ဝက်ဟမ်းနဲ့ပွဲမှာ ပထမဂိုး ခွင့်ပြုပေးလိုက်ရတာကို ယာဂင်ကလော့ပ် ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို သဘောမကျပေမယ့် ဝက်ဟမ်းတိုက်စစ်မှူး အန်တိုနီယိုကတော့ အယ်လီဆန်ကို သူ လူကပ်ထားနိုင်ခဲ့တာက အကျိုးမြတ်ရရှိခဲ့ကြောင့း ပွဲအပြီးမှာ ပြောဆိုပါတယ်။

လီဗာပူးနဲ့ပွဲမှာ ရခဲ့တဲ့ ထောင့်ကန်ဘော ၃ ကြိမ်ကနေပဲ ဝက်စ်ဟမ်းက ၂ ဂိုး သွင်းယူနိုင်ခဲ့ပြီး သူတို့ရဲ့ အကြံအစည်က အောင်မြင်ခဲ့သလို အယ်လီဆန်က အရေးအကြီးဆုံး အခိုက်အတန့်တွေမှာ နေရာယူ မှားယွင်းနေခဲ့တာတွေ၊ မှားယွင်းတဲ့ လုပ်ရပ်တွေ လုပ်မိခဲ့ပါတယ်။

အဖွင့်ဂိုးနဲ့ ပတ်သက်ပြီး အန်တိုနီယိုက “ ဟုတ်ပါတယ်။ အစီအစဉ်တစ်ခုလုံးက ဂိုးသမားကိုပဲ တည်ထားပြီး အခြေခံကျကျ စိန်ခေါ်မှုလုပ်ဖို့ပါပဲ။ သူတို့တွေက ဘောလုံးလာနေတဲ့ အခါမျိုးမှာ ရုန်းကန်ခဲ့ရတာကို ကျွန်တော်တို့ မြင်ခဲ့ရတယ်။ အဲ့တော့ ကျွန်တော်တို့ လုပ်ဖို့လိုတာက ဗန်ဒိုက်နဲ့ ဝေးဝေးမှာ ဘောလုံးထိန်းသိမ်းထားဖို့ပဲ။ အဲ့ဒါက ဒီနေ့မှာ ကျွန်တော်တို့အတွက် အလုပ်ဖြစ်ခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ အသင်း ဝန်ထမ်းတွေကို ချီးကျူးရမှာပါ။ သူတို့က မတူညီတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါတိုင်း အဲ့ဒီ့အသင်းတစ်သင်းစီရဲ့ အားနည်းချက်၊ အားသာချက်တွေကို ရှာဖွေပေးတယ်။ ဒါတွေကို အသုံးချပြီး ကျွန်တော်တို့က မတူညီတဲ့ နည်းဗျူဟာတွေကို သုံးရတာပေါ့။

အများစုကတော့ နည်းပြကြီးရယ်၊ ပေါလ်နဗီးနဲ့ ကယ်ဗင်နိုလန်တို့ပဲ ဆွေးနွေးတိုင်ပင်ကြတာပါ။ သူတို့က အဲ့ဒါကို ထိန်းချုပ်ပြီးတော့ အသင်းအားလုံးကို ကြည့်ပြီးသုံးသပ်တယ်။ ကျွန်တော်တို့က ကျွန်တော်တို့ ရောက်ချင်တဲ့ နေရာတွေကို ရှာဖွေပါတယ်။ ဒါကြောင့် ဒီနေ့ကတော့ ဂိုးသမားကိုပဲ တိုက်ရိုက်ဖိအားပေးပြီး စိန်ခေါ်မှု လုပ်ခဲ့တာပါ။

ဂိုးသမားနားမှာ ဘယ်သူကမှ ကျွန်တော့်ကို လူမကပ်တာ တွေ့လိုက်ရတယ်။ ဒါကြောင့် ကျွန်တော်က ဂိုးသမားကို ထွက်လာပြီး မဖမ်းနိုင်အောင် ကာထားတာပါ။ အဲ့လိုနဲ့ ဒီနေ့မှာ ဂိုးတွေ ရခဲ့ပါတယ်”လို့ ရှင်းပြခဲ့ပါတယ်။

ကလော့ပ်ရဲ့အသင်းဟာ ဒီနေ့မှာ သူတို့ကိုယ်သူတို့ အဆိုးရွားဆုံး ပြဿနာတွေ ဖြစ်စေခဲ့သလို လီဗာပူးက ဝက်စ်ဟမ်းဆင်တဲ့ အကွက်ထဲ ဒဲ့ဝင်သွားခဲ့တယ်လို့ ထရန့် အလက်ဇန္ဒါး-အာနိုးက ဝန်ခံခဲ့ပါတယ်။

“ကျွန်တော်တို့ သူတို့ရဲ့ ထိန်းချုပ်မှုကို အတော်လေး ခံခဲ့ရတယ်။ အထူးသဖြင့် ဒုတိယပိုင်းမှာပေါ့။ သူတို့ကို တည်ကန်ဘောတွေ၊ တန်ပြန်တိုက်စစ်တွေ ခွင့်ပြုပေးခဲ့တယ်။ ဒါက သူတို့လိုချင်တဲ့အရာ အတိအကျပဲ။ ဒါကြောင့် ဒီနေ့မှာ ကျွန်တော်တို့တွေက အနိုင်ရအောင်လုပ်ဖို့ လိုအပ်တဲ့ ဘာကိုမှ မလုပ်နိုင်ခဲ့ဘူး”လို့ ညာအစွန်လူက ပြောပါတယ်။

ရလဒ်နဲ့ စွမ်းဆောင်ရည်တွေက လီဗာပူးအနေနဲ့ တိုးတက်ဖို့ လိုအပ်နေတဲ့အပိုင်းကို ထင်ရှားစေခဲ့သလို အရင်ကလဲ ကလော့ပ်က ခုလို ပြောခဲ့ပါတယ်။

“ပွဲတစ်ပွဲကို ရှုံးတာက ပြဿနာမဟုတ်ဘူး။ ကစားပွဲဆိုတာ အနိုင်အရှုံး ရှိမှာပဲ။ ဒါပေမယ့် ကျွန်တော်တို့ မှန်ကန်တဲ့ အရာတွေကို သင်ယူတတ်ဖို့လိုတယ်”လို့ နည်းလမ်းကျကျ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။