ပေါလ်မာဆန်ရဲ့ ခန့်မှန်းချက်တွေ ပြန်လာခဲ့ပါပြီ။ ယခုတစ်ပတ်ထဲမှာ အသင်းကြီးအချင်းချင်းတွေ့ဆုံနေတဲ့ ပွဲစဉ်တစ်ပွဲပါဝင်နေပါတယ်။ အဲဒါကတော့ တိုက်စစ်မှာပုံစံကောင်းတွေပြသထားပြီး ရလဒ်ကောင်းတွေရရှိနေတဲ့ အာဆင်နယ်အသင်း နဲ့လက်ရှိပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးတဲ့ လစ်ဗာပူးလ်တို့ တွေ့ဆုံကစားရမှာပဲ ဖြစ်ပါတယ်။ အခြားသော အသင်းကြီးပွဲစဉ်တွေအဖြစ် မန်စီးတီးဟာ အယ်တီဟက်မှာ ဆောက်သမ်တန်ကို လက်ခံကစားရမှာဖြစ်ပြီး ချဲလ်ဆီးဟာလည်း ခရစ္စတယ်ပဲလေ့စ်ကိုစတန်းဖို့ဘရစ်ခ်ျမှာ ကစားသွားရမှာဖြစ်ပါတယ်။ မန်ယူကတော့ ဘုန်းမောက်ကို အဝေးကွင်းသွားရောက်ကစားရဖို့ ရှိနေပြီး စပါးအသင်းဟာလည်း ဝုဗ်ဗာဟမ်တန်ကို အဝေးကွင်းသွားရောက်ကစားရမှာ ဖြစ်ပါတယ်။ ပေါလ်ရဲ့ ခန့်မှန်းချက်လေးတွေကို တစ်ချက်ကြည့်လိုက်ရအောင်။

၁။ ဘုန်းမောက် – မန်ချက်စတာယူနိုက်တက် (စနေည၊ ၇း၀၀ နာရီ)

ဒီပွဲကသရေပွဲလို့ ပြောလို့ရပါတယ်။ လွန်ခဲ့တဲ့ နှစ်ပိုင်းတွေတုန်းကဆိုရင်တော့ ဒီလိုပွဲစဉ်မျိုးဟာ မန်ချက်စတာယူနိုက်တက်အတွက် လွယ်ကူတဲ့ ပွဲလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် အခုတော့ ခက်ခဲမယ့် ပွဲဖြစ်သွားပါပြီ။ ဒီပွဲက ခန့်မှန်းရလည်း ခက်တဲ့ပွဲစဉ်ပါ။ ပြီးခဲ့တဲ့ အပတ်က အဲဗာတန်နဲ့ ပွဲမှာတော့ ကျွန်တော် မန်ယူဘက်က ရှိခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ မန်ယူနိုက်တက်မို့လို့ပါ။ ဒါပေမယ့် ဒီပွဲကိုတော့ သရေလို့ပဲ ခန့်မှန်းမိပါတယ်။ ဘုန်းမောက်ကို အထင်ကြီးမိတာလည်း ပါတာပေါ့။ ယူနိုက်တက်ဟာ တစ်ခါတစ်လေ အဝေးကွင်းမှာ ပိုကောင်းတတ်ပါတယ်။ ဒါပေမယ့် ဘုန်းမောက်အနေနဲ့ သူတို့ကို ကောင်းကောင်းဧည့်ခံပါလိမ့်မယ်။

ခန့်မှန်းရလဒ် ။ ။ ဘုန်းမောက် ၂ – ၂ မန်ချက်စတာယူနိုက်တက်

၂။ နယူးကာဆယ် – ဝက်ဖို့ဒ် (စနေည၊ ၉း၃၀ နာရီ)

