ယူနိုက်တက်တိုက်စစ်မှူး မာရှယ်ရဲ့ ဘောလုံးထိန်းသိမ်းမှု စွမ်းရည်ဟာ မက်ဆီကဲ့သို့ အထူးကောင်းမွန်ကြောင်း ကလပ်အသင်းဖော် ဂိုးသမား ဆာဂျီယို ရိုမီယိုက ချီးမွမ်းခန်း ဖွင့်သွားပါတယ်။

မော်ရင်ညိုဦးဆောင်တဲ့ ယူနိုက်တက်အသင်းဟာ ဘုန်းမောက်အသင်းကို ရင်ဆိုင်ဖို့ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ ဘုန်းမောက်ဟာ ဒီရာသီမှာ အထင်ကြီးစရာ ရာသီတာထွက်ကို ပိုင်ဆိုင်ထားပြီး ရမှတ် ၂၀ နဲ့ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။

မန်ယူနိုက်တက်ရဲ့ ဒါလော့နဲ့ စီးတီးရဲ့ ဖိုဒန်တို့ဟာ ၂၀၁၈ European Golden Boy ဆု ဇကာတင်စာရင်းမှာ ဆက်လက်ပါဝင်နေပါတယ်။ ၁၉ နှစ်သား ဒါလော့ဟာ ပြီးခဲ့တဲ့ ရာသီက ပေါ်တိုမှာ ပြသခဲ့တဲ့ ခြေစွမ်းကြောင့် ဆုစာရင်းမှာ ပါဝင်ခဲ့ခြင်း ဖြစ်ပြီး ဒီရာသီမှာတော့ ဒဏ်ရာပြဿနာကြောင့် ယူနိုက်တက်နဲ့ ၂ပွဲသာ ကစားထားရပါတယ်။

အာဆင်နယ်နဲ့ပွဲမှာ ဟန်ဒါဆန်၊ ကိတ်တာတို့ မပါဝင်ပေမယ့် တိုက်စစ်မှူး မိုဆာလက် ပါဝင်ကစားနိုင်မယ်လို့ ယာဂင်ကလော့ပ်က အတည်ပြု ပြောကြားပါတယ်။ လီဗာပူးအသင်း ထရိန်နင်မှာ ဆာလက်ကို လက်ကောက်ဝတ် အစည်းနဲ့ တွေ့ရပေမယ့် ပြင်းထန်တဲ့ ဒဏ် မဟုတ်ကြောင်း ကလော့ပ်က ဆိုပါတယ်။

လီဗာပူးအသင်းဟာ အာဆင်နယ်အသင်းကို လေးစားပေမယ့် အသင်းရဲ့ အကြောက်အရွံ့ကင်းကင်း ဘယ်အသင်းကို မဆို ရင်ဆိုင်နိုင်စွမ်းကိုတော့ လျှော့ချမှာ မဟုတ်ကြောင်း ဂိုးသမား အယ်လစ်ဆန်က ဆိုပါတယ်။ လီဗာပူးအသင်းက ကိုယ့်စွမ်းဆောင်ရည် ကိုယ် ယုံကြည်မှု ရှိသလို ပြိုင်ဘက်အသင်းတွေရဲ့ စွမ်းဆော်ငရည်ကိုလည်း အသိအမှတ်ပြု လေးစားမှုထားတယ်လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်နဲ့ပွဲမှာ ယာဂင်ကလော့ပ်က 4-3-3 (သို့) 4-2-3-1 ဘယ်ကစားကွက်နဲ့ ပွဲထွက်သင့်သလဲဆိုတဲ့အပေါ် မေးခွန်းထုတ်မှု ကျယ်ပြန့်လာပါတယ်။ မနှစ်ကရာသီ 4-3-3 နဲ့ တောက်ပခဲ့တဲ့ လီဗာပူးဟာ နောက်ပိုင်းပွဲတွေမှာ 4-2-3-1 ကစားကွက်မှာ ဆာလက်ကို အထောင်ထားပြီး ကစားပုံကောင်းမွန်နေခဲ့တာပါ။

