ထရန့် အလက်ဇန္ဒား-အားနိုး မရှိ၊ အန်ဒီ ရောဘတ်ဆန် မရှိ၊ ဂျိုဝယ် မာတစ် မရှိ။ လီဗာပူးအတွက် စိုးရိမ်စရာ ပြဿနာထွေထွေထူးထူး မရှိ။ ဒါဟာ ပဲလေစ့်ပွဲက လီဗာပူးအခြေအနေပဲ ဖြစ်ပါတယ်။

ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ အကျွမ်းတဝင် ရှိပြီးသားနေရာကို ပြန်လည် ရောက်ရှိလာပါပြီ။ ကစားပွဲတွေကို အနိုင်ယူပြီး ပရီးမီးယားလိဂ် အမှတ်ဇယား ထိပ်ဆုံးကို ရောက်ရှိလာခြင်းနဲ့အတူ ဒီရာသီ ဖလားပြိုင်ပွဲထဲကနေ သူတို့ကို ဖယ်ထုတ်ထားတဲ့ သူတွေအနေနဲ့ ပြန်စဉ်းစားကြရင် ပိုကောင်းမယ်လို့ သတိပေးခဲ့တာပါပဲ။

မနေ့က မန်စီးတီးဟာ အိမ်ကွင်းမှာ ဆောက်သမ်တန်ကို ဂိုးမရှိ သရေကျခဲ့ပေမယ့် လီဗာပူးကတော့ ပြိုင်ဘက်ရဲ့ ကျရှုံးမှုကို အပြည့်အဝ အသုံးချနိုင်ခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်ကို ၃-၀ နဲ့ အနိုင်ရခဲ့တာက လီဗာပူးကို ဇယားထိပ်ဆုံးထိ ပို့ပေးခဲ့ပြီး ပြဿနာသိပ်မရှိပဲ ခက်ခဲတဲ့ နောက်ထပ်ပွဲတစ်ပွဲကို ကျော်ဖြတ်နိုင်ခဲ့တာပါ။

လီဗာပူးအသင်းရဲ့ အင်အားတောင့်တင်းမှုကို သံသယရှိနေတဲ့ သူတွေအနေနဲ့ သူတို့ရဲ့ အမြင်ကို ပြန်လည်သုံးသပ်ဖို့ လိုအပ်နေပါပြီ။ ဒါဟာ ကလော့ပ်ရဲ့အသင်းအတွက် ၇ ရက်အတွင်း ၃ ပွဲမြောက် နိုင်ပွဲဖြစ်ခဲ့သလို လီဗာပူးမန်နေဂျာဟာ ဒီကာလတွေအတွင်း လူစာရင်း အလဲအလှယ်နဲ့ အသင်းကို ကောင်းကောင်း နေရာချထားနိုင်ခဲ့တာပါ။

သူက ဒီပွဲအတွက် ခံစစ်ကြောင်းတစ်ခုလုံးကို ပြောင်းလဲခဲ့ပါတယ်။ ကြားရက်က မီလန်ကိုနိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲအတွက် အနားရထားခဲ့တဲ့ နယ်သာလန်သား ခံစစ်မှူးက ပဲလေစ့်ပွဲမှာ ပြန်ပါလာပြီး နွေဈေးကွက်တုန်းက ခေါ်ယူထားတဲ့ ကစားသမားသစ် ကိုနာတေးနဲ့ ဗဟိုခံစစ် တွဲဖက်မှု လုပ်ခဲ့ပါတယ်။

လီဗာပူးရဲ့ ကမ္ဘာ့အဆင့် အစွန်လူတစ်ဦးမှ ဒီပွဲမှာ မကစားခဲ့ရပါဘူး။ ထရန့်က နေထိုင်မကောင်းဖြစ်နေပြီး ကိုဗစ်တော့ မဟုတ်ဘူးလို့ ကလပ်က အတည်ပြုခဲ့သလို အန်ဒီ ရော်ဘတ်ဆန်က ကလပ်နဲ့ နိုင်ငံအတွက် ပွဲများစွာ ကစားပေးခဲ့ရတဲ့နောက် အရန်ခုံမှာ နားနေခဲ့ရပါတယ်။ ဒါဟာ ၂၀၁၈ ဒီဇင်ဘာနောက်ပိုင်း လီဗာပူးက သူတို့နှစ်ယောက်လုံးမပါပဲ ပရီးမီးယားလိဂ်ကို ပွဲထွက်ကစားခဲ့တဲ့ ပထမဆုံးအကြိမ်ပါ။