နယူးကာဆယ်ပရိသတ်တွေ ပျော်ရွှင်ရမယ့် ပွဲမဟုတ်ပါဘူး။ ကျွန်တော်ကတော့ ဝက်ဖို့ဒ်ကို ကြိုက်ပါတယ်။ လက်ရှိအချိန်မှာ နယူးကာဆယ်အနေနဲ့ နိုင်ပွဲတစ်ပွဲ ဒါမှမဟုတ် သွင်းဂိုးတစ်ဂိုး ရရှိမယ်လို့ ကျွန်တော် မမြင်မိသေးပါဘူး။ ဝက်ဖို့ဒ်တို့ ဘုန်းမောက်တို့ဟာ ပရီးမီးယားလိဂ်မှာ အထင်သေးလို့ မရတဲ့ အသင်းတွေပါ။ နှစ်သင်းစလုံး အရမ်းကောင်းမွန်ပါတယ်။ သူတို့ဟာ တန်ပြန်တိုက်စစ်တွေမှာ မြန်ဆန်ပြီး ကြံ့ခိုင်မှုကောင်းမွန်ကြပါတယ်။ နယူးကာဆယ်အနေနဲ့ အသင်းတစ်သင်းသင်း နိုင်ပွဲရရှိဖို့တော့ လိုအပ်နေပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်ကတော့ ဝက်ဖို့ဒ် (၂-၀) ဂိုးနဲ့ အနိုင်ရရှိမယ်လို့ပဲ ခန့်မှန်းလိုက်ပါတယ်။

ခန့်မှန်းရလဒ် ။ ။ နယူးကာဆယ် ၀ – ၂ ဝက်ဖို့ဒ်

၃။ အဲဗာတန် – ဘရိုက်တန် (စနေည၊ ၉း၃၀ နာရီ)

ဘရိုက်တန်အနေနဲ့ နယူးကာဆယ်ကို နိုင်ခဲ့တာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် သူတို့ဟာ နောက်တစ်ပတ်အိမ်ကွင်းမှာတော့ ရုန်းကန်ခဲ့ရပြန်ပါတယ်။ အဲဒါကြောင့် ကျွန်တော်ကတော့ အဲဗာတန်အနိုင်ရရှိမယ်လို့ပဲ ထင်ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကအိုးထရက်ဖို့ဒ်မှာ အဲဗာတန်ဟာ ကစားပုံကောင်းမွန်ခဲ့ပါတယ်။ သူတို့အနေနဲ့ ကောင်းမွန်တဲ့ ရလဒ်တစ်ခုကို ရရှိခဲ့သင့်တာပါ။ ဘရိုက်တန်က တော်တော်လေးကို မာကျောပေမယ့် အိမ်ကွင်းမှာပဲ ပိုကောင်းတတ်ပါတယ်။ အဲဗာတန်မှာ ရစ်ချာလီဆန်၊ ဆစ်ဂတ်ဆန်နဲ့ ဘားနက်ဒ်တို့ ရှိနေပါတယ်။ ဒီလောက်ဆိုရင် ဘရိုက်တန်ကို ဂိုးသွင်းဖို့ လုံလောက်ပါပြီ။

ခန့်မှန်းရလဒ် ။ ။ အဲဗာတန် ၂ – ၀ ဘရိုက်တန်

၎။ ကာဒစ်ဖ်စီးတီး – လက်စတာစီးတီး (စနေည၊ ၉း၃၀ နာရီ)

ဒီပွဲအကြောင်းတော့ ကျွန်တော်သိပ်မသိပါဘူး။ ကစားသမားတွေအတွက် အရမ်းများစောလွန်းနေမလားတော့ မသိပါဘူး။ သူတို့ကိုယ်တိုင်ပဲ သိမှာပါ။ လက်စတာအနေနဲ့ ပိုင်ဆိုင်မှုအသာနဲ့ အေးအေးဆေးဆေးအနိုင်ရရှိသွားနိုင်သလို ပြောင်းပြန်လည်း ဖြစ်သွားနိုင်တာပါပဲ။ တော်တော်လေးကို ခန့်မှန်းရခက်ခဲတဲ့ ပွဲစဉ်ဖြစ်ပါတယ်။

ခန့်မှန်းရလဒ် ။ ။ ကာဒစ်ဖ်စီးတီး ၂ – ၁ လက်စတာစီးတီး

၅။ ဝက်စ်ဟမ်း – ဘန်လေ (စနေည၊ ၉း၃၀ နာရီ)

