နိုင်ငံတကာ သီတင်းပတ် ပြီးဆုံးခဲ့ပြီဖြစ်ပြီး ၂၀၂၁ ခုနှစ်ထဲမှာ နောက်ထပ် လက်ရွေးစင်အဆင့်ပွဲတွေ ကစားရဖို့ မရှိမှုနဲ့အတူ လီဗာပူးအသင်းဟာ ခက်ခဲတဲ့ ပွဲကြပ်ကာလတွေကို ရင်ဆိုင် ကျော်ဖြတ်ရပါမယ်။

လီဗာပူးအတွက် ခက်ခဲတဲ့ အချိန်ဇယားဖြစ်ပြီး ခရီးတွေ အများကြီး သွားရတာတွေ ရှိလာပါဦးမယ်။ ဒါပေမယ့် လီဗာပူးလက်ထောက်နည်းပြ လင်ဒါနဲ့ အသင်းအတွက်တော့ ဒါက အသားကျနေတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပြီး ပြိုင်ဘက် ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်လို ပြိုင်ပွဲပဲဖြစ်ဖြစ် အကောင်းဆုံး အားထုတ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

“ ကျွန်တော်တို့ ဘယ်လိုပြိုင်ဘက်ကိုပဲ ရင်ဆိုင်ရသည်ဖြစ်စေ မတူညီတဲ့ ပြင်ဆင်မှုတွေ မရှိပါဘူး။ ပွဲအားလုံးက အတူတူပါပဲ။ ပွဲမတိုင်ခင်နေ့ရဲ့ လေ့ကျင့်ရေးက ပြင်းထန်ပြီး ခက်ခဲတယ်ဆိုရင် ကျွန်တော်တို့က ပွဲအတွက် တိုက်ခိုက်ဖို့ ယုံကြည်မှုရှိပါလိမ့်မယ်။

ဒါက ကျွန်တော်တို့ လိုချင်တဲ့အရာပါပဲ။ လေ့ကျင့်ရေးတိုင်းမှာ ကိစ္စသေးသေးလေးတွေက အစ အာရုံစိုက်ပြီးတော့ တစ်ပွဲပြီးတစ်ပွဲ ဒီပုံစံအတိုင်းပဲ သွားပါတယ်။ ကျွန်တော်တို့ရဲ့ စိတ်အားထက်သန်မှု၊ စိတ်ဆန္ဒနဲ့ ကိုယ်ပိုင်နည်းလမ်းကို ပရိသတ်တွေကို ပြသချင်တယ်။ ဒါက ရာသီအတွင်း တည်တည်ငြိမ်ငြိမ် စွမ်းဆောင်ပြဖို့ တစ်ခုတည်းသော နည်းလမ်းပါပဲ ” လို့ လင်ဒါးက ဆိုခဲ့တာဖြစ်တယ်။

ကလော့ပ်ရဲ့ စီနီယာအသင်းမှာ အကယ်ဒမီထွက် ကြယ်ပွင့်တွေ နေရာရလာနေပြီး ဒီထဲမှာ ထရန့်နဲ့ ဂျုံးတို့က ထိပ်တန်းကစားသမားတွေပါ။ ဒါပေမယ့် နောက်ထပ် ပေါ်ထွက်လာမယ့်သူတွေ အများကြီးရှိနေပြီး လူငယ်ကစားသမားတွေနဲ့အတူ သူတို့တွေ ဘယ်လို အနီးကပ်၊ ပုံမှန် လေ့ကျင့်တယ်ဆိုတာကို လင်ဒါက ပြောပြခဲ့တယ်။

“ ကျွန်တော်တို့ အကယ်ဒမီက ကစားသမားသစ်တွေ ပုံမှန် မွေးထုတ်ပေးနေတယ်။ နိုင်ငံတကာ သီတင်းပတ်တိုင်း ကျွန်တော်တို့ သူတို့ကို မြင်တွေ့ရဖို့၊ လေ့ကျင့်ပေးဖို့နဲ့ သူတို့ရဲ့ အရည်အသွေးတွေကို လေ့လာကြည့်ရှုဖို့ အချိန်ရတယ်။

အဲ့ဒီ့သီတင်းပတ်တွေအတွင်း အံ့အားသင့်စရာ တစ်ခု၊ နှစ်ခုက အမြဲရှိပါတယ်။ အဲ့ဒါကို ဆက်လက်ထိန်းသိမ်းရင် ကျွန်တော်တို့ဟာ လီဗာပူးရဲ့ တန်ဖိုးတွေနဲ့ ကိုယ်ပိုင် အရည်အသွေးတွေကို ထုတ်လုပ်နိုင်မှာပါ။

ကျွန်တော်တို့က အဲ့ဒီ့လူငယ်ကစားသမားတွေကို အခွင့်အရေးတွေ ပေးပါတယ်။ လူငယ်တွေက ကျွန်တော်တို့ကို ဘယ်တော့မှ စိတ်ပျက်စေမှာ မဟုတ်ဘူး။ သူတို့တွေ စိတ်ဓာတ်အပြည့်နဲ့ နှစ်မြုပ်ကစားနိုင်ရင် အခွင့်အရေး ရမှာဖြစ်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

စီနီယာကစားသမားတွေရဲ့ ဒဏ်ရာကြောင့် လူငယ်ကွင်းလယ်လူ တိုင်လာ မော်တန်ကို အရန်စာရင်းမှာ မကြာခဏ မြင်တွေ့လာရပြီး သူဟာ ဒီရာသီ လီဗာပူးကွင်းလယ်မှာ နောက်ထပ်အခွင့်အရေးတွေရဖို့ မျှော်လင့်နိုင်သလို တိုက်စစ်သမား ဂေါ်ဒန်ကလည်း ရံဖန်ရံခါ အရန်လူစာရင်းကနေ ပါဝင်ခွင့် ရလာနေပြီဖြစ်ပါတယ်။