ဒါ့အပြင် ၂၀၁၇ နိုဝင်ဘာနောက်ပိုင်း အန်ဖီးကွင်းမှာ နှစ်ယောက်လုံး ပွဲထွက်လူစာရင်းထဲတောင် မပါတဲ့ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ကလော့ပ်ကတော့ သူ့ရဲ့ အရန်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို မြင်တွေ့ရလို့ ဝမ်းသာနေမှာပါ။

ဆီမီကက်စ်က ဒီပွဲရဲ့ သွင်းဂိုး ၂ ဂိုးမှာ ပါဝင်ကူညီပေးခဲ့ပြီး ဝါရင့်တစ်ယောက်အဖြစ် ပရိသတ်တွေကြား ဝန်လေးမှုတွေရှိနေတဲ့ ဂျိမ်းစ်မီနာက ညာအစွန်လူနေရာကနေ အသင်းကို အန္တရာယ်ပေးနိုင်တဲ့ ပဲလေ့စ် တိုက်စစ်မှူး ဇာဟာကို ထိန်းချုပ်ရာမှာ အထင်ကြီးစရာ လုပ်ပြနိုင်ခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ် ကစားသမားဟာ ကလော့ပ်ရဲ့ အသင်းမှာ အရေးပါတဲ့ ကစားသမား ဖြစ်နေဆဲဖြစ်ပြီး လိုအပ်တဲ့အချိန်တိုင်း အတွေ့အကြုံ၊ စွယ်စုံရစွမ်းရည်နဲ့ စိတ်အားထက်သန်မှုတွေကို ယူဆောင်လာပေးပါတယ်။

ပဲလေ့စ်က ပွဲချိန်အများစုမှာ အိမ်ရှင်အသင်းကို တန်ပြန်ကစားပြီး ဖြိုခွဲဖို့ ကြိုးစားနေခဲ့တာတောင် အန်ဖီးသားတွေ ဘယ်လိုမျိုး ပျော်ရွှင်ခဲ့ရပါသလဲ။ လီဗာပူးဟာ အရေးကြီးတဲ့ ဒုတိယဂိုးကို ရရှိဖို့ ၇၈ မိနစ်အထိ စောင့်ခဲ့ရပြီး သွင်းဂိုးအတွက် ပျော်ရွှင်မှုကြောင့် အင်္ကျီချွတ်အောင်ပွဲခဲ့တဲ့ ဆာလာရဲ့ အပြုအမူက အများကြီး အဓိပ္ပါယ်ရှိခဲ့ပါလိမ့်မယ်။

ဆာလာဟာ လီဗာပူးအတွက် ပရီးမီးယားလိဂ် ၉၉ ဂိုးမြောက် သွင်းယူပေးခဲ့ပြီး သူ့မတိုင်ခင်မှာ ဆာဒီယို မာနေးက လီဗာပူးအတွက် ပြိုင်ပွဲစုံ ဂိုး ၁၀၀ ပြည့် သွင်းယူခဲ့တာပါ။ ဆီနီဂေါ ကြယ်ပွင့်ဟာ နောက်ပိုင်းပွဲတွေမှာ ဖြုန်းတီးမှုတွေကြောင့် ဝေဖန်ခံခဲ့ရပေမယ့် သူက ပဲလေစ့်ပွဲမှာ အရေးကြီးတဲ့ သွင်းဂိုးတစ်ဂိုး ရယူပေးခဲ့တယ်။ မာနေးဟာ အခုဆိုရင် ပဲလေ့စ်နဲ့ တွေ့ဆုံခဲ့တဲ့ ၉ ပွဲဆက် ဂိုးသွင်းယူထားခဲ့ပြီး ဒါက ပရီးမီးယားလိဂ် စံချိန်တစ်ခုလဲ ဖြစ်ပါတယ်။

အဓိက ကစားသမားတွေ တောက်ပနေတာကို မြင်ရလို့လဲ ကလော့ပ် ဝမ်းသာနေမှာပါ။ ဒီယိုဂို ဂျိုတာအနေနဲ့ ဒီပွဲရဲ့ သွင်းဂိုးမှတ်တမ်းထဲမှာ ပါဝင်ခဲ့သင့်ပေမယ့် အသင်းဖော် နာဘီ ကိတ်တာက နောက်ဆုံးဂိုးကို သွင်းယူခဲ့တာကို ကြည့်ပြီးတော့ပဲ ကျေနပ်နေခဲ့မှာပါ။ ကိတ်တာဟာ ပွဲချိန် တစ်နာရီအပြီး ဒဏ်ရာရသွားတဲ့ သီယာဂို အယ်ကန်တာရာအစား ဝင်ကစားခဲ့တာဖြစ်ပြီး ပွဲပြီးဖို့ မိနစ်အနည်းငယ် အလိုမှာ ဘယ်ခြေနဲ့ မြေမထိ ကန်ချက်ကို လှလှပပ သွင်းယူကာ ၁၄ လ နီးပါးအတွင်း သူ့ရဲ့ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

