ဘရန့်ဖိုဒ့် ၃-၃ လီဗာပူးပွဲမှ ပြောစရာကိစ္စတွေကို အကျဉ်းသဘော ကောက်နုတ်သွားမှာဖြစ်ပါတယ်။

လီဗာပူးပရိသတ်တွေကို ပြန်အမှတ်ရစေတဲ့ ကာတစ်ဂျုံး

လူငယ်လီဗာပူးသားဟာ ဒီရာသီ ပထမဆုံး လိဂ်ပွဲထွက်ခွင့်ကို ရရှိခဲ့တာပါ။ မနှစ်တုန်းက လီဗာပူးအတွက် ပွဲတွေ အတော်လေး ကစားခွင့်ရခဲ့ပေမယ့် ဒီနှစ်မှာ အယ်လီးယက်ရဲ့ တောက်ပလာမှုက သူ့ကို ဘေးထွက်စေခဲ့တာဖြစ်ပြီး ဘရန့်ဖိုဒ့်ပွဲမှာမှ စတင် ပွဲထွက်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။

ပထမပိုင်းမှာ လှုပ်လှုပ်ရှားရှား ပါဝင်ကစားခဲ့ပေမယ့် အခြားသော စီနီယာတွေလိုပဲ ပွဲကို လွှမ်းမိုးစေအောင် ဦးဆောင်ပေးဖို့ ရုန်းကန်နေခဲ့ရပြီး မှားယွင်းတဲ့ ပေးချက်တွေက အကူအညီ မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ပွဲထဲမှာ အတော်လေး အလုပ်ကြိုးစားပေးခဲ့သလို တိုက်စစ် ခံစစ် အကူးအပြောင်းတွေမှာ ကူညီပေးခဲ့ပြီး သူ့ရဲ့ သိပ်ကိုကောင်းတဲ့ ကန်ချက်တစ်ကြိမ်က တိုင်ထိခဲ့သလို နောက်တစ်ကြိမ်ကတော့ အနီးကပ်မှ လူထိပြီး လမ်းကြောင်းပြောင်းရာက တတိယမြောက် ဦးဆောင်ဂိုးကို ရစေခဲ့ပါတယ်။

ဂျိုတာရဲ့ အမြင့်ဘောစွမ်းရည်

ပုံမှန်ထက် ကိုယ်လုံးကိုယ်ထည် ကြီးမားပြီး အရပ်အမောင်း မြင့်မားတဲ့ ဗဟိုနောက်ခံလူ ၃ ယောက် ရှိနေတာကြောင့် ပထမပိုင်းမှာ လီဗာပူးရဲ့ ပြိုင်ဘက် ဧရိယာထဲ အမြင့်ဘော ပေးပို့မှုတွေက သိပ်ပြီး အကျိုးမရှိခဲ့ပါဘူး။ ဒါပေမယ့် ဂျိုတာကတော့ ရူပဗေဒ သဘောတရားတွေကို ဂရုမစိုက်ပဲ တုတ်ခိုင်သန်မာတဲ့ နောက်ခံလူတွေနဲ့ မြင့်မားတဲ့ ဂိုးသမားကို ကျော်ဖြတ်ပြီး ခေါင်းတိုက်ဘောတွေနဲ့ ဂိုးရဖို့ ကြိုးစားနေခဲ့တာပါ။

သူ့ရဲ့ ပြေးလွှားမှုနဲ့ ဟန်ဒါဆန်ရဲ့ ဖြတ်တင်ပေးပို့မှုက အချိန်ကိုက် တွေ့ဆုံခဲ့ပြီး ထောင့်ကန်ဘောကို ခေါင်းတိုက်သွင်းယူခဲ့တဲ့ ဂိုးက တန်းတန်းမတ်မတ် ဝင်သွားခဲ့တဲ့ တုံ့ပြန်မှုကောင်း တစ်ခု ဖြစ်ခဲ့ပါတယ်။

မိုဆာလာအတွက် ရာပြည့်မှတ်တမ်း

လီဗာပူးကစားသမားဘဝ မိုဆာလာအတွက် ပရီးမီးယားလိဂ် ဂိုး ၁၀၀ ပြည့် ဖြစ်ပါတယ်။ မဆုတ်မနစ်တဲ့ အီဂျစ်တိုက်စစ်မှူးဟာ ဂိုးသမားနဲ့ တစ်ယောက်ချင်း တွေ့ဆုံမှုကနေ ၁၀၁ ဂိုးမြောက်ဂိုးကို ရခဲ့မယ်ဆိုရင် လီဗာပူးကို ၄-၂ နဲ့ အနိုင်ရရှိစေမှာ ဖြစ်ပြီး အဲ့ဒီ့အတွက် သူကိုယ်တိုင်က မကျေမနပ် ဖြစ်နေမှာပါ။ ဒါပေမယ့် ၂-၁ နဲ့ ဦးဆောင်စေခဲ့တဲ့ သူ့ရဲ့ ၅၄ မိနစ် အဆုံးသတ် သွင်းဂိုးကလဲ လှပခဲ့ပါတယ်။

