ဆာဒီယို မာနေးဟာ ပရီးမီးယားလိဂ် ဂိုး ၁၀၀ ပြည့်မှတ်တိုင်ကို စိုက်ထူနိုင်ခဲ့တဲ့အတွက် သူ့ရဲ့ ဂုဏ်ယူမှုကို ပြောပြခဲ့ပြီး နောက်ထပ် ပိုမြင့်မားတဲ့ မှတ်တမ်းတွေ ရရှိဖို့ ပစ်မှတ်ထားနေပါကြောင်း အသင်းဝဘ်ဆိုဒ်ကနေ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

ဆီနီဂေါ တိုက်စစ်သမားဟာ မနေ့က ဝက်ဖို့ဒ်ကို ၅ ဂိုးပြတ် နိုင်ခဲ့တဲ့ ပွဲအတွင်း လီဗာပူးရဲ့ အဖွင့်ဂိုးကို သွင်းယူပေးခဲ့တဲ့နောက် အင်္ဂလန်ထိပ်သီးလိဂ်မှာ ဂိုး ရာပြည့်ခဲ့တာပါ။ မာနေးဟာ ပရီးမီးယားလိဂ်မှာ ဂိုး ၁၀၀ သွင်းယူနိုင်တဲ့ ဒရော့ဘာ (၁၀၄ ဂိုး)၊ ဆာလာ (၁၀၄ ဂိုး) တို့နောက် တတိယမြောက် အာဖရိက ကစားသမားဖြစ်လာခဲ့တယ်။ သူ့ရဲ့ သွင်းဂိုး ၁၀၀ မှာတော့ ပင်နယ်တီ တစ်ဂိုးမှ မပါခဲ့ပါဘူး။

ဂိုးရာပြည့်မှတ်တိုင်အတွက် ဝမ်းမြောက်နေခဲ့ပေမယ့် မာနေးဟာ နောက်ထပ် သွင်းဂိုးတွေ ဆက်လက်ရယူပြီး လီဗာပူးကို ဖလားတွေ အောင်မြင်အောင် ကူညီပေးဖို့ ပိုပြီး အာရုံစိုက်ထားတာပါ။

“ ရိုးရိုးသားသားပြောရရင် ပရီးမီးယားလိဂ်ကို လာတုန်းက ကျွန်တော့်ရဲ့ အိမ်မက်က တတ်နိုင်သလောက် ဂိုးတွေအများကြီး သွင်းဖို့နဲ့ ဆုဖလားတွေ အောင်မြင်ဖို့ပါ။ ဒါကြောင့် ဒီနေ့ ကျွန်တော် အရမ်းပျော်တယ်။ ဂိုး ၁၀၀ သွင်းနိုင်လို့ အရမ်းဂုဏ်ယူပါတယ်။ နောက်ထပ် ဂိုးတွေ ပိုပြီးရရှိဖို့၊ ဖလားတွေ အောင်မြင်ဖို့ မျှော်လင့်ပါတယ်”လို့ မာနေးက ဆိုပါတယ်။

ဝက်ဖို့ဒ်နဲ့ပွဲအတွက် လီဗာပူးရဲ့ ပြင်ဆင်မှုတွေဟာ ဝက်ဖို့ဒ် နည်းပြသစ် ရာနီရာရီရဲ့ ပထမဆုံးပွဲအတွက် ဘယ်လိုပြင်ဆင်လာမလဲဆိုတဲ့ ခန့်မှန်းလို့မရတဲ့အတွက်ကြောင့် အခက်အခဲ ရှိခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးဟာ တစ်ပွဲလုံးနီးပါး ထိန်းချုပ်ထားခဲ့သလို သူတို့ဟာ လေ့ကျင့်ရေးမှာ အလုပ်ကြိုးစားခဲ့တာအတွက် အကျိုးကျေးဇူးရရှိခဲ့တယ်လို့ မာနေးက ယုံကြည်နေပါတယ်။

“ ကျွန်တော်တို့ ဒီနေ့မှာ သိပ်ကို ကောင်းကောင်းကစားခဲ့ပါတယ်။ အစကတည်းက ကျွန်တော်တို့ အတော်လေး မြန်မြန်ဆန်ဆန်နဲ့ စတင်ခဲ့ပြီး အခွင့်အရေးတွေ အများကြီး ဖန်တီးခဲ့တယ်။ အံ့အားသင့်စရာကောင်းတဲ့ ၅ ဂိုး သွင်းယူခဲ့တယ်။ ဒီနေ့မှာ ကျွန်တော်တို့တွေ နိုင်ပွဲနဲ့ထိုက်တန်ခဲ့တယ်လို့ ထင်ပါတယ်။

တဖက်နည်းပြကို ကျွန်တော်တို့ သိပြီးသားပါ။ သူက ပရီးမီးယားလိဂ်မှာ ကိုင်တွယ်ခဲ့ပြီး ဖလားလည်း ရခဲ့ဖူးတယ်။ ဒါပေမယ့် ကျွန်တော်တို့ လေ့ကျင့်ရေးမှာ ကိုယ့်အကြောင်းကိုယ် ပိုပြီးတော့ အာရုံစိုက်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ အရည်အသွေးတွေနဲ့ ဘယ်လိုမျိုး ပြိုင်ဘက်ကို ဒုက္ခပေးရမလဲဆိုတာ သိပါတယ်။

ဒီတစ်ပတ်အတွင်း ကျွန်တော်တို့ အဲ့ဒီ့အတွက် ခက်ခက်ခဲခဲ ကြိုးစားခဲ့ပြီး ဒီနေ့မှာ ပြသခဲ့တာပါ။ ဒါက မယုံနိုင်စရာ ကောင်းခဲ့ပါတယ်။ ဒီလို ခြေစွမ်းကောင်းတွေ ဆက်လက် ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်တယ်”လို့ မာနေးက ပြောပြခဲ့တာ ဖြစ်ပါတယ်။