ဆောက်သမ်တန်နဲ့ပွဲမှာ သွင်းယူလိုက်တဲ့ ဂိုးဟာ အဂူရိုရဲ့ မန်စီးတိးအတွက် ပရီးမီးယားလိဂ်ဂိုး ၁၅၀ မြောက်ဖြစ်ခဲ့ပြီ ဖြစ်ပါတယ်။ အဂူရိုဟာ အာဆင်နယ်အတွက် ၁၇၅ ဂိုးသွင်းခဲ့တဲ့ အွန်နရီ၊ ယူနိုက်တက်အတွက် ၁၈၃ ဂိုး သွင်းခဲ့တဲ့ ရွန်းနီတို့နောက် ကလပ်အသင်း တစ်သင်းတည်း အတွက် ပရီးမီးယားလိဂ် ဂိုး ၁၅၀ ပြည့်အောင် သွင်းနိုင်တဲ့ တတိယမြောက်ကစားသမား ဖြစ်လာပါတယ်။

တိုက်စစ်အစွမ်းပြပြီး မန်စီးတီးက ဆောက်သမ်တန်ကို ၆ဂိုး ၁ဂိုးနဲ့ အနိုင်ရခဲ့သော်လည်း စီးတီးမန်နေဂျာ ပက် ဂွာဒီယိုလာက မန်စီးတီးဟာ အကောင်းဆုံးဆိုတဲ့ အနေအထား မဟုတ်ခဲ့ဘူးလို့ ဆိုလိုက်ကာ အခွင့်အရေး ဖြုန်းတီးခဲ့တာတွေအပေါ် ကျေနပ်မှု မရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ရှက်တာဒိုးနက်နည်းပြ Paulo Fonseca က မန်စီးတီးဟာ ကမ္ဘာမှာ အကောင်းဆုံး ဘောလုံးကလပ်အသင်း ဖြစ်နေပါပြီလို့ ဒီတစ်ပတ် ချန်ပီယံလိဂ်ပွဲ မတိုင်ခင် ထုတ်ဖော်ချီးကျူးသွားပါတယ်။

ယူနိုက်တက်ကစားသမား ဟာရဲရားက ဂျူဗင်တပ်နဲ့ မန်စီးတီးအသင်းတို့ကို ၄င်းတို့ရဲ့ အဓိက ကစားသမား နှစ်ယောက်အကြောင်း ပြောပြီး သတိပေးစကားဆိုလိုက်ပါတယ်။ ၄င်းတို့ကတော့ တိုက်စစ်မှူး မာရှယ်နဲ့ ရပ်ဖို့ဒ်ဖြစ်ပါတယ်။

ယူနိုက်တက် ဂိုးသမား ဒီဂီယာက ၄င်းရဲ့ လက်ရှိလစာ တစ်ပတ် ပေါင် ၁၇၅၀၀၀ ကနေ ပေါင် ၃ သိန်းထိ တိုးမြှင့် ရရှိလိုနေတဲ့အတွက် စာချုပ်သစ်ကိစ္စ အဆင်မပြေသေးတာလို့ သိရပါတယ်။ ယူနိုက်တက်မှာ လစာအများဆုံးက ဆန်းချက်က တစ်ပတ် ပေါင် ၃သိန်းခွဲ ရနေတာ ဖြစ်ပါတယ်။

ခရစ္စတီယာနို ရိုနယ်ဒိုက ၄င်း ထပ်မံတွဲဖက် ကစားချင်တဲ့ ယူနိုက်တက် အသင်းဖော်ဟောင်း အမည် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ သူကတော့ လက်ရှိယူနိုက်တက်မှာ မရှိတော့တဲ့ ၀ိန်းရွန်းနီပါ။ ရွန်းနီရဲ့ စိတ်ဓာတ်ပိုင်းနဲ့ ကြံ့ခိုင်မှုက သူ့ရဲ့ အားသာချက်ဖြစ်တယ်လို့ ရိုနယ်ဒိုက ပြောခဲ့ပါတယ်။

