စနေညဟာ စိတ်လှုပ်ရှားစရာ၊ သွင်းဂိုးတွေ၊ ဖျော်ဖြေမှုတွေနဲ့ ပြည့်နှက်နေခဲ့ပြီး ပရိသတ်ထုကြီးကို အသက်ရှုမှားလောက်စရာ ဖြစ်စေခဲ့ပါတယ်လို့ လီဗာပူးသတင်းထောက် Dominic King ကဆိုပါတယ်။

ဘရန့်ဖို့ဒ်ဟာ ရာသီအစောပိုင်း ကာလမှာတင်ပဲ အကောင်းဆုံး ဖြစ်စေမယ့် ပွဲတစ်ပွဲမှာ သူတို့ရဲ့ ကဏ္ဍကို ပါဝင်ကစားခဲ့ပါတယ်။ ဘရန့်ဖိုဒ့်ဘက်က အိမ်ကွင်းကို ခမ်းခမ်းနားနား ဖြစ်စေခဲ့ပြီး ပွဲအပြီးမှာ လီဗာပူး အသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန်က ပွဲပြီး အင်တာဗျူးကို စောင့်နေရင်း ပြိုင်ဘက်ပရိသတ်တွေရဲ့ အားပေးမှုကို စူးစူးစိုက်စိုက် ကြည့်နေခဲ့ပါတယ်။

ကင်မရာတွေ မရှိပဲ ခဏတာ ငြိမ်သက်နေတဲ့ အခိုက်အတန့်တစ်ခုမှာ ပွဲကြည့်စင်ကို အုပ်ချုပ်သူတစ်ယောက်က အစောပိုင်းမှာ မေးခဲ့သလို မေးခွန်းထုတ်ခဲ့ပါတယ်။ “ဘယ်လိုလဲ၊ ပွဲက ပျော်စရာကောင်းခဲ့တယ်မလား? ”

ပြုံးရင်းနဲ့ ဟန်ဒါဆန် ပြန်ပြောလိုက်ပါတယ်။ “သိပ်ကောင်းတဲ့ ပတ်ဝန်းကျင် အနေအထားပါပဲ။ ဒီလိုမျိုး ဖြစ်လာဖို့ ကျွန်တော် မျှော်လင့်ခဲ့ပြီးသားပါ။ ဘရန့်ဖို့ဒ်ပွဲတွေကို ကျွန်တော် ကြည့်ခဲ့ပါတယ်။ သူတို့က အသင်းကောင်းတစ်သင်းပါပဲ။ သူတို့က ပွဲကို အရှိန်အဟုန် ပြင်းထန်ပြီး ခက်ခဲစေတယ်။

ဒီမှာ လာကစားရတာက ခက်ခဲမယ်ဆိုတာ ကျွန်တော်တို့ သိခဲ့ပါတယ်။ ဒီလို ကွင်းလုံးပြည့် အားပေးကြတဲ့ ပရိသတ်တွေကို ကျွန်တော်တို့ သတိရနေခဲ့တာပါ။ သူတို့တွေရဲ့ စိတ်အားထက်သန်စွာ အားပေးမှုတွေနဲ့ ဆူညံနေတဲ့ ပတ်ဝန်းကျင်မျိုးပေါ့” လို့ဖြစ်တယ်။

စိတ်အားထက်သန်မှုဆိုတာ အတော်လေး လှုပ်ရှားသက်ဝင်နေတဲ့ ပတ်ဝန်းကျင် အနေအထားကို ဖော်ပြဖို့ သင့်တော်တဲ့ စကားလုံးပါပဲ။ လီဗာပူးက ၃ မှတ်ရရမယ့် ပွဲကို ၁ မှတ် ရရှိခဲ့တဲ့ အတွက် အနည်းငယ် စိတ်ပျက်နေနခဲ့တယ်။

“ဒါပေမယ့် ကျွန်တော်တို့ စိတ်ပျက်နေပါတယ်။ ၂-၁ ဖြစ်နေတဲ့အခါ ကျွန်တော်တို့ ပွဲကို မြန်မြန်ဖြတ်ခဲ့သင့်တယ်။ ဘရန့်ဖို့ဒ်ကိုတော့ ချီးကျူးရမှာပဲ။ သူတို့က ပွဲကို ခက်ခဲစေခဲ့ပြီး ၃ ဂိုး သွင်းယူခဲ့တယ်။ ဒါကြောင့် သူတို့တွေ အနည်းဆုံးတော့ ၁ မှတ်နဲ့ ထိုက်တန်တယ်လို့ ကျွန်တော် ပြောရမှာပါ။ ကျွန်တော်တို့ကတော့ ၃ မှတ်လုံး မရခဲ့လို့ နည်းနည်း စိတ်ပျက်မိပါတယ်။”

