အာဆင်နယ်နည်းပြ အူနိုင်း အမ်မရီက ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ဟာဇက်ကို တားဆီးနိုင်ခြင်းက အဓိက ကျလိမ့်မယ်လို့ ဆိုလိုက်ပြီး ချယ်ဆီး ကြယ်ပွင့် ဟာဇက်ဟာ လက်တစ်ဆုပ်စာလောက်သော ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲ ပါဝင်နေတယ်လို့ ချီးကျူးလိုက်ပါတယ်။

အာဆင်နယ်ကစားသမားဟောင်း ဗီအဲရာက ၄င်းကို အာဆင်ဝင်းဂါးက အနာဂတ် အာဆင်နယ်အသင်းနည်းပြလို့ ညွှန်းဆိုခဲ့တဲ့ အပေါ် စိတ်လှုပ်ရှားမိကြောင်း ၀န်ခံလိုက်ပြီး ၄င်းလည်း တနေ့မှာ အာဆင်နယ်ကို နည်းပြအဖြစ် တာဝန်ယူလိုကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဗီအဲရာက လက်ရှိ နိုက်စ်အသင်းကို တာဝန်ယူ နည်းပြနေသူပါ။

မေလ 30 ရက်နေ့ မနက်မှာ ယှဉ်ပြိုင်ရမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲအတွက် လန်ဒန်နှစ်သင်း ပရိသတ်တွေ စတင်ကာ ရောက်ရှိနေပြီဖြစ်ပြီး အဇာဘိုင်ဂျန်ရဲ့ မြို့တော်ဟာ အနီရောင်နဲ့ အပြာရောင်တွေ စတင်ကာ ဖုံးလွှမ်းနေပြီဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မြို့လယ်မှာ အာဆင်နယ်နဲ့ ချယ်ဆီး ပရိသတ်တွေဟာ အသင်းအလဲတွေ၊ အသင်းနဲ့ဆိုင်ရာ အမှတ်အသားတွေနဲ့ စတင် ရောက်ရှိ အောင်ပွဲခံနေကြပါတယ်။

ဘိုင်ယန်မြူးနစ် ဥက္ကဌ ဟိုးနက်စ်က ခံစစ်မှူး ဘိုတန်ကို ဒီနွေမှာ အသင်းကနေ ထွက်ခွာနိုင်ကြောင်း ပြောကြားထားပြီး ဖြစ်ပါတယ်။ ဘိုတန်ကို ပရီးမီးယားလိဂ်မှာ အာဆင်နယ်နဲ့ ယူနိုက်တက်တို့ စောင့်ကြည့် စိတ်ဝင်စားမှု ရှိနေပါတယ်။

အာဆင်နယ်အသင်း ပစ်မှတ်ထားနေတဲ့ စိန့်အီတီနီ အသင်း ခံစစ်မှူး ဆာလီဘာက ဒီတလောမှာတင် လက်ရှိကလပ်နဲ့ စာချုပ်သစ် လက်မှတ် ရေးထိုးခဲ့ပါတယ်။ ဒါပေမယ့် ယူရို သန်း ၃၀ ရရင် ရောင်းချပြီး နောက်ရာသီ အငှား ပြန်ချဖို့ တောင်းဆိုမှုကို လိုက်လျောပေးပါက ဆာလီဘာကို လက်လွှတ်ဖို့ ရှိပါတယ်။

အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲ မတိုင်ခင်မှာပဲ လက်မှတ် ခွဲတမ်း ၆၀၀၀ ထဲက ရောင်းမကုန်တဲ့ လက်မှတ် ၂၃၀၀ ကို ယူအီးအက်ဖ်အေ သို့ ပြန်အပ်လိုက်ပြီ ဖြစ်ပါတယ်။

အာဆင်နယ် ပထမဂိုးသမား လီနိုက ဗိုလ်လုပွဲ ဖြစ်တာကြောင့် ကစားသမား တစ်ယောက် အနေနဲ့ ပီတာချက်ကို မကစားစေလိုပဲ သူလည်း ပွဲထွက် ကစားချင်ကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။

စပိန်ဘက်က သတင်းများအရ အာဆင်နယ်နည်းပြ အမ်မရီဟာ ဘာစီလိုနာမှ နည်းပြ ဗယ်ဗာဒီကို ထုတ်ပယ်ပြီး အစားထိုးခန့်မယ့် မန်နေဂျာလောင်း စာရင်း ၄ ဦးထဲ ပါဝင်နေတယ်လို့ သိရပါတယ်။