လီဗာပူးရဲ့ ဒဏ်ရာပြဿနာတွေဟာ မနှစ်က ရာသီမှာ ကစားသမားများစွာရဲ့ ပွဲထွက်ကစားမှုတွေကို အကန့်အသတ် ရှိစေခဲ့သလို အဓိက ကစားသမားတွေအပေါ်လည်း လေးလံတဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့ပါတယ်။

အထူးသဖြင့် ခံစစ်ပိုင်းရဲ့ အဓိက ကစားသမားများစွာက ရာသီတွင်း အချိန်တော်တော်များများမှာ ပွဲထွက်ပေးဖို့ လွဲချော်ခဲ့တာနဲ့အတူ ယာဂင်ကလော့ပ်အနေနဲ့ အထိုင်မကျသေးတဲ့ အသင်းကို နောက်ထပ် ထိခိုက်စေမယ့် စွန့်စားမှုမျိုး မလုပ်ပဲ စကော့တလန်သား အန်ဒီရောဘတ်ဆန်ကို အလှည့်အပြောင်းလုပ်ဖို့ သင့်တော်တဲ့ ပွဲတွေကို ခက်ခက်ခဲခဲ ရှာဖွေခဲ့ရပါတယ်။

အဲ့ဒီ့အကျိုးဆက်အနေနဲ့ အသက် ၂၇ နှစ်အရွယ် ကစားသမားဟာ ပရီးမီးယားလိဂ် ၃၈ ပွဲမှာ ၃၈ ပွဲလုံး ပါဝင်ကစားခဲ့ရပြီး မိနစ်ပေါင်း ၃၆၅၂ မိနစ်အထိ ကစားပေးခဲ့ရပါတယ်။ မနှစ်က အင်္ဂလန်လိဂ်မှာ ရော်ဘတ်ဆန်ထက် ပိုပြီး ကစားချိန်ပိုများခဲ့တဲ့ ဂိုးစည်းပြင်ပမှ ကစားသမား ၅ ယောက်သာ ရှိခဲ့ပြီး ချန်ပီယံလိဂ်မှာ ရောဘတ်ဆန်လို ပုံမှန်ကစားခဲ့ရတဲ့ ကစားသမားဆို လုံးဝ မရှိခဲ့ပါဘူး။

လီဗာပူးဟာ မနှစ်က ရာသီအစမှာ ကိုစတက်ကို ခေါ်ယူပြီး ဘယ်အစွန်နေရာအတွက် ကာဗာပေးဖို့ ရည်ရွယ်ခဲ့ပေမယ့် အင်္ဂလန်မှာ အတွေ့အကြုံ မရှိသေးတဲ့ အိုလံပီယာကော့စ် ကစားသမားဟောင်းကို အဓိက လိဂ်ပွဲကြီးတွေမှာ ရောဘတ်ဆန်အစား ဝင်ကစားခိုင်းဖို့ဆိုတာ အတော်လေး စွန့်စားတဲ့ လုပ်ရပ် ဖြစ်နေခဲ့တာပါ။

ဒီနွေမှာတော့ ကိုစတက်ကို အသင်းရဲ့ ရာသီကြို တစ်ခုလုံးမှာ ပူးပေါင်းစေမှုနဲ့အတူ အဖိုးတန်တဲ့ ကစားချိန်တွေ ရရှိစေခဲ့ပြီး ကစားသမားကလည်း နွေရာသီတစ်လျှောက်လုံး လီဗာပူးနည်းပြအဖွဲ့ကို အထင်ကြီးစရာတွေ ကြိုးစားပြခဲ့တာ ဖြစ်ပါတယ်။

ရာသီသစ်အကြို အန်ဖီးက ချစ်ကြည်ရေးပွဲမှာ ရောဘတ်ဆန်တစ်ယောက် ခြေကျင်းဝတ် ဒဏ်ရာ ရရှိခဲ့တယ်။ ကလော့ပ်အနေနဲ့ နောဝစ်ချ်နဲ့ လိဂ်အဖွင့်ပွဲအတွက် ဂရိ နောက်ခံလူ ကိုစတက်ကို ယုံယုံကြည်ကြည်နဲ့ အခွင့်အရေးပေးရဖို့ ဖြစ်လာခဲ့ပါတယ်။

