ရီးရဲလ်မက်ဒရစ်အသင်းဟာ စပိန်နောက်ခံလူရာမို့စ် ကို ဆက်ထိန်းထားလိုသော်လည်း ကစားသမားက အသင်းပြောင်းမယ်ဆိုရင် လီဗာပူး အဓိကနောက်ခံလူ ဗန်ဒိုက်ကို ခေါ်ယူဖို့ ကြိုးစားမှာဖြစ်ကြောင်း စပိန်သတင်းတွေမှာ ဖော်ပြလာပါတယ်။

ရာမို့စ်ဟာ အသင်းဥက္ကဋ္ဌ ပီရက်ဇ်နဲ့ ဆက်ဆံရေးတင်းမာနေပြီး လာမယ့်နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ အသင်းပြောင်းဖို့ အလားအလာ များနေပါတယ်။ ရာမို့စ်သာ အသင်းပြောင်းသွားမယ်ဆိုရင် ရီးရဲလ်မက်ဒရစ်အသင်းအတွက် တကယ့်ထိုးနှက်ချက် ဖြစ်လာမှာဖြစ်ပြီး ကစားအား ကောင်းတဲ့ နောက်ခံ ကစားသမားကောင်းကို ခေါ်ယူရမှာပါ။

စပိန်သတင်းစာ အေအက်စ်ရဲ့ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်ဟာ ထွက်ခွာဖွယ်ရှိနေတဲ့ ရာမို့စ်နေရာမှာ ဗန်ဒိုက်ကို ခေါ်ယူဖို့ အထူး စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ဗန်ဒိုက်ကို ဆောက်သမ်တန်ကနေ ခေါ်ယူခဲ့တာဖြစ်ပြီး နယ်သာလန်သား နောက်ခံ ကစားသမားဟာ အကောင်းဆုံး ခြေစွမ်းပြကစားခဲ့ပါတယ်။

ဗန်ဒိုက်က အသင်းတစ်သင်းကို အကောင်းဆုံးဦးဆောင်နိုင်ပြီး ဒီရာသီ လီဗာပူးခံစစ်အားကောင်းခဲ့ရာမှာ အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင် ကစားခဲ့ပါတယ်။ လီဗာပူးအသင်းတာဝန်ရှိသူတွေဟာ သူတို့အသင်းရဲ့ အဓိက ကစားသမား ဗန်ဒိုက်ကို ရောင်းချဖို့တော့ ဖြစ်နိုင်ခြေ အင်မတန်နည်းပါတယ်။

ဗန်ဒိုက်က ဒီနှစ်ဘောလုံးရာသီမှာ လီဗာပူးအသင်းအတွက် ပြိုင်ပွဲစုံ ၄၉ ပွဲကစားခဲ့ရာမှာ ၆ ဂိုးသွင်းယူပြီး ကစားဖော်တွေအတွက် ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားကာ ဆောက်သမ်တန်အသင်းမှာ ခြေစွမ်းပြတာထက်ပိုပြီး လီဗာပူးမှာ အကောင်းဆုံးကစားနေတာပါ။

ရီးရဲလ်ဟာ ရာမို့စ်နေရာမှာ ဗန်ဒိုက် အပြင် စီးရီးအေနောက်ခံလူ ၂ ဦးကိုဖြစ်တဲ့ အင်တာမီလန်မှ ဆက်ခရီနီယာနဲ့ နာပိုလီမှ ကူလီဘာလီတို့ ကိုလည်း ပစ်မှတ်ထားနေပါတယ်။