လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ၁၉၄၇ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အင်္ဂလန် အဆင့်မြင့်တန်းလိဂ်ကို တန်းတက်လာပြီး လျင်လျင်မြန်မြန်ပဲ အထိုင်ကျလာကာ အဖွင့်ပွဲ ၅ ပွဲကနေ ရမှတ် ၈ မှတ် ရယူထားခဲ့တဲ့ ဘရန့်ဖိုဒ့်ကို အတော်လေး အထင်ကြီးနေပါတယ်။

မနှစ်က ပလေးအော့ဖ်ကနေ တစ်ဆင့် ချန်ပီယံရှစ်ကနေ တန်းတက်လာခဲ့တဲ့ သောမတ်စ် ဖရန့်ရဲ့ အသင်း ဒီကာလတွေအတွင်း တိုးတက်မှုတွေကို ယာဂင်ကလော့ပ်က စိတ်ဝင်တစားနဲ့ အသိအမှတ်ပြုခဲ့ပါတယ်။ ကလော့ပ်ကတော့ ချန်ပီယံရှစ်ကနေ တန်းတက်လာတဲ့ အသင်းလို့ မမြင်ဘဲ စိတ်လှုပ်ရှာစရာ စီမံကိန်းတွေရဲ့ အသင်းကောင်းအဖြစ် ဘရန့်ဖိုဒ့်ကို မြင်ကြည့်နေတာ ဖြစ်ပါတယ်။

ယာဂင်က “ သူတို့အသင်းရဲ့ စီမံကိန်းတွေကို ကျွန်တော် တကယ် လေးစားပါတယ်။ သူတို့က ကစားသမားသစ် စုဆောင်းမှုမှာ တကယ်ကို ထူးခြားတဲ့ နည်းလမ်းတစ်ခု ရှိသလို အဲ့သည်လို လူသစ်စုဆောင်းရေး ကိစ္စတွေ အားလုံးကို ရဲရဲရင့်ရင့်နဲ့ လုပ်ဆောင်နေတဲ့ အသင်းလည်း ဖြစ်ပါတယ်။

သူတို့က ခက်ခဲတဲ့ကိစ္စတွေကို ကျော်ဖြတ်လာခဲ့ရတာပါ။ တန်းတက်ဖို့ နီးစပ်ခဲ့ပြီးမှ ကျရှုံးခဲ့သလိုမျိုး ကိစ္စတွေကိုလည်း ရင်ဆိုင်ခဲ့ရသူတွေဖြစ်တယ်။ အဲ့သည်နောက် သူတို့ ထိပ်ပိုင်းကို ပြန်တက်လာတယ်၊ အခုတော့ သူတို့ ပလေးအော့ဖ်ကနေ တဆင့် ပရီးမီးယားလိဂ်ကို ရောက်ရှိလာခဲ့ပါတယ်။ အဲ့ဒါက သူတို့အသင်းရဲ့ ပုံစံကို ပိုပြီး ရုပ်လုံးကြွလာစေပါတယ်။

လက်ရှိ ဘရန့်ဖိုဒ့်အသင်းဟာ မယုံနိုင်စရာကောင်းအောင် ရဲရဲဝံ့ဝံ့ ရင်ဆိုင် ကစားတတ်တဲ့ အသင်းတစ်သင်းပါ။ သူတို့ရဲ့ ဘောလုံးနဲ့အတူ အလုပ်ကြိုးစားမှုနဲ့ ဖိအားပေး ကစားပုံက တကယ်ကို ကောင်းပါတယ်။ ဒါကြောင့် သူတို့နဲ့ ရင်ဆိုင်ရမယ့်ပွဲက ခက်ခဲမှာပါ။

သူတို့က အရှိန်အဟုန် မြင့်မားစွာ ကစားတတ်ပြီး ပြင်းပြင်းထန်ထန် ဖိအားပေးပြီးတော့ ကစားကွက်ဆင်လေ့ ရှိပါတယ်။ ဒါပေမယ့် တခြားအသင်းက သူတို့ကို ဖိအားပေးရင်လည်း သူတို့က ထိပ်တိုက် ရင်ဆိုင်ဖို့ ကြောက်မနေပါဘူး။ သူတို့အသင်းရဲ့ နေရာအားလုံးမှာ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ကစားသမားတွေ ရှိပါတယ်။ သူတို့အသင်းရဲ့ နောက်တန်း သုံးယောက်က ဥရောပမှာ အရပ်အမြင့်ဆုံး ကစားသမားတွေ ဖြစ်နိုင်သလို သိပ်တော်ကြသူတွေပါ။

ဒါကြောင့် သူတို့နဲ့ တွေ့ရမယ့်ပွဲက တကယ့်စိန်ခေါ်မှုပဲ။ အခု သူတို့က ကွင်းအသစ်မှာ ဆိုတော့ ပျော်ရွှင်နေတာပါ။ ဒါက စိတ်ဝင်စားစရာ ကောင်းသလို ကျွန်တော် သူတို့ကို အများကြီး လေးစားမိပါတယ်။

ဒါပေမယ့် ကျွန်တော်တို့က သူတို့ကို ဘယ်လောက်တောင် သဘောကျတယ်ဆိုတာ ပြောနေဖို့ မဟုတ်ပဲ သူတို့ကို အနိုင်ယူဖို့ အကြောင်းပြချက်နဲ့ အဲ့ဒီ့ကို သွားကစားရမှာပါ။ ကျွန်တော်တို့ အမှတ်တွေ ရယူချင်ပေမယ့် ခက်ခဲတဲ့ပွဲဖြစ်မယ်ဆိုတာ သိပါတယ် ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။