လီဗာပူးဟာ စနေနေ့ ဝက်ဖို့ဒ်နဲ့ပွဲမှာ အပြတ်အသတ် နိုင်ပွဲရခဲ့တာနဲ့အတူ ပရီးမီးယားလိဂ် ဇယားထိပ်ပိုင်း တစ်နရာမှာ ဆက်ရှိနေပြီး ဇယားထိပ်က ချယ်ဆီးနဲ့ တစ်မှတ်ပဲ ကွာဟနေပါတယ်။

ရော်ဘတ်တို ဖာမင်နိုရဲ့ ဟက်ထရစ်နဲ့အတူ မာနေးနဲ့ ဆာလာတို့ကလည်း ဂိုးတွေသွင်းယူခဲ့တာကြောင့် လီဗာပူးဟာ ဗီကာရေ့ဂျ်ရုဒ်မှာ ၅-၀ နဲ့အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ လီဗာပူးဟာ ချန်ပီယံလိဂ်မှာ အက်သလက်တီကို မက်ဒရစ်နဲ့ ပွဲအတွက် အာရုံစိုက်ရမှာဖြစ်ပြီး မက်ဒရစ်မှာ ၎င်းတို့အနေနဲ့ ပထမဆုံးနိုင်ပွဲရခဲ့ရင် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်စေမှာပါ။

မနက်ဖြန် ကစားရမယ့်ပွဲမှာ ယာဂင်ကလော့ပ် လုပ်နိုင်တဲ့ အပြောင်းအလဲတွေ အကြောင်းကို တစ်ချက် လေ့လာ ကြည့်ရအောင်ပါ။

မေးခွန်းထုတ်စရာခံစစ်

အယ်လီဆန် ဘက်ကာဟာ ပြီးခဲ့တဲ့အပတ်က ဘရာဇီးကနေ စပိန်ကို တန်းသွားခဲ့တာကြောင့် ဝက်ဖို့ဒ်နဲ့ပွဲမှာ ကလယ်ဟာ ကောင်းကောင်းလုပ်ပြခဲ့ပေမယ့် သူသာလျှင် ဝမ်ဒါ မက်ထရိုပိုလီတာနိုမှာ ပွဲထွက်ခွင့်ရဖို့ မျှော်လင့်ရမှာပါ။

လီဗာပူးဟာ အဲ့ဒီ့ပွဲအပြီး နောက်တနင်္ဂနွေမှာ ယူနိုက်တက်နဲ့ ကစားရဖို့ ရှိနေသေးတာကြောင့် ခံစစ်မှာ နောက်ထပ် အပြောင်းအလဲတွေ မြင်တွေ့ရနိုင်ပါတယ်။ ဒီ နှစ်ပွဲကြားမှာ အချိန် ၅ ရက်ခြားပေမယ့် ကလော့ပ်ကတော့ အလှည့်ကျ ပွဲထုတ်မှုကို တောင့်ခံထားဖို့ ကြိုးစားနိုင်ပါတယ်။

ဝက်ဖို့ဒ်နဲ့ပွဲမှာ နောက်ကျ လူစားဝင်ကစားပြီးတော့ နက်ကို ဝီလီယံဟာ ဒီရာသီ ပထမဆုံးကစားခွင့်မှာပဲ ဖန်တီးမှုတစ်ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တယ်။ ဒါပေမယ့် ညာအစွန်လူ နေရာမှာ ပွဲထွက်ခွင့်ကတော့ ထရန့်ပဲ ရရှိမှာပါ။ ဘယ်အစွန်မှာတော့ ဆီမီကက်စ်ထက် အန်ဒီ ရောဘတ်ဆန် ကစားခွင့်ရနိုင်ပါတယ်။

