ဒီရာသီမှာ လီဗာပူးအသင်းက ကောင်းမွန်တဲ့ တာထွက်မှုကို ပြုလုပ်လာနိုင်ပေမယ့်လို့ အသင်းအတွက် အဓိကကျမယ့် စိုးရိမ်စရာ ကိစ္စကြီးက ရောက်လာဖို့ အဝေးကြီး ရှိနေပါသေးတယ်။

ယာဂင်ကလော့ပ်ရဲ့ အသင်းသားတွေကို ဖလားလမ်းကြောင်းမှာ လမ်းချော်စေမယ့် ကိစ္စကတော့ အာဖရိက နေးရှင်းဖလားပြိုင်ပွဲ ဖြစ်တယ်လို့ စကိုင်းစပေါ့က ဖော်ပြခဲ့တယ်။ အဓိက တိုက်စစ်သမားတွေဖြစ်တဲ့ ဆာလာနဲ့ မာနေးတို့ကို လက်လွတ်ရမယ့်အပြင် အယ်လီးယော့ ကာလရှည် ဒဏ်ရာရနေတဲ့ ကွင်းလယ်အတွက် ကိတ်တာကိုပါ လက်လွတ်ရမှာက လီဗာပူးအတွက် ပြဿနာပါလို့ အဆိုပါ သတင်းဌာနက သုံးသပ်ပြခဲ့တာပါ။

“ ဇန်နဝါရီကျရင် အာဖရိက နေးရှင်းဖလားအတွက် မာနေး၊ ဆာလာအပြင် ကိတ်တာကိုပါ ဆုံးရှုံးရမှာဖြစ်လို့ လီဗာပူးအနေနဲ့ အခုနေ လိဂ်အစောပိုင်းမှာ ရလဒ်ကောင်းတွေနဲ့ မြန်မြန်ပြေးထားနိုင်မှ တော်ကာကျမှာပါ။ အဲ့ဒီကာလကို ကောင်းကောင်းရင်ဆိုင်နိုင်ဖို့ လီဗာပူးတို့ ပြင်ဆင်ထားရမှာဖြစ်ပါတယ်။

အခုချိန်မှာ ထိပ်ဆုံးကနေ ပြတ်ပြတ်သားသား ဦးဆောင်ထားမှ အဲ့ဒီ့အချိန်တွေကို ကျော်ဖြတ်နိုင်မှာပါ။ ဒါကို ကလော့ပ် စဉ်းစားနေမှာဖြစ်ပေမယ့် သူတို့အသင်းဟာ အရင်ကထက် ပိုပြီး အခုချိန်မှာ ပြဿနာတိုင်းအတွက် အဖြေတွေ အများကြီး ရှိနေတဲ့ပုံပါပဲ။ ” လို့ Sky Sports ရဲ့ သုံးသပ်ချက်မှာ ပါဝင်ခဲ့ပါတယ်။

တိုက်စစ်ပိုင်း ပြဿနာကို ဖြေရှင်းဖို့ရာ ယာဂင်ကလော့ပ်က မီနာမီနိုကို မြင်ခဲ့ဟန် ရှိပါတယ်။ လီဗာပူးသတင်းထောက် ဂျိမ်းပီယောစ့်ကပဲ နွေတုန်းက အေစီမီလန်၊ မိုချန်ဂလာဘတ်တို့က မီနာမီနိုကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် လီဗာပူးက မရောင်းထုတ်ခဲ့တာပါလို့ ထုတ်ပြောခဲ့တယ်။

ဒီရာသီ လီဗာပူးရဲ့ ရာသီကြိုမှာတော့ တိုက်စစ်သမား မီနာမီနိုဟာ သိပ်ကိုကောင်းတဲ့ အနေအထားမှာ ရှိနေကြောင်း ကလော့ပ်နဲ့ နည်းပြအဖွဲ့ဝင်တွေရဲ့ ထုတ်ပြောမှုအရ လီဗာပူးပရိသတ်တွေ သိခဲ့ရတယ်။ လီဗာပူးဘက်က ဒီနွေမှာ မီနာမီနိုကို ရောင်းချဖို့ ငြင်းပယ်ခဲ့ကာ ကမ်းလှမ်းမှု မှန်သမျှကို ညိနှိုင်းမှု မလုပ်ခဲ့ပါဘူး။