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးမှာတုန်းက ဝက်စ်ဟမ်းအနေနဲ့ လူဆယ်ယောက်လောက် အပြောင်းအလဲလုပ်ထားတဲ့ စပါးကို အိမ်ကွင်းမှာရှုံးနိမ့်ခဲ့တာ တော်တော်လေးကို အံ့အားသင့်စရာပါပဲ။ ဒီပွဲမှာတော့ ကျွန်တော်ဝက်စ်ဟမ်းကိုသဘောကျပါတယ်။ ဘန်လေဟာ နောက်ဆုံးနှစ်ပွဲမှာ (၅-၀) တို့ (၄-၀) တို့ နဲ့ ရှုံးနိမ့်ထားတာပါ။ သူတို့ဟာ ပြီးခဲ့တဲ့နှစ်က ဘန်လေမဟုတ်တော့ပါဘူး။ သူတို့အဲဒီလိုဂိုးပြတ်ရှုံးခဲ့တာတွေဟာ အသင်းကြီးတွေဆိုပေမယ့်လည်း အရင်နှစ်တုန်းက အဲဒီလိုမဟုတ်ပါဘူး။ လက်ရှိအချိန်မှာ ဝက်စ်ဟမ်းကပုံမှန်ခြေစွမ်းအနည်းငယ်သာရှိပါတယ်။ သူတို့အနေနဲ့ နိုင်ပွဲတွေဆက်ဖို့လိုအပ်နေပြီဖြစ်ပြီး ဒီပွဲကနေ စတင်အနိုင်ရဖို့ကြိုးစားရမှာပါ။သူတို့အနေနဲ့ ယာမိုလန်ကို ကိုအရမ်း မှီခိုလွန်းနေပါတယ်။ သူသာဒဏ်ရာရသွားရင်တော့ ဝက်စ်ဟမ်းအတွက်တော်တော်လေးကိုနစ်နာသွားမှာပါ။

ခန့်မှန်းရလဒ် ။ ။ ဝက်စ်ဟမ်း ၂ – ၀ ဘန်လေ

၆။ အာဆင်နယ် – လစ်ဗာပူးလ် (တနင်္ဂနွေနံနက်၊ ၀၀း၀၀ နာရီ) / (စနေည သန်းခေါင် ၁၂း၀၀ နာရီ)

ဒီပွဲမှာတော့ ကျွန်တော့်အနေနဲ့ လစ်ဗာပူးလ်နိုင်မယ်လို့ပဲ ထင်ပါတယ်။ အာဆင်နယ်ရဲ့ ခံစစ်ကြောင်းဟာ အရမ်းကိုဆိုးရွားပါတယ်။ နေရာအနှံ့ပြန့်ကျဲနေပြီး အရင်တုန်းကနဲ့ ထူးမခြားနားပါပဲ။ ဘယ်လာရင် ဒဏ်ရာကြောင့်မကစားနိုင်ရင် ဂရန်းနစ်ဇာခါကို ဘယ်နောက်ခံလူနေရာမှာ ထည့်ကစားပါလိမ့်မယ်။ လင့်ခ်ျစတိုင်နာကတော့ ညာနောက်ခံလူနေရာမှာပေါ့။ ပရီးမီးယားလိဂ်မှာ သူ့လို အသက် (၃၅) နှစ်အရွယ် ကစားသမား ဘယ်နှစ်ယောက်လောက်ရှိပါသေးလဲ။ လူတွေကတော့ အာဆင်နယ်အနေနဲ့ဂိုးသွင်းလိမ့်မယ်လို့ ပြောကြပါလိမ့်မယ်။ ဒါပေမယ့် လစ်ဗာပူးလ်ရဲ့ ခံစစ်က တော်တော်လေးကိုကောင်းနေတာပါ။ အာဆင်နယ်အနေနဲ့ (၁၁) ပွဲဆက်အနိုင်ရရှိတာကို ကျွန်တော်မြင်တွေ့ခဲ့ရပါတယ်။ အဲဒီထဲမှာသူတို့ လေးပွဲလောက်အသာလေးရှုံးခဲ့နိုင်ပါတယ်။ဒီပွဲမှာတော့ လစ်ဗာပူးလ်ရဲ့ တိုက်စစ်ကိုသူတို့ ခံနိုင်ရည်ရှိမှာ မဟုတ်ပါဘူး။

