ဗုဒ္ဓဟူးနေ့က ပြင်းထန်တဲ့ ချန်ပီယံလိဂ်ပွဲမှာ လီဗာပူးအသင်း အနိုင် ၃ မှတ် ရယူနိုင်ခဲ့တဲ့အတွက် ညာအစွန်လူ ထရန့် အလက်ဇန္ဒား-အာနိုးက ပျော်ရွှင်နေကြောင်း လီဗာပူးအသင်းဝဘ်ဆိုဒ်မှာ ဖော်ပြသွားခဲ့ပါတယ်။

လီဗာပူးဟာ အန်ဖီးမှာ ဂျော်ဒန် ဟန်ဒါဆန်ရဲ့ မှင်သက်ဖွယ် ၆၉ မိနစ် အနိုင်ဂိုးကြောင့် အေစီမီလန်ကို ၃-၂နဲ့ စိတ်လှုပ်ရှားစရာ အနိုင်ယူပြီး ဥရောပ ရာသီကို စတင်ခဲ့တာ ဖြစ်ပါတယ်။

ထရန့်က ဒီပွဲရဲ့ အစောပိုင်း အဖွင့်ဂိုးကို ကူညီပေးခဲ့တာဖြစ်ပြီး ၉ မိနစ်မှာ သူ့ရဲ့ ဖြတ်တင်ပေးပို့မှုက မီလန်နောက်ခံလူ ဖီကာယို တိုမိုရီကြောင့် လမ်းကြောင်းပြောင်းပြီး ဂိုးပေါက်ထဲ ဝင်သွားခဲ့ကာ တိုမိုရီရဲ့ own goal ဖြင့် လီဗာပူးကို ဦးဆောင်စေခဲ့တယ်။ မီလန်က မိနစ်လေးဆယ်ကျော်မှာ ၂ မိနစ်အတွင်း ၂ ဂိုး ပြန်သွင်းခဲ့ပြီးတော့ ပထမပိုင်းမှာ ၂-၁ နဲ့ ဦးဆောင်ထားခဲ့တာပါ။

အသင်းခေါင်းဆောင်ရဲ့ လီဗာပူးအတွက် အနိုင်ဂိုး မတိုင်ခင် ဒုတိယပိုင်း အစောပိုင်းမှာ မိုဟာမက် ဆာလာက ချေပဂိုး သွင်းယူခဲ့တာဖြစ်ပြီး တစ်ပွဲလုံးရဲ့ အနေအထားနဲ့ ပတ်သက်လို့ ပွဲအပြီးမှာ ထရန့်က အခုလို ပြောပြခဲ့ပါတယ်။

“ တကယ်ကို ပြင်းထန်တဲ့ပွဲပဲ။ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ဒါက ချန်ပီယံလိဂ်ပွဲ ကစားရတဲ့အခါ မျှော်လင့်ကြတဲ့ အရာပါ။ အသင်းကောင်းနှစ်သင်းဖြစ်လို့ အဆုံးသတ်မှာ နိုင်ပွဲရဖို့ ခက်ခဲခဲ့ပါတယ်။

ပထမပိုင်းကို ကျွန်တော်တို့ စတင်ခဲ့တဲ့ နည်းလမ်းက မယုံနိုင်စရာပဲ။ ကျွန်တော်တို့ သူတို့ကို ဖိအားတွေ အများကြီးပေးခဲ့တယ်။ ဘာက သူတို့ကို ထိုးနှက်နေလဲဆိုတာတောင် သူတို့ တကယ် မသိနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ ပထမပိုင်း အဆုံးသတ်မှာ တဖြည်းဖြည်း အားလျော့သွားခဲ့ပေမယ့် နောက်ဆုံးမှာ နိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။

ကောင်းမွန်တဲ့ သွင်းဂိုးတချို့ရခဲ့တယ်။ ဟန်ဒိုရဲ့ အံ့အားသင့်စရာ ကန်ချက်က ကျွန်တော်တို့ကို အနိုင်ရစေခဲ့တာပါ။ ဒီလိုပွဲတွေက ခက်ခဲပါတယ်။ ၂ မိနစ်၊ ၃ မိနစ်လောက် သတိလွတ်သွားတာနဲ့ အပြစ်ပေးခံရတတ်တယ်။ ဒါပေမယ့် ဥရောထိပ်တန်းအဆင့်ဆိုတော့ ဒီလိုအခြေအနေက ပုံမှန်ပါပဲ။

အဲ့ဒီ့လို အမှားမျိုး ထပ်မဖြစ်အောင် ပြင်ဆင်ရမယ်။ မဟုတ်ရင် ဒီနေ့လိုမျိုး အပြစ်ဒဏ်ခံရမှာပါ။ ကျွန်တော်တို့ အနိုင်ရယူနိုင်ခဲ့လို့ တော်သေးတာပေါ့။ ဒါက အဓိက အရေးအကြီးဆုံးပါပဲ”လို့ ထရန့်က ဆိုပါတယ်။

အက်သလက်တီကို မက်ဒရစ်နဲ့ ပေါ်တိုတို့က ဂိုးမရှိ သရေကျခဲ့တာကြောာင့် နိုင်ပွဲရထားတဲ့ လီဗာပူးဟာ အုပ်စုအဆင့် ပထမပွဲအပြီးမှာပဲ အုပ်စု B ရဲ့ ပထမနေရာကို ရောက်ရှိခဲ့ပါတယ်။

“ဒါက ခက်ခဲတဲ့ အုပ်စုပဲ။ ဒီအသင်းလေးသင်း တအုပ်စုထဲကျတော့ လူတိုင်းက အခက်ခဲဆုံး အုပ်စုအဖြစ် အသိအမှတ်ပြုကြတယ်။ အုပ်စုတွင်း တပွဲမှ လွယ်ကူမှာ မဟုတ်ဘူး။ ခက်ခဲမှာဖြစ်လို့ ရနိုင်သမျှ အမှတ်များများ ရယူဖို့လိုတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ ၃ မှတ်ရဖို့ ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်” လို့ ထရန့်က ပြောဆိုခဲ့တာပါ။