မန်ယူက ဘက်တစ် အသင်းရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ လိုဆယ်ဆိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရှိရပါတယ်။ ၄င်းကို ခေါ်ယူဖို့ စပါး၊ ရီးရဲယ်မက်ဒရစ် အသင်းတို့ကလည်း စိတ်ဝင်စားနေပြီး ဘက်တစ် အသင်းအနေနဲ့ လိုဆယ်ဆိုကို ရောင်းချခဲ့ပါက အပြောင်းအရွှေ့ရဲ့ (၂၀) ရာခိုင်နှုန်းကို အသင်းဟောင်း PSG အသင်းထံ ပေးချေရမည် ဖြစ်ရာ ဘက်တစ် အသင်းက ကစားသမားအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း (၁၀၀) အထိ တောင်းဆိုဖို့ ပြင်ဆင်နေပါတယ်။
မန်ချက်စတာ ယူနိုက်တက် ဖောင်ဒေးရှင်း ရန်ပုံငွေပွဲ အဖြစ် မန်ယူ ဂန္တ၀င်များနဲ့ ဘိုင်ယန်မြူးနစ် ဂန္တ၀င်ကစားသမားများ အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင် ကစားကြရန် ယူနိုက်တက်က ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။
ဂန္တ၀င်ကစားသမားများပွဲမှာ ဆာအဲလက်စ်ရဲ့ မန်ယူဘက် က ပါဝင်ကစားခဲ့တဲ့ နည်းပြ ဆိုးရှားကို ရက်ရှ်ဖို့ဒ်က ထုတ်ဖော် ချီးကျူးမှုများ ပြုလုပ်သွားပါတယ်။ ဆိုရှားက နေရာယူမှု သိပ်ကောင်းပြီး အချိန်ကိုက် နေရာကိုက် နေရာယူတတ်သူလို့ ၄င်းက ဆိုပါတယ်။
မန်ယူ အကျော်အမော်ဟောင်းကြီး ဂျပ်စတမ်းက အသင်းထံ အောင်မြင်မှု ဆုဖလားတွေကို ပြန်လည်သယ်ဆောင်လာပေးဖို့ရာ မန်နေဂျာ ဆိုးရှားအနေနဲ့ ကစားသမားတွေ ရှင်းထုတ်မှုများ အပါအ၀င် ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို အညှာအတာကင်းကင်း လုပ်ဆောင်ဖို့လိုမယ်လို့ ပြောဆိုလိုက်ပါတယ်။
မန်ယူနဲ့ မန်စီးတီးတို့ အပြိုင်ကြိုးပမ်းနေတဲ့ ဘင်ဖီကာ လူငယ်တိုက်စစ်သမား ဂျိုအာ ဖိလစ်က လက်ရှိကလပ်အသင်းမှာပဲ ပျော်ရွှင်နေပြီး အသင်းပြောင်းဖို့ မရှိသေးကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
အေဂျက် ခံစစ်မှူး ဒီလစ်ဟာ လွန်ခဲ့တဲ့ နှစ်လလောက်တည်းက ဘာစီလိုနာသို့ ပြောင်းရွှေ့ဖို့ စီစဉ်မှုတွေ ရှိထားပြီး မန်ယူရဲ့ တစ်ပတ် လုပ်ခ ပေါင် ၂ သိန်းခွဲနဲ့ ကမ်းလှမ်းမှုကိုလည်း ပယ်ချထားခဲ့ပါတယ်။ ဒါကြောင့် ဘာစီလိုနာဘက် အလေးသာနေတဲ့ ကစားသမား ဆန္ဒကို လက်ခံလိုက်ပြီး မန်ယူက လက်လျော့လိုက်တော့မှာပါ။
မန်ယူက နယူးကာဆယ် ကွင်းလယ်ကစားသမား လောင်းစတပ်ဖ်ကို ကြိုးစားနေပေမယ့် ထိုအပြောင်းအရွှေ့အတွက် နောက်ဆုံး အဆုံးအဖြတ် ပေးမှာက နည်းပြ ဘင်နီတက်ဇ် ဖြစ်နေပါတယ်။ ဘင်နီတက်ဇ်သာ နယူးကာဆယ်မှာ ဆက်ရှိနေရင် လောင်းစတပ်ကို ရောင်းဖို့ တွန့်ဆုတ်မှာပါ။
ဂျူဗင်တပ်ဟာ ၄င်းတို့ ကစားသမားဟောင်း ယူနိုက်တက် ကွင်းလယ် ပေါ့ဘာကို ခေါ်ယူဖို့ အတွက် ဒိုင်ဘားလားအပြင် ဘယ်ခြမ်းခံစစ်မှူး အဲလက်စ် ဆန်ဒရိုကိုပါ ထည့်သွင်းပြီး အလဲအထပ်နဲ့ ကမ်းလှမ်းမှု လုပ်ရန်ကြံရွယ်လာပါတယ်။