ခန့်မှန်းရလဒ် ။ ။ အာဆင်နယ် ၁ – ၃ လစ်ဗာပူးလ်

၇။ ဝုဗ်ဗာဟမ်တန် – တော့တင်ဟမ်ဟော့စပါး (တနင်္ဂနွေနံနက်၊ ၂း၁၅ နာရီ)

ဝက်စ်ဟမ်းကို အနိုင်ရခဲ့တာ စပါးအတွက်တော့ ရလဒ်ကောင်းပါပဲ။ လူတွေ အပြောင်းအလဲအများကြီးလုပ်ခဲ့တာတောင်မှပေါ့။ ဒါပေမယ့် ပြီးခဲ့တဲ့ တနလာင်္ညက ကစားခဲ့တဲ့ မန်စီးတီးနဲ့ ပွဲကတော့ အနည်းငယ်ထူးဆန်းခဲ့ပါတယ်။ သရုပ်ပြပွဲတစ်ပွဲလို့တောင်ကျွန်တော် ခံစားခဲ့ရပါတယ်။ တော့တင်ဟမ်ဟာ ထိပ်ဆုံးလေးသင်းနေရာအတွက် တိုက်ပွဲဝင်နေတာပါ။ အဲဒါကြောင့် ဒီပွဲဟာ သူတို့အတွက်တော့ ပွဲကြီးပွဲကောင်းပါပဲ။ ဝုဗ်အနေနဲ့ အပေးအယူကစားတာ ဘယ်လောက်ပဲကောင်းကောင်း ဂိုးရှေ့မှာတော့ စိတ်ပူရပါတယ်။ သူတို့ဟာ ဘောလုံးကို ထိန်းသိမ်းထားနိုင်ပေမယ့် ဂိုးတော့မသွင်းနိုင်ဘူးဖြစ်နေတာပါ။ သူတို့အတွက် တော့တင်ဟမ်ဟာအရမ်းကို ကောင်းမွန်လွန်းနေလိမ့်မယ်။

ခန့်မှန်းရလဒ် ။ ။ ဝုဗ်ဗာဟမ်တန် ၁ – ၃ တော့တင်ဟမ်ဟော့စပါး

၈။ မန်ချက်စတာစီးတီး – ဆောက်သမ်တန် (တနင်္ဂနွေည၊ ၉း၃၀ နာရီ)

မန်စီးတီးကို ဘယ်နှစ်ဂိုးလောက်သွင်းစေချင်ပါသလဲ။ ကျွန်တော်အတည်မေးတာပါ။ ကျွန်တော်ကတော့ သူတို့ (၄-၀)ဂိုးလောက်နဲ့ နိုင်မယ်ထင်ပါတယ်။ ဘယ်အရေအတွက်မဆို ဖြစ်သွားနိုင်ပါတယ်။ ဆောက်သမ်တန်ဟာ ဂိုးမသွင်းနိုင်တာ တော်တော်လေးကို ကြာနေပါပြီ။ မန်စီးတီးဟာ စပါးလိုအသင်းကောင်းကို တိုက်စစ်ဆင်ကစားခဲ့ပြီး အဝေးကွင်းမှာ (၁-၀) ဂိုးန့ အနိုင်ရရှိခဲ့ပါတယ်။ နောက်ပြီးတော့ အခွင့်အရေးအနည်းငယ်လည်း ရရှိခဲ့ပါသေးတယ်။ ဘန်လေနဲ့ ပွဲတုန်းကလည်း တိုက်စစ်ဆင်ကစားပြီး (၅-၀) ဂိုးနဲ့အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာပါ။

