ဝါရင့် ခံစစ်မှူးကြီး ကွန်ပနီဟာ မန်စီးတီးအသင်းမှာ ၁၁ နှစ် ကြာခဲ့ပါပြီ။ သူဟာ ပရီးမီးယားလိဂ်ဖလား ၄ လုံးအပါအဝင် ဆုတံဆိပ်များစွာနဲ့ အောင်မြင်မှုရရှိသူလည်း ဖြစ်ပါတယ်။ အခုတော့ သူဟာ သူ့ငယ်ဘဝရဲ့အသင်းဖြစ်ခဲ့တဲ့ အန်ဒါလက်ခ်ျအသင်းဆီကို ကစားသမား/နည်းပြအဖြစ် တာဝန်ယူဖို့ ပြောင်းရွှေ့သွားတော့မှာပါ။

ကွန်ပနီဟာ ၃၃ နှစ်ရှိနေပြီလည်း ဖြစ်ပါတယ်။ ဒီနှစ် မန်စီးတီးတို့ ပရီးမီးယားလိဂ်ဖလားရရှိချိန်မှာ ကွန်ပနီရဲ့လက်စတာနဲ့ပွဲက ဂိုးကလည်း အရေးပါခဲ့ပါတယ်။ အဲ့ဒီဂိုးကြောင့်သာ မန်စီးတီးဟာ လက်စတာကို အနိုင်ရခဲ့တာပါ။ ကွန်ပနီအတွက်တော့ ချိုမြိန်တဲ့ နှုတ်ဆက်မှုလည်း ဖြစ်ပါတယ်။

ဒီလို စွမ်းဆောင်ရည်တွေနဲ့ သစ္စာရှိမှုတွေကြောင့်လည်း မန်စီးတီးအသင်းရဲ့ဥက္ကဌ အလ်မူဘာရက်ခ်ကတော့ ကွန်ပနီဟာ မန်စီးတီး အသင်းရဲ့ မိသားစုဝင် တစ်ယောက်အဖြစ် အမြဲရှိနေမှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ဒါ့အပြင် သူက တစ်နေ့နေ့မှာ အသင်းကို ကွန်ပနီ ပြန်လာလိမ့်မယ် လို့လည်း ဆိုခဲ့ပါသေးတယ်။

သူက – ” အခုက နှုတ်ဆက်ရမယ့် အချိန် မဟုတ်သေးပါဘူး။ ကွန်ပနီက ဒီမိသားစုဝင်ပါ။ ပြီးတော့ ဗင်းဆင့်ဟာ ဒီအသင်းရဲ့ အစိတ်အပိုင်း အဖြစ် အမြဲရှိနေမှာပါ။ ပြီးတော့ ကျွန်တော်သေချာတာက သူဟာ အနာဂတ်မှာ အသင်းဆီကို တစ်နည်းနည်းနဲ့ပြန်လာဦးမှာပါ။ အဲ့ဒါကို ခံစားမိပါတယ် ကျွန်တော် ခံစားလို့ရပါတယ်။ ”

” ဟိုးကတည်းက သူဘယ်လိုဆုံးဖြတ် ဆုံးဖြတ် ကျွန်တော်က သူ့နောက်မှာ ၁၀၀ ရာခိုင်နှုန်းအပြည့်ရှိမယ်လို့ ပြောခဲ့ပါတယ်။ သူ့ကို ကျွန်တော်တို့ သတိရနေကြမှာပါ။ ပြီးတော့ သူ့ကို သူနဲ့ ထိုက်တန်တဲ့ နှုတ်ဆက်ပွဲမျိုး ကျွန်တော်တို့ လုပ်ပေးသွားမှာပါ။ အရမ်းကို ခမ်းနား အံ့သြစရာ ဖြစ်လာမှာပါ” လို့ အလ်မူဘာရက်ခ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ ကွန်ပနီဟာ မန်စီးတီးအသင်းရဲ့ ပရိသတ် အချစ်တော် ကစားသမားပါ။ လက်ရှိ မန်စီးတီးနည်းပြ ဂွါဒီယိုလာကိုယ်တိုင်ကကို သူ့အနေနဲ့ ကွန်ပနီဆီကနေ သင်ယူခဲ့ရတာတွေရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသေးတယ်။