အရေးပါတဲ့ နိုင်ကိုနိုင်မှဖြစ်မယ့် PSV နဲ့ ချန်ပီယံလိဂ် ပွဲစဉ် ရှိတဲ့အတွက် ၀ုဗ်နဲ့ပွဲမှာ ဒဏ်ရာရသွားတဲ့ ကွင်းလယ်ကစားသမား ဒမ်ဘီလီရဲ့ အခြေအနေကို စပါးမန်နေဂျာ ပိုချက်တီနိုက စိုးရိမ်နေကြောင်း ၀န်ခံသွားပါတယ်။ ဒမ်ဘီလီကို ယနေ့ တနင်္လာနေ့မှ အသေးစိတ် စစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

စကိုင်းစပေါ့မှ သုံးသပ်သူ ယူနိုက်တက်ကစားသမားဟောင်း ဂယ်ရီနဗီးက စပါးအသင်းနဲ့ ပိုချက်တီနိုကို ထုတ်ဖော် ချီးကျူးမှုတွေ ပြုလုပ်သွားပါတယ်။ စပါးကစားသမားတွေထဲမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝေးဝေးလံလံသွားရောက် ကစားထားသူတွေ အများအပြားရှိပြီး၊ ကွင်းသစ်ကိစ္စ အဆင်မပြေမှုများရှိနေကာ ဒီရာသီ ကစားသမားသစ် ခေါ်ယူမှု ပြုလုပ်မထားပေမယ့် စပါးအသင်းရဲ့ လက်ရှိအနေအထားဟာ အလွန် ကောင်းမွန်ကြောင်း နဗီးလ်က ဆိုပါတယ်။

ဝုဗ်ကို နိုင်ပွဲအပြီးမှာ စပါးအသင်းမန်နေဂျာ ပိုချက်တီနိုက အသင်းရဲ့ တိုက်ရည်ခိုက်ရည်အပြည့်နဲ့ ရင်ဆိုင်နိုင်စွမ်းကို ချီးကျူးစကား ဆိုလိုက်ပါတယ်။ စပါးအသင်းဟာ ၀ုဗ်ကို ၃ဂိုး ၂ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

လီဗာပူးတိုက်စစ်မှူး ဆာလက်ရဲ့ အာဆင်နယ်အသင်းက စွမ်းဆောင်ရည်ကို BT Sports မှ သုံးသပ်သူ မာတင်ကီယွန်က ခပ်ရင့်ရင့် ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ၄င်းက “ဆာလက်က ကျနော့်အမြင်တော့ တကယ် နာမည်ကြီးလောက်အောင် ထိုက်တန်တဲ့ ကစားသမားမဟုတ်ဘူး။ ဒီနေ့ဆို သူ့လှုပ်ရှားမှုက ငြိမ်သက်နေတာပဲ။ တခုခု မှားနေတယ်။ သူက အနာပဲ မခံချင်သလို.. အရင်လို ကစားသမား မဟုတ်တော့ဘူး” လို့ ဆိုခဲ့တာပါ။

လီဗာပူးမှ ၀ါရင့်ကွင်းလယ်ကစားသမားကြီး ဂျိမ်းစ်မေနာက အသင်းရဲ့ ဂိုးအဆုံးသတ်ပိုင်းကို အားမရဖြစ်နေပြီး အာဆင်နယ်နဲ့ပွဲမှာ အခွင့်အရေးများကို ဂိုးအဖြစ် ထိထိရောက်ရောက် မပြောင်းလဲနိုင်တာကို ထောက်ပြပြောဆိုသွားပါတယ်။ မေနာဟာ ထိုပွဲမှာ လီဗာပူးအသင်းအတွက် တစ်လုံးတည်းသောဂိုးကို ဦးဆောင်သွင်းယူပေးခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ပြိုင်ဆိုင်မှု လက်ရှိအနေအထားက ခက်ခဲကြမ်းတမ်းနေပြီလို့ လီဗာပူး ခံစစ်မှူး ဂျိုးဂိုမက်ဇ်က ပြောကြားလိုက်ပါတယ်။ ဘယ်အသင်းနဲ့မှ အမှတ်ဆုံးရှုံးလို့ မရသလို ရမှတ်တိုင်းက အရေးကြီးကြောင်း ၄င်းက သတိပေးစကားဆိုလိုက်ပါတယ်။