ခန့်မှန်းရလဒ် ။ ။ မန်ချက်စတာစီးတီး ၄ – ၀ ဆောက်သမ်တန်

၉။ ချဲလ်ဆီး – ခရစ္စတယ်ပဲလေ့စ် (တနင်္ဂနွေည၊ ၁၀း၃၀ နာရီ)

ပဲလေ့စ်ဟာ အာဆင်နယ်နဲ့ တွေ့တုန်းကတော့ တော်တော်လေးကို ကောင်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးကတော့အာဆင်နယ်နဲ့ မတူပါဘူး။ သူတို့ဟာ စတန်းဖို့ဘရစ်ခ်ျမှာတော့ ပဲလေ့စ်အတွက် အရမ်းကို ကောင်းမွန်လွန်းပြီး ကြံ့ခိုင်သန်မာလွန်းနေပါလိမ့်မယ်။ ချဲလ်ဆီးဟာ ကစားပုံကောင်းနေပါတယ်။ သူတို့အနေနဲ့ ပြီးပြည့်စုံခြင်းမရှိသေးပေမယ့်လည်း နည်းပြ မော်ရီဇီယိုဆာရီ ကစားစေချင်တဲ့ ပုံစံအတိုင်းအကောင်းဆုံးကစားပြနေပါတယ်။ သူဟာ ကစားသမားအချို့ကို အကောင်းဆုံးပုံစံရရှိလာအောင်ကူညီပေးနေပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးနိုင်မယ်လို့ ထင်ပါတယ်။ ထိပ်ဆုံးက သုံးသင်းစလုံး ရှုံးပွဲတွေ့ဦးမှာ မဟုတ်ပါဘူး။ ပြောရရင်တော့ မယုံနိုင်စရာပါပဲ။

ခန့်မှန်းရလဒ် ။ ။ ချဲလ်ဆီး ၃ – ၀ ခရစ္စတယ်ပဲလေ့စ်

၁၀။ ဟက်ဒါစ်ဖီးလ် – ဖူဟမ် (အင်္ဂါနေ့နံနက်၊ ၂း၃၀ နာရီ)

ဒီပွဲက ဗိုလ်လုပွဲလို ကစားကြရမှာပါ။ ဖူဟမ်ကိုတော့ ကျွန်တော်မကြိုက်နိုင်ပါဘူး။ သူတို့ရဲ့ခံစစ်ကြောင်းက နေရာအနှံ့ပြန့်ကျဲနေပါတယ်။ ကာဒစ်ဖ်နဲ့ ပွဲမှာ သူတို့ လေးဂိုးတောင် ပေးလိုက်ရပါတယ်။ သူတို့ဟာ တိုက်ရိုက်ကြီးကစားနေကြတာပါ။ မင်းတစ်လုံးကန်ရင် ငါလည်းတစ်လုံးကန်မယ်ဆိုတဲ့ အထာနဲ့ပါ။ ပရီးမီးယားလိဂ်မှာ ကစားမယ်ဆိုရင် ဒီထက်ပိုပြီး ပါးနပ်ဖို့ လိုအပ်ပါတယ်။ ဟက်ဒါစ်ဖီးလ်ကိုပဲ ကျွန်တော်ကြိုက်ပါတယ်။ သူတို့ဟာ ဒီရာသီမှာ တောက်လျှောက်ကံဆိုးနေတာပါ။ သူတို့ရဲ့ကံတရားဟာ အပြောင်းအလဲဖြစ်သင့်နေပါပြီ။ ဟက်ဒါစ်ဖီးလ်အနေနဲ့ ဒီပွဲမှာသာ မနိုင်ဘူးဆိုရင် သူတို့အခြေအနေထက်ဆိုးဖို့ပဲ ရှိပါတော့တယ်။ဒီပွဲဟာ သူတို့အနိုင်ရရှိနိုင်တဲ့ ပွဲစဉ်ဖြစ်ပါတယ်။

ခန့်မှန်းရလဒ် ။ ။ ဟက်ဒါစ်ဖီးလ် ၂ – ၁ ဖူဟမ်

Goal Reader