ဒါပေမယ့်လို့ ပွဲနေ့တေါမှာ နေရာမရခြင်းကြောင့် မီနာမီနိုကက လီဗာပူးအတွက် ဘယ်နေရာကနေ ဘယ်လို ပါဝင်နိုင်မလဲဆိုတာ သိရဖို့ ခက်ခဲခဲ့ပါတယ်။ သူက တောင်ပံမှာ ကစားဖို့တော့ သင့်တော်တဲ့ ပုံစံမရှိသလို နံပါတ် ၉ အနေနဲ့ ကစားဖို့ကလည်း ဂျိုတာ၊ ဖာမင်နိုတို့ကို ကျော်ပြီး ကစားခွင့်ပေးဖို့ ဖြစ်နိုင်ပါ့မလား မေးခွန်းထုတ်စရာ ဖြစ်နေခဲ့တာပါ။

ပပ်လင်ဒါးက “ သူက ပင်ကိုယ် သဘာဝကိုက ထူးချွန်တဲ့ လှုပ်ရှားသူဖြစ်ပါတယ်။ သူက ခံစစ်သမားတွေကို ကျော်ဖြတ်ပြေးနိုင်ပြီး သူနားက ကစားသမားတွေနဲ့ တွဲဘက် ကစားနိုင်စွမ်း ရှိပါတယ်။ သူပိုကောင်းလာနိုင်တယ်။ ဒါကိုပဲ ကျနေ်ာတို့ သဘောကျပါတယ်။ သူ့ကို ခေါ်ယူခဲ့တာဟာ ဒီအရည်အချင်းတွေအတွက်ပါ ” လို့ ထုတ်ပြောခဲ့တယ်။

မီနာမီနိုဟာ ဆဲလ်ဘတ်မှာ နံပါတ် ၁၀ အနေနဲ့ တောက်ပခဲ့ပေမယ့် ကလော့ပ်က ၄-၃-၃ ကစားကွက်ကနေ သိပ်ပြီး မသွေဖယ်တတ်တာကြောင့် သူ့အတွက် နေရာရဖို့ ခက်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ နော့ဝစ်ချ်နဲ့ ကာရာဘောင်းပွဲမှာတော့ အပြောင်းအလဲတွေကို ကလော့ပ်က လုပ်ပြခဲ့ပါတယ်။

ယာဂင်ဟာ နော့ဝစ်ချ်ပွဲမှာ မီနာမီနိုကို ဘယ်ခြမ်းတောင်ပံကနေ ပွဲထုတ်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ သူ့ကို ကွင်းလယ်လူဆန်ဆန် ကစားစေခဲ့တယ်။ နေရာနှစ်ခုလုံးမှာ မီနာမီနိုက ကောင်းကောင်းကြီး ကစားနိုင်စွမ်း ရှိခဲ့ပါတယ်။ အကယ်လို့ မာနေးနဲ့ ဆာလာ အာဖရိကဖလားကို သွားရမယ့် ကာလမှာ ယာဂင်က ဘယ်တောင်ပံမှာ မီနာမီနိုကို ထုတ်ပြီး ညာတောင်ပံမှာ ဂျိုတာကို ကစားစေဖို့လည်း ရည်ရွယ်ထားဟန်ရှိတယ်။

တိုက်စစ်ပိုင်းတွေမှာ ဂျိုတာ၊ မီနာမီနို၊ အိုရီဂီနဲ့ ချိန်ဘာလိန်တို့ကို အသုံးပြုနေခြင်းအပြင် မီနာမီနိုကို ကွင်းလယ်မှာပါ သုံးစွဲပြခဲ့တာက အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ အားနည်းမှုတွေအတွက် ဂျပန်သား တိုက်စစ်သမားဖြင့် အင်အားဖြည့်ဖို့ ဖြစ်မယ်လို့တော့ မှန်းဆရဆဲဖြစ်ပါတယ်။

နော့ဝစ်ချ်ကို ရင်ဆိုင်မှာ ပြသခဲ့တဲ့ မီနာမီနိုရဲ့ ခြေစွမ်းကောင်းတွေကြောင့် သူ့ကို ပရီးမီးယားလိဂ်မှာ နေရာတစ်ခု ပေးမလားဆိုတာက စောင့်ကြည့်ရဦးမှာဖြစ်တယ်။ ကံကောင်းခြင်း တစ်ခုကတော့ ကာရာဘောင်း စတုတ္ထအဆင့်မှာ ပရီဆန် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲမှာတော့ အိုရီဂီနဲ့ မီနာမီနိုတို့ အခွင့်အရေးတွေ ထပ်မံရလာဖို့ ရှိနေဦးမှာ ဖြစ်ပါတယ်။