ဆာလာဟာ လိဂ်ပွဲ ၁၅၁ ပွဲထဲနဲ့ ဂိုး ၁၀၀ ပြည့်ခဲ့သလို သူ့ထက်ပိုမြန်ပြီး ဂိုး ၁၀၀ ပြည့်ခဲ့တဲ့ ကစားသမားဆိုလို့ အဂွယ်ရို၊ ကိန်းနဲ့ အလန်ရှီးယားရားတို့ပဲ ရှိပါတယ်။ အခုဆိုရင် ဆာလာဟာ ကလပ်အတွက် ထာဝရ ထိပ်တန်းဂိုးသွင်းရှင် ထိပ်ဆုံး ၁၀ ယောက်ထဲမှာ ပါဝင်နေပြီ ဖြစ်ပါတယ်။

ခံစစ်သတိလစ်ဟင်းမှုများ

ချယ်ဆီးနဲ့ ယူနိုက်တက်တို့ ရှုံးပွဲတွေ့ချိန်မှာ လီဗာပူးအနေနဲ့ ၃ မှတ်ယူပြီး ဇယားထိပ်မှာ ပြတ်ပြတ်သားသား ဦးဆောင်ခဲ့သင့်တာပါ။ ဒါပေမယ့် ခံစစ်က လိုအပ်ချက် များခဲ့ပါတယ်။ ပထမပိုင်းမှာ အာနိုးရဲ့ အခြမ်းက ဆက်တိုက် ပစ်မှတ်ထားခံခဲ့ရပြီး ဒုတိယပိုင်းမှာ ရောဘတ်ဆန်က ဘယ်သူနဲ့မှ သိပ်ပြီးတော့တောင် ရင်မဆိုင်ခဲ့ရပါဘူး။

ဗဟိုခံစစ်မှာ ဗန်ဒိုက်က အမှားအချို့ ရှိခဲ့ပြီး ဘရန့်ဖို့ဒ် တိုက်စစ်မှူးတိုနီက မာတစ်ကို ဆက်တိုက် ဖိအားပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဗန်ဒိုက်နဲ့ ဟန်ဒါဆန်ရဲ့ ကာဗာပေးမှု၊ မာတစ်ရဲ့ စည်းပြင်ပ ရှင်းထုတ်မှုနဲ့ ခံစစ်တစ်ခုလုံးရဲ့ စုစည်းမှုသာ မရှိရင် ဘရန့်ဖို့ဒ်ဟာ နောက်ထပ် ဂိုးတွေတောင် ထပ်ရသွားနိုင်ပါတယ်။

ဂိုးမပေးရဖို့ နောက်ဆုံးအကြိမ် ဖျက်ထုတ်မှုတွေ လိုအပ်ခဲ့တယ်ဆိုတာက စိုးရိမ်စရာ ကောင်းတဲ့ အရာပါ။ လျင်မြန်ပြီး တောင့်တင်းတဲ့ တိုက်စစ်နှစ်ယောက်နဲ့ ဘရန့်ဖို့ဒ်နဲ့ စတိုင်က လီဗာပူးရဲ့ အဆိုးဆုံး အိမ်မက်ဆုံး ဖြစ်နေဆဲပါ။ ဝတ်ဖို့ဒ်ကို ၂၀၁၇ အဝေးကွင်းမှာ ၃ ဂိုးစီ သရေကျခဲ့တဲ့ပွဲနဲ့ ၂၀၂၀ မှာ ၃-၀ နဲ့ ရှုံးခဲ့တဲ့ပွဲတွေမှာလည်း အလားတူ အားနည်းချက်ကို မြင်ခဲ့ရတာပါ။

နောက်ထပ် အရေးကြီး ပွဲစဉ်တွေ

အင်္ဂါနေ့မှာ ပေါ်တို၊ နောက် တနင်္ဂနွေနေ့မှာ မန်စီးတီးနဲ့ပါ။ ဒီပွဲမှာ နောက်ထပ်တစ်ကြိမ် ၃ ဂိုးသွင်းနိုင်ခဲ့တယ်ဆိုပေမယ့် လီဗာပူးဟာ လာမယ့် ၂ ပွဲမှာ ပိုပြီး ကောင်းကောင်းကစားဖို့ လိုပါတယ်။ ဘရန့်ဖိုဒ့်ပွဲက အလွယ်လေးနဲ့ ၆-၆ တောင် ဖြစ်သွားနိုင်တဲ့ အနေအထားပါ။

ပေါ်တိုနဲ့ ချန်ပီယံလိဂ်ပွဲမှာ လူစုံမထုတ်သုံးရင် အံ့ဩစရာ မလိုပါဘူး။ မန်စီးတီးနဲ့ ပွဲမတိုင်ခင် ကစားရမယ့်ပွဲမှာ အဓိက ကစားသမားတွေကို အနားပေးတတ်တဲ့ ကလော့ပ်ရဲ့ ဗျူဟာကို တစ်ကြိမ်ထက်မက မြင်ခဲ့ပြီးပါပြီ။ အဲ့ဒီ့ ၂ ပွဲလုံးကို အနိုင်ယူပြီး နိုင်ငံတကာ သီတင်းပတ်ကို စောင့်ကြိုရမှာပါ။

သိပ်ကို ရှည်ကြာပြီး ကလပ်ပွဲတွေ မရှိတဲ့ အောက်တိုဘာ ကာလကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ဖို့ ပေါ်တိုနဲ့ မန်စီးတီးကို အနိုင်ရဖို့ လိုအပ်ပါတယ်။