ဒီယိုဂို ဂျိုတာဟာ လီဗာပူးမှာ သူ့ရဲ့ ပထမဆုံးနှစ်ကို ပျော်ရွှင်ကျေနပ်နေခဲ့ပြီး ကလပ်ဟာ ဒီရာသီ ဆုဖလားတိုက်ပွဲအတွက် ရှေ့ဆုံးကနေ ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း ကတိပေးခဲ့ပါတယ်။

ပေါ်တိုနဲ့ ချန်ပီယံလိဂ်ပွဲအတွက် လီဗာပူးနဲ့အတူ မွေးရပ်မြေဆီ ခရီးထွက်ခဲ့တဲ့ ပေါ်တူဂီသားဟာ အသင်းဖော်တွေနဲ့ မပူးပေါင်းခင် တနင်္လာနေ့ နေ့လည်ပိုင်းက မီဒီယာတွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး ဂျိုတာရဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲ ပြောကြားချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

လီဗာပူးကစားသမားဘဝ ပထမဆုံးနှစ် အကြောင်း…

ဒီမှာ တစ်နှစ်ပြည့်သွားခဲ့ပြီပေါ့။ အန်ဖီးလို ပတ်ဝန်းကျင်၊ ကမ္ဘာတစ်ဝှမ်းက အားပေးမှုများစွာနဲ့ ဒီလို အံ့အားသင့်စရာ ကလပ်အတွက် ကစားပေးရတာက ထူးခြားပါတယ်။ အဆုံးသတ်မှာ ကျနော်တို့ ကစားသမားအားလုံး ပရိသတ်တွေကို ပေးချင်တဲ့ အရာက ကစားပွဲတွေ၊ ပြိုင်ပွဲတွေကို အနိုင်ရဖို့ပါ။ ဒါကြောင့် ကျနော်တို့ ရာသီအစမှာ ရှိနေပြီး အရာအားလုံးအတွက် တိုက်ပွဲဝင်သွားမှာပါ။

ပြီးခဲ့တဲ့ ၁၂ လအတွင်း ဘယ်လောက် သင်ယူပြီး တိုးတက်လာခဲ့လဲ…

ကျနော်ကတော့ ကွင်းထဲမှာ အသင်းဖော်တွေကို ကူညီနိုင်ဖို့အတွက် အမြဲတမ်း အကောင်းဆုံးဖြစ်အောင် ကြိုးစားပါတယ်။ ဒီအသင်းနဲ့အတူ ယာဂင်ကလော့ပ် လက်အောက်မှာ ကစားရတာက ကျနော်ကို အများကြီး အကူအညီပေးပါတယ်။ ဘာလို့လဲဆိုတော့ အသင်းက တိုက်စစ်အားပြု ကစားတာကြောင့် ဂိုးနားမှာ အမြဲရှိနေတဲ့ ကျနော့လို တိုက်စစ်ကစားသမားအတွက် အကျိုးရှိစေပါတယ်။

ဒီရာသီမှာ လီဗာပူးကို နောက်ထပ် ချန်ပီယံလိဂ် အောင်မြင်မှုရအောင် ကူညီဖို့…

အင်း။ ဥရောပ ညတစ်ညကို အန်ဖီးမှာ ပရိသတ်အပြည့်နဲ့ ကစားရတာက ဘယ်လိုမျိုးလဲဆိုတာ သိရဖို့ အခွင့်အရေး ရခဲ့ပါတယ်။ အဲ့ဒါက ကျနော့အတွက် သိပ်အရေးပါခဲ့တယ်။ ပထမဆုံး အတွေ့အကြုံလည်း ဖြစ်ပါတယ်။ အဲ့ဒီ့ကနေ အများကြီး သင်ယူခွင့်ရခဲ့တယ်။

အေစီမီလန်နဲ့ ပထမပိုင်းမှာ သူတို့က ဦးဆောင်နေပေမယ့်လည်း ကျနော်တို့ သိပ်ကို ကောင်းကောင်းကစားခဲ့တာပါ။ ပရိသတ်တွေက ကျနော်တို့အတွက် တွန်းအားဖြစ်စေခဲ့ပြီး သူတို့က အသင်းရဲ့ ကစားပုံအတွက် တကယ်ကို အသုံးဝင်တဲ့ အကူအညီပါပဲ။

ကလပ်ကို ရောက်ရှိပြီးနောက် ဖာမီနို၊ မာနေး၊ ဆာလာတို့ရှိတဲ့ အသင်းမှာ ဘယ်လိုနေရာရနိုင်မလဲဆိုတဲ့ အတွေး…

သူတို့တွေက ကမ္ဘာ့အကောင်းဆုံး တိုက်စစ်သုံးယောက်တွဲတွေထဲက တစ်တွဲဆိုတာ ကျနော်သိခဲ့ပါတယ်။ ဒါပေမယ့် ကျနော် ဒီကိုလာပြီး တစ်ယောက်ယောက်ရဲ့နေရာကိုယူဖို့ ဘယ်တော့မှ မတွေးခဲ့ဘူး။ လေ့ကျင့်ရေးနဲ့ ပွဲတွေမှာ အကောင်းဆုံး ပေးဆပ်ကစားဖို့ပဲ တွေးမိတယ်။ ကျန်တာကတော့ နည်းပြက ဆုံးဖြတ်မှာပါ။

အဲ့လို ကစားသမားးတွေက ကိုယ့်ကို ကူညီဖို့ ရှိနေတဲ့အခါ အရမ်း အသုံးဝင်တယ်။ ဘာလို့လဲဆိုတော့ အဆုံးသတ်မှာ ကျနော်တို့ လိုချင်တာက အနိုင်ရဖို့လေ။ ကစားသမားကောင်းတွေရှိမှ ကျနော်တို့ နိုင်ပွဲရနိုင်မှာပါ။