လီဗာပူးဟာ ဒီရာသီ သူတို့ရဲ့ အကောင်းဆုံး တိုက်စစ်ကစားပုံနဲ့ ကစားနိုင်ခဲ့တယ်လို့ ကလော့ပ်က အခိုင်အမာ ပြောဆိုခဲ့သလို ဘရန့်ဖို့ဒ်ဟာ တခါတလေ ရေပေါ်မှာဆက်ပြီး ခေါင်းဖော်နိုင်ဖို့အတွက် ဂိုးသမား ဒေးဗစ်ရာယာရဲ့ လက်စွမ်းပြသမှုတွေကို အားကိုးဖို့ လိုအပ်ခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးဟာ အမှတ်ပေးဇယားထိပ်မှာ ရှုံးပွဲမရှိသေးပေမယ့် ဟန်ဒါဆန်ကတော့ သူတို့အနေနဲ့ နောက်တစ်ပတ် မန်စီးတီးနဲ့ မတွေ့ဆုံခင် ဒီပွဲမှာ ၃ မှတ်လုံး ရယူဖို့ ၃ မှတ်ဖြတ်ထားခဲ့သင့်တယ်လို့ ယုံကြည်နေတာပါ။

ခံစစ်ပိုင်း ပေးဂိုး တစ်ဂိုးသာ ပေးထားရပြီး ရာသီကို အကောင်းဆုံး စတင်ထားတဲ့ လီဗာပူးဟာ ဒီတစ်ကြိမ်မှာတော့ ၃ ဂိုး ပေးခဲ့ရပြီး အချိန်ပိုမှာ အိုင်ဗန် တိုနေးရဲ့ အနိုင်ဂိုး ဖြစ်စေနိုင်တဲ့ ကန်ချက်ကို ဗန်ဒိုက်ရဲ့ အကောင်းဆုံး ဖျက်ထုတ်မှုနဲ့ ရပ်တန့်နိုင်ခဲ့လို သက်သာရာ ရခဲ့တာပါ။

ဒီပွဲမှာ လီဗာပူးရဲ့ ပထမဦးစားပေး ခံစစ်လေးယောက် ကစားခဲ့ပေမယ့် တိုနီက လီဗာပူးကို အတော်လေး ခေါင်းကိုက်စေခဲ့ပြီး အမြင့်ဘောတွေ အသာစီး ရယူကာ ဒေါသထွက်နေတဲ့ နဂျယ်ကောင်လို လှစ်ခနဲ ပြေးပြေးသွားတတ်ပါတယ်။ အင်္ဂလန် လက်ရွေးစင်အသင်းအတွက် တနေ့မှာ ကစားပေးနိုင်ဖို့ မျှော်လင့်နေတဲ့ ကစားသမားတစ်ယောက်ကို ယာဂန်ကလော့ပ်ကလည်း လုံးဝ အထင်ကြီး လေးစားခဲ့ရပါတယ်။

“ပွဲမတိုင်ခင်မှာထဲက ဘရန့်ဖို့ဒ်ရဲ့ တိုက်စစ်မှူးနှစ်ယောက်က ထိန်းသိမ်းရ ခက်ခဲတ်ဆိုတာ ကျွန်တော်တို့ သိခဲ့ပါတယ်။ သူတို့က တစ်ပွဲလုံးမှာ ဒါကို သက်သေပြခဲ့ကြတာပါ။ နည်းနည်းတော့ ခေတ်ဟောင်းစတိုင်လေးပေါ့။ သူတို့တွေက အမြင့်ဘောတွေ လုတဲ့နေရာမှာ တော်တော်ကို ကောင်းပါတယ်။

ကျွန်တော်တို့တွေ ဗဟိုခံစစ်နှစ်ယောက်နဲ့ ဂိုးသမားအပေါ်ပဲ မှီခိုမနေပဲ အသင်းတစ်သင်းအနေနဲ့ ပိုပြီးတော့ ခံစစ်ကောင်းကောင်းဆော့ဖို့ လိုအပ်ခဲ့တယ်”လို့ ကလော့ပ်က ဆိုပါတယ်။

ဒါက သိသာနေခဲ့တာပါ။ လီဗာပူးရဲ့ တိုက်စစ်အင်အားက ကောင်းမွန်ပြီး မိုဆာလာကလဲ မတရား ခြေစွမ်းပြနေသလို သူတို့အနေနဲ့ ပက်ဂွာဒီယိုလာရဲ့ အသင်းနဲ့ တွေ့တဲ့အခါ တိုက်စစ်က အားပျော့နေမှာ မဟုတ်ပါဘူး။ ဖလားပြန်ယူဖို့ လီဗာပူးအသင်းက စိတ်ဆုံးဖြတ်ထားတာ ဖြစ်ပြီး အောင်မြင်ဖို့ အခွင့်အရေး ရှိတယ်ဆိုတာကို အဖွင့်ရက်သတ္တပတ်တွေမှာထဲက အထင်အရှား ပြသခဲ့ပြီး ဖြစ်ပါတယ်။