ကိုစတက်က ရရှိခဲ့တဲ့ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ခဲ့ပြီး လီဗာပူးရဲ့ ဘယ်ခြမ်းကနေ တိုက်စစ်အတွက် ခြိမ်းခြောက်နိုင်တဲ့ ပုံစံကောင်းတွေကို ပြသခဲ့သလို ရှားရှားပါးပါး ရတဲ့ အခိုက်အတန့်မှာ သင့်တင်တဲ့ ခံစစ်စွမ်းရည်တွေကိုလည်း ထုတ်ပြခဲ့ပါတယ်။

အဲ့ဒီ့နောက် ၇ ရက်အကြာ ဘန်လေနဲ့ပွဲမှာလည်း ၎င်းဟာ အလားတူ အထင်ကြီးစရာ ပုံစံတွေ ထပ်မံပြသခဲ့ပြီး ၂ ပွဲလုံးမှာ စုစုပေါင်း ဖြတ်တင်ပေးပို့မှု ၁၁ ကြိမ်၊ လိမ်ခေါက်ဖြတ်ကျော်မှု ၈ ကြိမ်၊ ဂိုးပေါက်ခြိမ်းခြောက်ရန် ဖန်တီးပေးပို့မှု ၄ ကြိမ်နဲ့အတူ ဒီရာသီ သူ့ရဲ့ ပထမဆုံး သွင်းဂိုး ဖန်တီးမှုကိုပါ လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒဏ်ရာကနေ ရော်ဘတ်ဆန် ပြန်လာနိုင်ခဲ့တာကြောင့် ချယ်ဆီးနဲ့ပွဲမှာ ကိုစတက်ကို အရန်ခုံ ထိုင်စေခဲ့တယ်။ သို့ပေမယ့် လိဒ်၊ အေစီမီလန် ၂ ပွဲလုံးမှာ ရော်ဘတ်ဆန် ကစားခဲ့ပြီးနောက် ပြီးခဲ့တဲ့အပတ်က ပဲလေ့စ်နဲ့ပွဲမှာ ကိုစတက်ကို ပြန်ခေါ်ခဲ့တဲ့ ကလော့ပ်ရဲ့ ဆုံးဖြတ်ချက်ဟာ လီဗာပူးအသင်းအတွက် သူ့ရဲ့ အရေးပါမှုကို ပြသခဲ့တာပါ။

မနေ့က ကာရာဘောင်းဖလားမှာ နောဝစ်ချ်ကို ၃-၀ နဲ့ နိုင်ခဲ့တဲ့ ပွဲမှာလဲ ဆီမီကက်စ် ထပ်မံပါဝင်ခဲ့ပြီး ဒီရာသီ ၎င်းရဲ့ ဒုတိယမြောက် ဖန်တီးမှုကို ပြုလုပ်နိုင်ခဲ့ပါတယ်။ စွမ်းဆောင်ရည် ကောင်းတွေကြောင့် ဂရိဘယ်အစွန်လူကို ရော်ဘတ်ဆန်ရဲ့ အလှည့်ကျ အစားထိုး ကစားသမား ဖြစ်နိုင်တယ်လို့ ယာဂင်ကလော့ပ်က မြင်နေတာပါ။

ကိုစတက်ဟာ ရော်ဘတ်ဆန်နဲ့ အဆင့်အတန်း တူညီတဲ့ ခြေစွမ်းတွေ ပြသနိုင်မယ့်သူ ဖြစ်တဲ့အပြင် တိုက်စစ်မှာ လီဗာပူးရဲ့ ခြိမ်းခြောက်နိုင်စွမ်းတွေကို ပံ့ပိုးပေးနိုင်မယ့် ရွေးချယ်စရာတစ်ခု ဖြစ်ပါတယ်။ ဘယ်ခြမ်းမှာ ကစားသမားနှစ်ဦး အပြိုင်အဆိုင် အကျိုးသက်ရောက်မှု ပေးနိုင်စွမ်းတွေက ဒီရာသီ လီဗာပူးပိုင်ဆိုင်ထားတဲ့ အားသာချက်တစ်ခု ဖြစ်လာဖို့ ရှိလာနေခဲ့ပြီဖြစ်ပါတယ်။