပြန်ရခဲ့ပါတယ်။ အဲ့ဒီ့နောက် မာတစ်ဟာ ချက်ချင်းပဲ ဂိုးရှေ့ရှေ့နားကို ပြေးသွားခဲ့ပြီး ထရန့်ရဲ့ အမြင့်ဘောကို ထောင့်နားကနေ ဂျိုတာဆီ ညှင်သာတဲ့ ပေးပို့မှု လုပ်လိုက်ပြီးတော့ သူ့ရဲ့ ပုံမှန် နောက်တန်းနေရာကို ပြန်သွားခဲ့တာပါ။

အဲ့ဒီလို တိုက်စစ်ပံ့ပိုးမှုတွေဖြင့် ကစားနိုင်ခြင်းကြောင့်ပဲ လူမှုကွန်ယက်တွေပေါ်မှာ မာတစ်ကို ဗဟိုနောက်ခံလူ အဖြစ် ဟန်ဆောင်ထားတဲ့ နံပါတ် ၁၀ ကစားသမား ရော်နယ်ဒင်ညိုအဖြစ် မှတ်ချက်ပေးမှုတွေ လျှင်လျှင်မြန်မြန်ပဲ မြှင့်တက်လာခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒါက ကင်မရွန်းသားရဲ့ သွေးကြောတွေထဲမှာ စီးဆင်းနေတဲ့ ယုံကြည်မှုရဲ့ ထင်ရှားတဲ့ ပြယုဂ်တစ်ခု ဖြစ်ခဲ့တာပါ။

ဘယ်လီဗာပူးကစားသမားကမှ လိဒ်ပွဲမှာ မာတစ်ထက် ပိုပြီး ပေးပို့မှု မလုပ်နိုင်ခဲ့သလို ဘောလုံးပေးပို့ရာမှာ မာတစ်ရဲ့ တိကျမှုကိုလဲ လိုက်မမှီခဲ့ကြပါဘူး။ မာတစ်ဟာ အကျိုးရှိတဲ့ တိုက်စစ်လိုက်ပါမှုတစ်ခုအဖြစ် ခံစစ်ကနေ ဘောလုံး ဆွဲထုတ်လာကာ ထရန့်ကို ဆာလာရဲ့ သွင်းဂိုးအတွက် ဖြတ်တင်ပေးပို့မှု လုပ်နိုင်အောင် ဘောလုံးကမ်းပေးခဲ့တာဖြစ်ပြီး လီဗာပူးရဲ့ အဖွင့်ဂိုးမှာ အရေးပါတဲ့ နေရာကနေ ပါဝင်ပေးခဲ့ပါတယ်။ သွင်းဂိုးမတိုင်ခင် ဂိုးထောက်ပံ့မှုအတွက် အရေးပါတဲ့ ပေးချက်ဟာ ယာဂင်ကလော့ပ်ရဲ့ အသင်းမှာ အရေးပါတဲ့ ပေးချက်မျိုးဖြစ်ပါတယ်။

ဒါပေမယ့် အဲ့ဒီ့ တိုက်စစ်ပံ့ပိုးမှုတွေကတင် အသက် ၃၀ အရွယ် ခံစစ်မှူးကို လီဗာပူးခံစစ်မှာ အကောင်းဆုံး ကစားသမားတစ်ဦးအဖြစ် အထိုင်ကျစေခဲ့တဲ့ အကြောင်းရင်း မဟုတ်ပါဘူး။ ခံစစ်မှာ သူဟာ ဗန်ဒိုက်နည်းတူ လွှမ်းမိုးထားခဲ့ပြီး ကလပ်ရဲ့ လိဂ် အဖွင့် ၄ ပွဲမှာ clean sheet ၃ ကြိမ် ရရှိအောင် ကူညီပေးနိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့လက လူကာကူနဲ့ ရင်ဆိုင်ခဲ့ရစဉ် သူဟာ ချယ်ဆီး တိုက်စစ်မှူးကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အဲ့ဒီပွဲဟာ ဗန်ဒိုက်ကို ရှောင်ပြီး သူရဲ့ တွဲဘက် ခံစစ်မှူးဘက်က ထိုးဖောက်မယ်ဆိုတာကလည်း လွယ်ကူတဲ့ ကိစ္စ မဟုတ်ဘူးဆိုတာ ထင်ရှားစေခဲ့ပါတယ်။ မာတစ်က အပိုတာဝန်တွေကို မမှုပဲ ကောင်းကောင်းဖြေရှင်းနိုင်တာကြောင့် သိပ်ပြီး ပြဿနာ မရှိပါဘူး။