ချဲလ်ဆီးမန်နေဂျာဆာရီက လန်ဒန်ကလပ်ရဲ့ အသင်းခေါင်းဆောင်အဖြစ် ကာဟေးကပဲ ဆက်ရှိနေမယ်လို့ အတည်ပြုလိုက်ပါတယ်။ ကာဟေးမရှိချိန်မှာ အစွန်လူ ကွီတာက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူမှာဖြစ်ပြီး ဒါဟာ အဓိပ္ပာယ်ရှိတဲ့ တာဝန်ပေးမှုလို့ ယုံကြည်နေပါတယ်။

ဇန်နဝါရီ အပြောင်းအရွှေ့မှာ လော့တပ်ချိစ်ကို လန်ဒန်ကလပ်ကနေ ဘယ်ကိုမှ ထွက်ခွာခွင့်ပေးမှာ မဟုတ်ပါဘူး။ ဆာရီက အောက်တိုဘာလအတွင်း ကစားခွင့်ရှိတဲ့ ပွဲ 5 ပွဲမှာ 4 ပွဲကို ပွဲထွက်ခွင့်ပေးထားခဲ့တာက လော့တပ်ချိစ်ကို လက်လွတ်မှာ မဟုတ်တဲ့ အကြောင်ရင်းခံပါလို့ ဆာရီကဆိုပါတယ်။

စကိုင်းမှ အားကစားကလောင်ရှင် မာတင်ကီအုန်းက လော့တပ်ချိစ်ကို လက်လွတ်မယ့်အစား ကိုဗာဆစ်ကိုပဲ မက်ဒရစ်ထံ ပြန်ပို့လိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒါပေမယ့် ကန်တေ၊ ဂျော်ဂျင်ဟိုတို့ အမာခံရှိနေတဲ့ ကွင်းလယ်မှာ ဘယ်သူ့ကို ရွေးလို့ ရွေးရမယ်မသိဖြစ်နေတာ ဆာရီအတွက် ပျော်စရာ ပြသနာပါလို့ ကီအုန်းက ထင်မြင်ချက်ပေးပါတယ်။

အာဆင်နယ်မန်နေဂျာ အူနိုင်းအမ်မရီက လီဗာပူးအသင်းရဲ့ တစ်ဦးချင်းနဲ့ အသင်းလိုက် စုပေါင်းစပ်ပေါင်း ကစားကွက်တည်ဆောက်မှုကို လေးစားအထင်ကြီးပါတယ်လို့ ပွဲကြိတွေ့ဆုံမှုမှာ ပြောဆိုပါတယ်။ အမ်မရီကပဲ အာဆင်နယ်ကလည်း မိနစ် 90 အတွက် အသင်းရဲ့အိုင်ဒီယာကောင်းတွေကို ချပြနိုင်ဖို့ရာ အသင်းသားတွေကို ယုံကြည်ပါတယ်လို့ ပြောလာခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီရာသီ ခံစစ်ပေးဂိုး အမြင့်ဆုံးအသင်းတွေထဲမှာ အဆင့် 6 နေရာက ရပ်တည်နေသလို ဂိုးပေါက်တည့်မှုကနေ ဂိုးပေးခံရမှုမှာလည်း အဆင့် 8 နေရာမှာ ရောက်နေတဲ့အသင်းပါ။ ပြိုင်ဘက် လီဗာပူးအသင်းကတော့ ကောင်တာတိုက်စစ် အမြင့်ဆုံး ပြုလုပ်တဲ့အသင်းမှာ ထိပ်ဆုံးနေရာကရှိနေလို့ နေရာလွတ် အသုံးချခြင်းဟာ အဆိုပါပွဲရဲ့ သော့ချက်ဖြစ်လာမယ်လို့ သုံးသပ်လာကြပါတယ်။

အာဆင်နယ်ကွင်းလယ်လူ တော်ရီရာက လန်ဒန်ကလပ်အသင်းမှာ ကွင်းလယ်လူ ဇာခါဟာ အတော်လေး အရေးပါပြီး အသင်းဟန်ချက်ညီမှုအပြင် အဝတ်လဲခန်းမှာလည်း သြဇာလွှမ်းနိုင်သူလို့ ထုတ်ဖော် ပြောဆိုပါတယ်။ ပြိုင်ဘက်တိုက်စစ်သမားတွေကို ရပ်တန့်ဖို့ရာ အားကိုးရတဲ့ ဇာခါ ဘောလုံးကစားကပုံကောင်းတဲ့ ပွဲတွေဟာ အသင်းကို အနိုင်ရဖို့ ပိုလွယ်စေတယ်လို့ တော်ရီရာက ဆိုပါတယ်။

