လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်နဲ့ ဒုတိယအသင်းခေါင်းဆောင် ဂျိမ်းစ်မီလ်နာတို့ဟာ အဝတ်လဲခန်းအတွင်း ရန်ဖြစ်လုနီးပါး ဖြစ်ခဲ့ကြတဲ့ ဖြစ်ရပ်မျိုး ရှိခဲ့ကြောင်း အသင်းကစားသမားဟောင်း ကလာဗန်က ပြောပြလာပါတယ်။

ဂျာမန်သား မန်နေဂျာဟာ ကစားသမားတွေနဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးနေတတ်တဲ့ အရည်အသွေးရှိပေမယ့် စိတ်ကြီးတဲ့သူအဖြစ် ကျော်ကြားတာလဲ ဖြစ်ပါတယ်။ တစ်ခါတုန်းက လီဗာပူး မန်နေဂျာဟာ ဂျိမ်းစ်မီနာနဲ့ သဘောထားကွဲလွဲခဲ့ခဲ့တဲ့ ကိစ္စကြောင့် စကားများခဲ့ကြတဲ့ ဖြစ်ရပ်ကို ကလာဗန်က ပြန်ပြောင်းပြောဆိုခဲ့ပါတယ်။

အဲ့ဖြစ်ရပ်က ၂၀၁၇ ခုနှစ် ဇန်နဝါရီတုန်းက ဖြစ်ပြီး လီဗာပူးအသင်းက အမှတ်ပေးဇယား ဒုတိယနေရာမှာ ရှိနေခဲ့ကာ ဆန်းဒါးလန်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တာကြောင့် ဇယားထိပ်က ချယ်ဆီးနဲ့ အမှတ်တွေ ပိုမိုကွာဟသွားခဲ့တာပါ။ ဖိအားတွေ ပိုများသွားတဲ့ ကလော့ပ်ဟာ မီနာနဲ့ ရန်ဖြစ်တော့မလို ဖြစ်ခဲ့ပြီးနောက် အဝတ်လဲခန်းထဲမှာ သူမှန်တယ် ကိုယ်မှန်တယ်ဆိုတာ ငြင်းခုံခဲ့တဲ့အကြောင်း ကလာဗန်က ပြောပြခဲ့ပါတယ်။

“ အကြီးမားဆုံး ဖိအားက ခရစ္စမတ်နဲ့ ဇန်နဝါရီအစောပိုင်း ကာလအကြားပေါ့။ တစ်ကြိမ်မှာ ကျွန်တော်တို့ ဘယ်သူနဲ့ ကစားခဲ့တာလဲတော့ မသိဘူး။ ကျွန်တော့်အထင် ဆန်းဒါးလန်းနဲ့ အဝေးကွင်းပွဲ ဖြစ်မယ်။ ကလော့ပ်စ်နဲ့ ဂျိမ်းစ်မီနာက ထထိုးကြတော့မလိုအထိ ဖြစ်သွားခဲ့တာပါ။

အဲ့ဒီ့တုန်းက အင်္ဂလန်မှာ ဘောက်ဆင်ဒေး အချိန်ပဲ။ သူတို့တွေ ထိုးကြတော့မလို ဖြစ်ခဲ့ပေမယ့် နောက်ဆုံးမှာ မီနာက ပြန်ဆုတ်သွားခဲ့တာပါ။ ကလော့ပ်က သူ မှန်တယ်ဆိုတာကို အဆုံးထိ ငြင်းခုံနေမယ်ဆိုတာ ကျွန်တော်တို့ သူ့မျက်လုံးထဲကနေ မြင်ခဲ့ရပါတယ်။ အဲ့ဒါက သူ့အတွက်လဲ အတော်လေး စိတ်ဖိစီးခဲ့ရတဲ့ အချိန် ဖြစ်ခဲ့တာပါ။ သူက ဖိအားတွေ အများကြီးအောက်ကို ရောက်ခဲ့ရတယ်။