ပဲလေ့စ်နဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ မိုရာတာဟာ နိုဝင်ဘာ ၂၀၁၇ နောက်ပိုင်း ပရီးမီးယားလိဂ် နှစ်ပွဲဆက် ပြန်လည် ဂိုးသွင်းနိုင်တာ ဖြစ်ပြီး တိုက်စစ်မှူးရဲ့ စွမ်းဆောင်ရည်ကောင်းတွေ ဆက်လက် တောက်ပလာပြီ ယူဆရပါတယ်။ အဆိုပါပွဲမှာ ချယ်ဆီးက ခရစ္စတယ်ပဲလေ့စ်ကို မိုရာတာရဲ့ သွင်းဂိုး ၂ ဂိုးအပါအ၀င် ၃ – ၁ ရလဒ်နဲ့ အနိုင်ရခဲ့တာပါ။

ချယ်ဆီးနည်းပြ ဆာရီဟာ ကွင်းလယ်ကစားသမား ဘာကလော နည်းစနစ်ပိုင်း ပိုမိုနားလည် သဘောပေါက်စေဖို့ တစ်ဦးချင်းသင်ကြားပေးမှုများပါ ပြုလုပ်ခဲ့ပြီး ခုချိန်မှာ ခံစစ်ပိုင်းလည်း တိုးတက်လာကာ ပြီးပြည့်စုံနေပြီ လို့ ထင်ကြောင်း ထုတ်ဖော်ပြောကြားသွားပါတယ်။ ဘာကလေရဲ့ တိုးတက်လာမှုက ချယ်ဆီးအသင်းအနေနဲ့ ဟာဇက်ပေါ် မှီခိုလွန်းနေတာက လျှော့ချနိုင်မှာဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီက လီဗာပူးနဲ့ သရေကျပြီးနောက် အာဆငနယ်အသင်းဟာ ပရီးမီးယားလိဂ် အကောင်းဆုံးအသင်းတွေရဲ့ အဆင့်နား နီးကပ်နေပြီလို့ ကြွေးကြော်လိုက်ပါတယ်။ ပရီးမီးယားလိဂ်မှာ အမှတ်ပေးဖလားရဖို့ ရေပန်းစားနေတဲ့ ချယ်ဆီး၊ လီဗာပူး၊ မန်စီးတီးတို့နဲ့ ရင်ဆိုင်တွေ့တဲ့အခါ အမှတ်ခွဲယူနိုင်တာက ကောင်းမွန်ပြီး အမှတ်ပြည့်ယူနိုင်ရင် ပိုကောင်းကြောင်း အမ်မရီက ဆိုပါတယ်။

အသင်းဆီက ကောင်းမွန်တဲ့ စွမ်းဆောင်ရည်၊ အနေအထားကလည်း ကောင်းတယ်.. ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်လို့ ချေပဂိုးသွင်းခဲ့တဲ့ အာဆင်နယ်တိုက်စစ်မှူး လာကာဇက်တီက လီဗာပူးနဲ့ ပွဲအပြီး တွစ်တာကနေ ပြောကြားသွားပါတယ်။

ရမ်ဆေးကို ခေါ်ယူလိုတဲ့အသင်းထဲမှာ ဘိုင်ယန်မြူးနစ်က အံ့အားသင့်ဖွယ် အလေးအသာဆုံး အသင်း ဖြစ်လာနေပြီး ဇန်န၀ါရီမှာ ကမ်းလှမ်းမှု ပြုလုပ်ဖို့ ရှိတယ်လို့ ဒေးလီးမေးသတင်းမှာ ဖော်ပြပါရှိပါတယ်။

Sports Home Time