ဗန်ဒိုက်နဲ့ နားလည်မှု ကောင်းတွေရှိခြင်းကြောင့် သူ့ကို ဒီရာသီမှာ ပွဲထွက်ခွင့် ရစေတယ်ဆိုရင် သူ့ရဲ့ ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေကြောင့်ပဲ အဲ့ဒီ့ ပွဲထွက်နေရာကို ဆက်ထိန်းသိမ်းနိုင်ခဲ့တယ်လို့ ပြောရမှာပါ။ အခုဆိုရင် မာတစ်ကို ကြံ့ခိုင်မှု အပြည့်နဲ့ အမြဲရှိနေစေဖို လီဗာပူးပရိသတ်တွေ ဆုတောင်းနေကြရပါပြီ။

မာတစ်ရဲ့ အရည်အသွေးက ဘယ်တော့မှ သံသယဖြစ်စရာ မရှိခဲ့ပေမယ့် ၂၀၁၉ မှာ စပါးကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ဖိုင်နယ်အပြီး ၂ ရာသီအတွင်း ၂၁ ပွဲသာ ပွဲထွက်ခဲ့ရတဲ့ မာတစ်ရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းက မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

မနှစ်က ဇန်နဝါရီမှာ ရာသီကုန်အထိ ဗန်ဒိုက်၊ ဂိုးမက်တို့နဲ့အတူ အနားယူခဲ့ရတဲ့ မာတစ်ရဲ့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် လီဗာပူးဟာ ရေတို ဗဟိုခံစစ်အတွက် ခါဘက်နဲ့ ဘန်ဒေးဗီးစ်တို့ကို ခေါ်ယူခဲ့ရပါတယ်။ ခံစစစ်ပြဿနာက လီဗာပူးကို ချန်ပီယံလိဂ် နောက်ပိုင်း အဆင့်တွေမှာ ကျရှုံးစေခဲ့တဲ့ အကြောင်းရင်းတစ်ခုလဲ ဖြစ်ပါတယ်။

နွေရာသီမှာ မာတစ် ပြန်လာနိုင်ခဲ့ပေမယ့် ဗန်ဒိုက်၊ ဂိုးမက်တို့ကလည်း တစ်ချိန်တည်း ပြန်လာနိုင်ခဲ့တာကြောင့် သိပ်ပြီး အာရုံစိုက်မခံခဲ့ရပါဘူး။ ကလန်ကလား အရပ်နဲ့ ရယ်ရွှင်ဖွယ် ခံစစ်မှူးဟာ လွန်ခဲ့တဲ့ ၅ နှစ်ကျော်က ရှော်ကေးကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်လာပြီးကတည်းက လူတွေရဲ့ လျစ်လျူရှုထားမှုနဲ့ အသားကျနေခဲ့တာပါ။ ဒါပေမယ့် မာတစ်ရဲ့ အရည်အသွေးတွေကို အပြည့်အဝ အသိအမှတ်ပြုတဲ့ လူတစ်ယောက် ရှိပါတယ်။

“ကျွန်တော် ဗန်ဒိုက်အကြောင်း ပြောရတာ ကြိုက်ပေမယ့် မနှစ်က ‘ဗန်ဒိုက် မကစားခဲ့ရဘူး’ ဆိုတဲ့အကြောင်းပြောရင် မကြိုက်ဘူး။ ထပ်ပြောရရင် ဂျိုဂိုးမက်နဲ့ မာတစ်တို့ကလည်း သိပ်ပြီး ကောင်းကောင်း မကစားခဲ့ရတာကြောင့် အခြေအနေက မလွယ်ကူခဲ့ဘူး။ အဲ့ကျတော့ လူတွေက သူတို့ ဘယ်လောက်ကောင်းတယ်ဆိုတာကို မေ့သွားကြတယ်”လို့ ပြီးခဲ့တဲ့လက ယာဂန်ကလော့ပ်က ပြောခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ၂၂ ရက်အတွင်း ၇ ပွဲကစားရမယ့် ပွဲကျပ် အချိန်ဇယားတစ်ခုရှိပြီး အဲ့ဒီ့ထဲက ဒုတိယမြောက်ပွဲအဖြစ် ဒီနေ့ အေစီမီလန်နဲ့ ချန်ပီယံလိဂ်ပွဲ ကစားရဖို့ရှိနေပါတယ်။ ကလော့ပ်က သူ့ရဲ့ ဗဟိုနောက်ခံလူတွေကို မနိုင်ဝန် မထမ်းစေချင်တာကြောင့် ဂိုးမက်နဲ့ ကိုနာတီတို့ မကြာခင်မှာ ကစားခွင့်တွေ ရလာတော့မှာပါ။ ဒါပေမယ့် အခုချိန်မှာတော့ မာတစ်ကို ဖယ်ထုတ်စရာ ဘာအကြောင်းမှ မရှိသေးပါဘူး။

သူက ပွဲတိုင်း ကစားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကင်မရွန်းသားဟာ မကြာခင်ကာလမှာ လီဗာပူးရဲ့ အမေ့ခံ ကစားသမား မဟုတ်တော့ပဲ တောက်ပ ပြတော့မယ်ဆိုတာကို အားလုံး သတိပြုမိဖို့ လိုအပ်နေပါပြီ။