အဲ့ဒါက ကျွန်တော့်ရဲ့ ပထမရာသီဖြစ်ပြီး ကလော့ပ်အတွက်တော့ ဒုတိယရာသီပေါ့။ သူ့အတွက်တော့ ‘မင်းဘာလုပ်မှာလဲ။ မင်းကို နည်းပြကောင်း တစ်ယောက်အဖြစ် သတ်မှတ်ထားတာ။ မင်းက ကစားသမားအားလုံးကို စူပါစတား ဖြစ်အောင်လုပ်ပေးမယ့် ယာဂင်ကလော့ပ်ပဲ’ ဆိုတဲ့ ဖိအားတွေအားလုံးက သူ့ကို ဗျာများစေခဲ့တာပါ။

အဲ့ဒါက မလွယ်ကူဘူးဆိုပေမယ့် ဆန်းဒါးလန်းလို့ အသင်းကိုတောင် မနိုင်ရင် မျှော်လင့်နေတဲ့ အောင်မြင်မှုတွေ အကြောင်းကို မေ့ထားလိုက်ရမှာမျိုးပါ ”လို့ ကလာဗန်က ပြောပြခဲ့ပါတယ်။

ဒါပေမယ့် စိတ်ကြီးတတ်တာနဲ့အတူ ကလော့ပ်ဟာ ပွဲတွေကို ပြောင်းလဲသွားစေနိုင်တဲ့ စိတ်ဓာတ်လှုံ့ဆော်မှုရေးရာ အမှာစကားတွေကို ပြောဆိုတတ်တာတွေကြောင့်လည်း နာမည်ကြီးပါတယ်။ ကလော့ပ်ရဲ့ စကားတွေဟာ သူ ကြုံခဲ့ဖူးသမျှထဲ ဘယ်နည်းပြနဲ့မှ မတူခဲ့ဘူးလို့ ကလာဗန်က ပြောပါတယ်။

“အသင်း အစည်းအဝေးတွေမှာ တခြားနည်းပြတွေနဲ့ မတူတဲ့အရာက ကလော့ပ်က ဘယ်တော့မှ သူ့ကိုယ်သူ ထပ်ထပ်မပြောဘူး။ မတူညီတဲ့ ရှုထောင့်တွေကနေ ဒါမှမဟုတ် အနည်းငယ် ဟာသနှောပြီးတော့ စကားပြောတတ်တယ်။

သူက ကစားသမားနဲ့ အသင်းအကြောင်းကို ကောင်းကောင်းနားလည်တယ်။ ဘယ်အချိန်မှာ ဘာပြောရမယ်ဆိုတာ သူသိတယ်။ အသင်းမှာ ပြဿနာတွေ ရှိနေရင် သူက ရိုးရှင်းတဲ့ ဟာသတစ်ခုနဲ့အတူ အခြေအနေကို ပြောင်းလဲပေးနိုင်တယ်။ အသင်းက စိတ်ပါလက်ပါ မကစားနေဘူးဆိုရင်တော့ ဘယ်သူက ဆရာကြီးလဲဆိုတာကို သူပြတော့တာပဲ။

ကျွန်တော့်အတွက် အဲ့ဒါက လုံးဝ ထူးခြားပါတယ်။ သူက အသင်းကိုရော ကစားသမားတစ်ဦးချင်းကိုပါ ထိုးထွင်းသိမြင်နိုင်တယ် ” လို့ ပြောပြခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးဟာ ကာရာဘာင်းဖလားမှာ နောဝစ်ချ်ကို ၃-၀ နဲ့ နိုင်ခဲ့ပြီးတော့ နောက်တဆင့် ရောက်ရှိခဲ့သလို ချန်ပီယံလိဂ်မှာလည်း အေစီမီလန်ကို ၃-၂ နဲ့ အနိုင်ယူပြီး အစကောင်းနေခဲ့ကာ ပရီးမီးယားလိဂ်မှာလည်း ရှုံးးပွဲမရှိသေးတဲ့ ဇယားထိပ်ဆုံးမှာ ပူးတွဲရပ်တည်နေပါတယ်။

မနှစ်က ရုန်းကန်ခဲ့ရပေမယ့် ဒီနှစ်မှာ အသင်းရဲ့ စွမ်းဆောင်ရည်ကောင်းတွေ ပြန်လည် အသက်ဝင်လာတဲ့ လီဗာပူးဟာ လိဂ်မှာ နောက်ထပ်တစ်ကြိမ် ဖလားအောင်မြင်မှု ရယူဖို့ ကြိုးစားလာနေခဲ့ပြီဖြစ်ပါတယ်။