ဒီယိုဂို ဂျိုတာက သူ့ရဲ့ လီဗာပူး အသင်းဖော် မိုဆာလာဟာ ထူးချွန်စွာဖြင့် ရာသီစတင်မှုတွေအပြီး ပေါ်တူဂီ ကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ အဆင့်အတန်းကို ရောက်ရှိနေပြီလို့ ထုတ်ပြောခဲ့ပါတယ်။

ဆာလာဟာ ၁၅ ပွဲအတွင်း ၁၅ ဂိုး သွင်းယူပြီး လီဗာပူးရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်သလို ဖန်တီးမှု ၆ ကြိမ်နဲ့လည်း ရှေ့ဆုံးကနေ ဦးဆောင်နေတာပါ။ သူ့ရဲ့ ထူးချွန်တဲ့ ခြေစွမ်းတွေက ယာဂင်ကလော့ပ်ရဲ့ အသင်းကို ပရီးမီးယားလိဂ်ဖလား ပြိုင်ပွဲမှာ ပါဝင်စေခဲ့သလို ချန်ပီယံလိဂ်မှာလည်း အုပ်စု ၂ ပွဲ ကျန်နေသေးပေမယ့် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်စေခဲ့တာ ဖြစ်ပါတယ်။

ဒီရာသီ ဆာလာပြုလုပ်ခဲ့တဲ့ အကျိုးသက်ရောက်မှုနဲ့ ပတ်သက်ပြီး ဂျိုတာက “ကြီးကျယ်တဲ့ ကမ္ဘာ့အဆင့် ကစားသမားတစ်ယောက်ပါပဲ။ သူက ဒီရာသီမှာ သူ့ရဲ့ ကျွမ်းကျင်မှုတွေကို ကမ္ဘာကြီးအတွက် ပြသနေတာပါ။

သူက ပျော်ရွှင်မှုအတွက် ဂိုးတွေ သွင်းယူပေးတယ်။ သိပ်ကောင်းတဲ့ဂိုးတွေ၊ တကိုယ်တော်ဂိုးတွေပေါ့။ ဒါက ကျွန်တော်တို့အတွက် အကူအညီ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ပွဲကို အဆုံးအဖြတ်ပေးနိုင်တဲ့ ကစားသမားမျိုးကို ရထားတာပါ။

ပြိုင်ဘက်တွေ အနေနဲ့လည်း သူ့ကို ဂရုတစိုက် သတိထားဖို့လိုတယ်ဆိုတာ သိနေတယ်။ အဲ့တော့ ကျွန်တော်တို့က သူ့ကို အာရုံစိုက်ရင်း ပြိုင်ဘက်တွေ ထားခဲ့တဲ့ နေရာလွတ်တွေကို ယူနိုင်တယ်။ ဘာလို့လဲဆိုတော့ သူတို့တွေက ဆာလာကိုပဲ အရမ် းစိုးရိမ်နေကြတာကိုး”လို့ ပြောပြခဲ့ပါတယ်။

ဒီနှစ် ဘလွန်းဒီအောဆုအတွက် စိန်ခေါ်သူတွေထဲ ပါဝင်တဲ့ အီဂျစ်သားနဲ့အတူ ကွင်းထဲမှာ ကစားရတာက အံ့ဩဖွယ် ခံစားရတယ်လို့ ဂျိုတာက ဝန်ခံခဲ့ပါတယ်။

ဂျိုတာဟာ ပေါ်တူဂီမှာ ရော်နယ်ဒိုနဲ့အတူ တွဲကစားနေတာကြောင့် ဆာလာ၊ ရော်နယ်ဒိုတို့နဲ့ အနီးကပ် မြင်တွေ့၊ ကစားရတဲ့သူအနေနဲ့ ၎င်းတို့နှစ်ယောက်ဟာ အရည်အသွေးနဲ့ စွမ်းဆောင်ရည်အဆင့်အတန်းမှာ တန်းတူလောက်နီးပါး ရှိတယ်လို့ ယုံကြည်နေပါတယ်။

“ ကျွန်တော် ရော်နယ်ဒိုနဲ့အတူ နိုင်ငံအသင်းအတွက် ကစားပေးခဲ့ရတဲ့ အချိန်မှာ ခံစားချက်တွေ ရရှိခဲ့ပါတယ်။ ကျွန်တော် ဆာလာကိုလည်း အလားတူ အဆင့်အတန်းမျိုးတွေအတွက် ပံ့ပိုးပေးနိုင်မယ်လို့ ခံစားနေရတယ်။ ဒါပေမယ့် ရော်နယ်ဒိုကတော့ ဒီအဆင့်မှာ အချိန်အကြာကြီး ကစားပြခဲ့တာပေါ့။

သူတို့တွေ ကွင်းထဲမှာ ရှိနေတဲ့အခါ အန္တရာယ်ကြီးမားတယ်၊ ဘယ်အချိန်မှာမဆို ဂိုးသွင်းနိုင်တယ်။ ကျွန်တော့်အတွက် သူတို့ကို အနီးကပ်ကြည့်ပြီး သင်ယူနိုင်တာမို့လို အတော်လေးကို အကျိုးရှိပါတယ်”လို့ ဂျိုတာက ပြောပြခဲ့တာ ဖြစ်ပါတယ်။