အဓိက မေးခွန်းထုတ်စရာကတော့ လက်ရှိ ပထမဦးစားပေး ဖြစ်နေတဲ့ ဗန်ဒိုက်၊ မာတစ်တို့ရဲ့ ဗဟိုခံစစ် နေရာပါပဲ။ ကလော့ပ်အနေနဲ့ အဲ့ဒီ့နှစ်ယောက်လုံးကို ဒါမှမဟုတ် တစ်ယောက်ကို အနားပေးမယ်ဆိုရင် ဂျိုးဂိုမက်နဲ့ ကိုနာတေးတို့က ပွဲထွက်ခွင့်တစ်နေရာအတွက် တိုက်ပွဲဝင်ရမှာပါ။

ကီတာအတွက် အငြင်းပွားစရာ

အယ်လီဆန်လိုပဲ ဖာဘင်ညိုဟာ နိုင်ငံပွဲကြောင့် စနေနေ့ ပွဲမှာ မပါဝင်နိုင်ခဲ့ပေမယ့် ဒီပွဲမှာတော့ ပွဲထွက်ခွင့်ရနိုင်ပါတယ်။ လီဗာပူးဟာ ၄-၃-၃ ပုံစံကိုပဲ ဆက်သုံးမယ်ဆိုရင် ကွင်းလယ်အင်ဂျင်ခန်းထဲမှာ နောက်ထပ် နှစ်နေရာ ရှိနိုင်ပါသေးတယ်။

ဒီပွဲက အယ်တန်တာရာအတွက် ကစားဖို့ အရမ်းစောလွန်းသေးပြီး ပေါင်ခြံဒဏ်ရာကြောင့် ဝက်ဖို့ဒ်နဲ့ပွဲကို လွဲချော်ခဲ့တဲ့ ကာတစ်ဂျုံးစ်ကလဲ မရေမရာ ဖြစ်နေပါတယ်။ လူစားဝင်ကစားခဲ့တဲ့ ချိန်ဘာလိန်က ပွဲထဲမှ အလုပ်ရှုပ်နေခဲ့ပေမယ့် အဓိက အငြင်းပွားစရာက ဟန်ဒါဆန်၊ ဂျိမ်းစ်မီနာ၊ နာဘီကီတာတို့ထဲက ဘယ်သူက မက်ဒရစ်ကပွဲကို လွဲချော်မှာလဲ ဆိုတာပါပဲ။

ဒီတစ်ပတ်မှာ မီနာက အတော်လေး အထင်ကြီးစရာ ကောင်းခဲ့ပြီး ဒီလို အဓိက ဥရောပပွဲတွေမှာ ကလော့ပ်အတွက် အဓိက အားထားစရာ အမြဲဖြစ်ခဲ့ပေမယ့် ကီတာကလည်း အလားတူ ခြေစွမ်းကောာင်းတွေ ပြသထားခဲ့တာပါ။

ဂျိုတာ ကစားခွင့် ရမရ

ဖာမင်နို၊ မာနေးနဲ့ ဆာလာတို့ဟာ ဝက်ဖို့ဒ်အောင်ပွဲမှာ အတော်လေး လွှမ်းမိုးနိုင်ခဲ့တာပါ။
ဒါပေမယ့် သူတို့သုံးယောက်ဟာ နောက်ဆုံး ချန်ပီယံလိဂ် ၁၀ ပွဲမှာ ၂ ကြိမ်သာ အတူပွဲထွက်ခွင့်ရခဲတာ ဖြစ်ပါတယ်။

ဂျိုတာဟာ အသင်းဟောင်းနဲ့ပွဲမှာ ပါဝင်ကစားခွင့်ရဖို့ စိတ်အားထက်သန်နေမှာဖြစ်ပြီး အိုရီဂီကတော့ မီလန်နဲ့ အဖွင့်ပွဲမှာ အထင်ကြီးစရာ ကောင်းခဲ့သူပါ။ ဒါ့အပြင် မီနာမီနိုကလည်း နောက်ထပ် ရွေးချယ်စရာ တစ်ခု ဖြစ်ပါတယ်။