ဝက်ဖို့ဒ်နဲ့ပွဲက အံ့အားသင့်ဖွယ် ဂိုးတစ်ဂိုး သွင်းယူခဲ့တဲ့နောက် ကလော့ပ်က ဆာလာဟာ လက်ရှိရဲ့ ကမ္ဘာအကောင်းဆုံး ကစားသမားအဖြစ် မှတ်ချက်ပေးခဲ့ပြီး သူ့ကစားသမားရဲ့ တန်ဖိုးကို မြှင့်တင်ပေးခဲ့ပါတယ်။

လီဗာပူး မန်နေဂျာက အီဂျစ်ကြယ်ပွင့်ဆီကနေ နောက်ထပ်အများကြီး ပိုမိုမြင်တွေ့ရဖို့ ရှိသေးတယ်လို့လည်း ဆိုပါတယ်။ ဒီချီးကျူးမှုဟာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပရီးမီးယားလိဂ်မှာ ဆာလာအတွက် ဖိအားများစေနိုင်ပေမယ့် ပိုမို အရေးကြီးနေတဲ့ ကစားသမားရဲ့ စာချုပ်ကိစ္စအတွက် အသင်းပိုင်ရှင်တွေထံ သူပေးလိုတဲ့ မက်ဆေ့လို့လည်း နားလည်နိုင်ပါသေးတယ်။

ဆာလာဟာ ဒီပွဲမှာ ဟက်ထရစ် ရရှိခဲ့တဲ့ ဖာမင်နိုဆီက ပေးပို့မှု တစ်ခုကို ဧရိယာအစွန်းနားမှာ လက်ခံရယူခဲ့ပြီးနောက် ဟွမ်ဟာနန်ဒက်ဇ်၊ ကက်ကာနဲ့ ခရစ် ကတ်ကတ်တို့ကို လိမ်ခေါက်ကျော်ဖြတ်ပြီး ဝက်ဖိုဒ့်အသင်း ဂိုးပေါက်ထဲ ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဆာလာရဲ့ စွမ်းဆောင်မှုနဲ့ ပတ်သက်ပြီး ကလော့ပ်က “ဒီနေ့ သူ့ရဲ့ စွမ်းဆောင်ရည်က သိပ်ကို ကောင်းမွန်ခဲ့တယ်။ ပထမဂိုးအတွက် ဖန်တီးပေးပို့မှုက တကယ်ကို ကောင်းခဲ့ပြီး ဒုတိယဂိုးကလဲ ထူးခြားခဲ့ပါတယ်။ သူက ထိပ်တန်းအဆင့်ပဲ။ ဒါကို ကျွန်တော်တို့ မြင်တွေ့ရနေရတာပါ။

သူ့ထက် ကောင်းတဲ့သူ ဘယ်သူရှိသေးလဲ?။ ကမ္ဘာ့ဘောလုံးအတွက် မက်ဆီနဲ့ ရော်နယ်ဒို လုပ်ပြခဲ့တဲ့အရာတွေ၊ သူတို့ရဲ့ လွှမ်းမိုးမှုတွေကို ကျွန်တော်တို့ ပြောစရာ မလိုပါဘူး။ ဒါပေမယ့် အခုချိန်မှာ ဆာလာက အကောင်းဆုံးပါပဲ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ်ကို ရောက်နေပေမယ့် ဆာလာက အမြဲတမ်း တိုးတက်နေတယ်ဆိုတဲ့ အချက်ကို ကလော့ပ်က ထည့်ပြောခဲ့တယ်။ လီဗာပူးနဲ့ စာချုပ် ၂ နှစ်ပဲ ကျန်ပြီး ၂၀၂၅ ခုနှစ်ထိ သက်တမ်းတိုးဖို့ အသင်းဘက်က ကြိုးစားနိုင်မယ်ဆိုရင် မှားယွင်းတဲ့ ကိစ္စ မဟုတ်နိုင်ဘူးလို့ ကလော့ပ်က ယုံကြည်တာလည်း ဖြစ်နိုင်ပါတယ်။

“ ဆာလာက ဆက်လက် တိုးတက်နိုင်သေးတဲ့ အသက်အရွယ်ပါ။ ဒါကို သူ ပုံမှန်တိုးတက်အောင် လုပ်နေပါတယ်။ ဒီနေ့ ဆာဒီယို မာနေးအတွက် သူ ဖန်တီးပေးခဲ့တဲ့ ပထမဂိုးကို မြင်ခဲ့မှာပေါ့။ အဲ့ဒါက ထူးချွန်တဲ့ ပေးပို့မှုတစ်ခုပဲ။ နွေရာသီ အားလပ်ရက်ကနေ ဒါတွေ သူဝယ်ခဲ့တာလားတော့ မပြောတတ်ဘူး။ အဲ့နောက်ပိုင်း သူ ဒီလို အရာတွေ စတင်လုပ်လာခဲ့တာပဲ။

ကျွန်တော်တို့မှာ မတူညီတဲ့ အရာတွေကို လေ့ကျင့်ဖို့ အချိန်တွေ ပိုမနေပါဘူး။ ဒါပေမယ့် အသင်းသားတွေက သူတို့ဘာသာ သူတို့ တိုးတက်လာခဲ့တာပါ။ ဆာလာပြသခဲ့တဲ့ ခြေစွမ်းတည်ငြိမ်မှုတွေကို လူတွေ စတင်မြင်လာကြပါပြီ။ တကယ်တော့ သူက အရင်ထဲက ဒီလိုတွေ ခြေစွမ်းပြခဲ့တဲ့သူပါ။ အခုဆို ကျွန်တော်တို့အတွက် သူ ကစားပေးခဲ့တာ ၅ နှစ်ရှိပြီ။ ဒီကို ရောက်ကတည်းက သူ စွမ်းဆောင်ပြခဲ့တာတွေက တကယ်ကို မယုံနိုင်စရာပဲ။

ဆာလာက လီဗာပူးကို ရောက်ကတည်းက ထိပ်ဆုံး ၅ ယောက်ထဲ ပါခဲ့တယ်။ အခုချိန်မှာတော့ သူ အကောင်းဆုံးကစားသမားဖြစ်နေပြီ။ ခရစ္စတီယာနိုနဲ့ မက်ဆီကြားက ကြီးမားတဲ့အရာကို ဘယ်သူမှ နှစ်ပေါင်းများစွာ သံသယမရှိခဲ့ကြဘူး။ ဒါပေမယ့် မိုကလည်း နှစ်အတော်ကြာ ထိပ်တန်းအဆင့်မှာ ရှိခဲ့ပြီးသားပါ။

သူ့ရဲ့ စိတ်အားထက်သန်မှုကြောင့် ဒီထက်ပိုပြီး မြင်တွေ့ရမှာတွေ အများကြီး ရှိပါသေးတယ်။ သူက ထိပ်တန်းအဆင့်မျိုးမှာ စွမ်းဆောင်ပြချင်တာပါ ” လို့ ကလော့ပ်က ချီးကျူးခဲ့တာပါ။