ခါရာ​ဘောင်းဖလား ပွဲစဉ်​မှာ ဒူး​ခေါင်းဒဏ်​ရာခဲ့တဲ့ ဒီဘရိုင်းက ခွဲစိတ်မှု ခံယူရမှာ မဟုတ်ပေမယ့် သီတင်းပတ် ၅ပတ်ကနေ ၆ပတ်ကြာ အနားယူရမယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီဘရိုင်းဟာ နိုဝင်ဘာ ၁၁ ရက်နေ့မှာ ကစားမယ့် မန်ချက်စတာ ဒါဘီကိုတော့ လွဲချော်ပြီ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဘာစီလိုနာဆီက မက်ဆီကို ၀ယ်ယူဖို့ ကြိုးစားခဲ့တယ် ဆိုတဲ့ သတင်းများအပေါ် ဂွာဒီယိုလာက သူ့ဘက်က မက်ဆီကို ၀ယ်ဖို အသင်းကို တခါမှ မတောင်းဆိုဖူးဘူးလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ယခင်လမှာတုန်းကပဲ မန်စီးတီးဟာ မက်ဆီကို တရားဝင်ကမ်းလှမ်းခဲ့သေးတယ်လို့ မီဒီယာတွေက ဖော်ပြလာခဲ့တာပါ။

ဂွမ်ဒိုဂန်က ဖူလ်ဟမ်နဲ့ ပွဲအတွက် အသင်းထရိန်နင်မှာ ပါဝင်ခဲ့သော်လည်း သူ့အခြေအနေဟာ အရင်ကထက် ကောင်းလာပေမယ့် ရာနှုန်းပြည့် ကြံ့ခိုင်မှု မရသေးကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ အော်တာမန်ဒီမှာလည်း ကြွက်သားဒဏ်ရာ အနည်းငယ် ရှိနေတာကြောင့် လေ့ကျင့်ရေးကို ယနေ့ မလာနိုင်ခဲ့ကြောင်း ဂွာဒီယိုလာက ပြောကြားခဲ့ပါတယ်။

စပါးကွင်းလယ်ကစားသမား ၀မ်ယာမာဟာ ၀က်စ်ဟမ်းနဲ့ပွဲစဉ်မှာ ရခဲ့တဲ့ ဘယ်ဘက်ဒူး ဒဏ်ရာကြောင့် ဒီတစ်ပတ် ၀ုဗ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို လွဲချော်မှာ ဖြစ်ကြောင်း စပါးအသင်းက အတည်ပြုသွားပါတယ်။

ဝုဗ်အသင်းနည်းပြ Nuno Espirito Santo က စပါးအသင်းမန်နေဂျာ ပိုချက်တီနိုရဲ့ အောင်မြင်မှုအပေါ် ဆုဖလားတွေနဲ့ မဆုံးဖြတ်သင့်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

စပါးတိုက်စစ်မှူးဟောင်း ဘာဘာတော့က ပိုချက်တီနို အနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းဘက်က ကမ်းလှမ်းလာရင် ငြင်းပယ်သင့်တယ်လို့ အကြံပေး စကားဆိုသွားပါတယ်။ ပိုချက်တီနို စပါးအသင်းမှာ ကိုယ့်ပုံစံနဲ့ ကိုယ် အောင်မြင်စွာ အသင်းကို ထိန်းကျောင်းနိုင်ပေမယ့် ရီးရဲလ်မက်ဒရစ်မှာတော့ ဘာမှ အစိုးမရဘဲ ထိပ်သီးမန်နေဂျာတွေက ရီးရဲလ်မန်နေဂျာ ရာထူးကို စောင့်ကြည့်နေကြတယ်လို့ ဆိုပါတယ်။

Sports Home Time