မာတစ်နဲ့ ထရန့်တို့ကို အနားပေးခဲ့တာတောင် ကြွားလုံးထုတ်စရာ အနေအထားတွေ ပိုင်ဆိုင်ခဲ့တာကြောင့် လီဗာပူးအတွက် နေ့ကောင်းတစ်နေ့ပါပဲ။ လီဗာပူးက အားနည်းတဲ့ လူစာရင်း ပိုင်ဆိုင်ထားတယ်ဆိုပေမယ့် တကယ်ကို သန်မာတောင့်တင်တင်းပါတယ်။

အခုမှ စက်တင်ဘာပဲ ရှိနေသေးပေမယ့် ဇယားထိပ်မှာ အပြိုင်အဆိုင် ကြိုးစားလာကြတဲ့ အရေးပါတဲ့ ရက်သတ္တပတ်တွေ ဖြစ်လာနေပါတယ်။

ရာသီစမှာတင် စီးတီးက ၅ မှတ် လျော့ထားခဲ့ပြီး ဖြစ်သလို လက်ရှိချန်ပီယံတွေအပေါ် ဖိအားတွေ ကျရောက်နေပြီ ဖြစ်ပါတယ်။ ပက်ဂွာဒီယိုလာရဲ့ အသင်းဟာ နောက်တစ်ပတ် ချယ်ဆီးနဲ့ အဝေးကွင်းပွဲ ကစားပြီးရင် အောက်တိုဘာာ ၃ ရက်နေ့မှာ အန်ဖီးကို လာကစားရဦးမှာပါ။ လီဗာပူးကတော့ ခက်ခဲတဲ့ စမ်းသပ်မှုတွေကို ဆက်လက်ရင်ဆိုင်ဖို့ တွေးပျော်နေမှာပါ။

ကလော့ပ် အနေနဲ့ နောဝစ်ချ်နဲ့ ကစားရမယ့် ကာရာဘောင်းဖလားပွဲမှာ သူ့အသင်းကို အပြောင်းအလဲ လုပ်မှာဖြစ်ပြီး ဂိုမက်၊ ချိန်ဘာလိန်၊ မီနာမီနိုနဲ့ ကာတစ်ဂျုံးစ်တို့အားလုံး ကစားခွင့်ရနိုင်သလို နောက်တစ်ပတ် စနေနေ့ ဘရန့်ဖိုဒ့်နဲ့ပွဲကို နိုင်ထားမှ စီးတီးနဲ့ပွဲအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ အဆင်သင့်ဖြစ်နေမယ်ဆိုတာ သူလည်း သိပါတယ်။

နောက် ၂ ပတ်အတွင်း ကြီးမားတဲ့ အရွေ့တစ်ခုဖြစ်ဖို့ သူတို့အတွက် အခွင့်အရေး ရှိနေတာပါ။ နွေရာသီမှာ စိတ်ဝင်စားစရာ လှုပ်ရှားမှု မရှိခဲ့ပေမယ့် ရာသီအစကတော့ ဆွဲဆောင်မှု ရှိနေခဲ့တာပါ။ ၅ ပွဲကစား၊ ၄ ပွဲနိုင်၊ ၁၂ ဂိုးသွင်း၊ ၁ ဂိုးသာ ခွင့်ပြုထားရတယ်။
ဖလားစိန်ခေါ်သူတွေလား? အမှန်ပဲပေါ့။

အဲ့အတွက် လီဗာပူးအသင်းက အဓိက လူစာရင်း အပြည့်အစုံကိုတောင် မလိုအပ်သေးပါဘူး။ ဒီရာသီ လီဗာပူးအသင်းရဲ့ အဓိက အားသာချက်က ဘယ်အရာလို့များ ပြောနိုင်ပါသလဲ?

လီဗာပူးသတင်းထောက် Neil Jones ရဲ့ ‘No Trent, no Robertson, no sweat – Liverpool’s title credentials beyond dispute after show of squad strength’ ကို ဆီလျော်အောင် ပြန်ရေးထားခြင်း ဖြစ်ပါတယ်။