လာမယ့် ဗုဒ္ဓဟူးညမှာတော့ ယူရိုပါလိဂ် ဗိုလ်လုပွဲစဉ် အဖြစ် အင်္ဂလန်ရဲ့လန်ဒန်ဒါဘီပြိုင်ဘက်တွေဖြစ်တဲ့ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့က ယှဉ်ပြိုင် ကစားသွားကြမှာ ဖြစ်ပါတယ်။

နည်းပြအမ်မရီရဲ့ အာဆင်နယ်နဲ့ နည်းပြဆာရီရဲ့ ချဲလ်ဆီးတို့ဟာ ယူရိုပါလိဂ်သမိုင်းတစ်လျှောက်မှာတော့ ဒုတိယအကြိမ်မြောက် အင်္ဂလိပ် အသင်း အချင်းချင်း ဖိုင်နယ်မှာတွေ့ဆုံကြတာဖြစ်တယ်လို့ သိရပါတယ်။ ဥရောပအဆင့်မှာတော့ ၂၀၀၃-၀၄ ခုနှစ်က ချန်ပီယံလိဂ် ကွာတား ဖိုင်နယ်မှာ တွေ့ဆုံပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ် ပြန်လည်တွေ့ဆုံကြတာဖြစ်ပါတယ်။

ယှဉ်ပြိုင် ကစားမယ့်အချိန် – ဇွန်လ(၃၀)ရက်နေ့၊ ဗုဒ္ဓဟူးည (၁း၃၀)နာရီ။

ထိပ်တိုက်တွေ့ဆုံမှု

ဒီပွဲစဉ်ဟာ အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ရဲ့ ပြိုင်ပွဲစုံ(၁၉၈)ကြိမ်မြောက် ထိပ်တိုက်တွေ့ဆုံတဲ့ပွဲစဉ်ဖြစ်တယ်လို့ သိရပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒီပွဲဟာ ချဲလ်ဆီးအတွက်ရော၊ အာဆင်နယ်အတွက်ရော ဥရောပအဆင့် (၆)ကြိမ်မြောက် ဗိုလ်လုပွဲကို ယှဉ်ပြိုင် ကစားသွားကြမှာပဲဖြစ်ပါတယ်။

အင်္ဂလိပ်ကလပ်တွေထဲမှာတော့ ယူနိုက်တက်(၇)ကြိမ်၊ လီဗာပူးလ် (၁၄)ကြိမ် တို့ကသာ ၄င်းတို့နှစ်သင်းထက် ဖိုင်နယ်ကို ပိုမိုရောက်ရှိထားပါတယ်။ အာဆင်နယ်ဟာ ဥရောပဖိုင်နယ်ပွဲစဉ်(၅)ပွဲ ကစားခဲ့ရာမှာ (၄)ပွဲ အထိ ရှုံးနိမ့်ဖူးပြီး  ချဲလ်ဆီး ကတော့ ၄င်းတို့ ကစားခဲ့ဖူးတဲ့ ဥရောပဖိုင်နယ်(၅)ပွဲမှာ (၄)ပွဲအထိ အနိုင်ရရှိထားတယ်။

ဒဏ်ရာရ/ပွဲပယ် ကစားသမားစာရင်း

ချဲလ်ဆီး – ကန်တေ၊ လို့ဖ်တပ်စ်ချိခ်၊ ရူဒီဂါ၊ အိုဒွိုင်း၊ ဒရင့်ဝါးတား၊ အမ်ပါဒူ၊ ဗန်ဂျယ်ကယ်။

အာဆင်နယ် – ရမ်ဆေး၊ ဝဲလ်ဘတ်ခ်၊ ဒန်းနစ်ဆွာရက်ဇ်၊ ဘယ်လာရင်၊ မစ်ခီတာရန်(ချန်ခဲ့)၊ မာဗရိုပါးနို့စ်၊ ရော့ဘ်ဟိုးလ်ဒင်း။

ပွဲကြိုသုံးသပ်ချက်နှင့် ခန့်မှန်း

နည်းပြ ဆာရီရဲ့ ချဲလ်ဆီးအသင်းဟာ လက်ရှိဘောလုံးရာသီမှာ အတက်အကျများခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ အဆင့်(၃)နဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးနောက်ဆုံးကစားထားတဲ့ ပြိုင်ပွဲစုံ(၁၀)ပွဲ လောက်ကို ပြန်ကြည့်မယ် ဆိုရင် သရေပွဲတွေ များနေခဲ့တာကိုတွေ့ရပြီး ဆာရီရဲ့ကစားကွက်က အလုပ် မဖြစ်သေးတာကို ရှင်းရှင်း လင်းလင်း မြင်တွေ့နေရပါတယ်။

ချဲလ်ဆီးရဲ့တိုက်စစ်မှာ ဟီဂွာအင်နဲ့ ဂျီရူးတို့ဟာ ပုံမှန်ခြေမရှိတာကြောင့် ဟာဇက်တစ်ဦးတည်းရုန်းကန်နေရတဲ့အချိန်မှာ ကန်တေသာ ဒဏ်ရာကြောင့်ဒီပွဲကိုလွဲချော်ခဲ့မယ်ဆိုရင်တော့ ချဲလ်ဆီးအနေနဲ့ အာဆင်နယ်အပေါ် ကစားကွက် အသာစီး ရဖို့ ပိုမို ခက်ခဲသွားနိုင်ပါတယ်။

အာဆင်နယ် နည်းပြအူနိုင်းအမ်မရီဟာ ယူရိုပါလိဂ်ဖလားကို ဆီဗီလာအသင်းနဲ့ (၃)နှစ်ဆက်တိုက် ယူပြခဲ့ဖူးတဲ့ သမိုင်းကြောင်း ရှိနေပါတယ်။ အာဆင်နယ်ဟာ တိုက်စစ်ပိုင်းမှာတော့ ချဲလ်ဆီးထက် ပိုမိုကောင်းမွန်နေပေမယ့် မစ်ခီတာရန်လို ကစားသမားမျိုးကို (နိုင်ငံရေးပြဿနာကြောင့်) ချန်ခဲ့ရတာကတော့ နစ်နာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

အဲဒါကြောင့် ကွင်းလယ်တိုက်စစ်ကိုပုံဖော်ရာမှာ အိုဇေးလ်ခြေစွမ်းပြနိုင်ဖို့ အရေးကြီးနေပါတယ်။ အာဆင်နယ်ဟာ လက်ရှိ ရာသီနှောင်းပိုင်းမှာ ပရီးမီးယားလိဂ် ရှုံးပွဲတွေများနေပေမယ့် ဥရောပမှာတော့ ပုံစံကောင်းတွေ ဆက်တိုက် ပြသ ထားတဲ့ အတွက် ယူရိုပါလိဂ် ဖလားကို ပစ်မှတ်ထားနေတာ သိသာလွန်းနေပါတယ်။

ဒီပွဲမှာတော့ စပိန်သားနည်းပြ အမ်မရီရဲ့ယူရိုပါလိဂ်အတွေ့အကြုံတွေ နဲ့အတူ ရာသီနှောင်းပိုင်းမှာ ကစားကွက် ကောင်းမွန်လာတဲ့ အာဆင်နယ်က ချယ်ဆီးထက် အနည်းငယ် အသာစီးရမယ့် ဟန်တော့ ရှိနေပါတယ်။

ရလဒ်ကိုတော့ ပရိသတ်တွေပဲ ခန့်မှန်းပေးသွားပါဦး။   ချဲလ်ဆီး ? – ? အာဆင်နယ် ။