ကိုနတေးက အန်ဖီးထံ ပြောင်းရွှေ့ဖို့ စဉ်းစားခဲ့ရာမှာ ကလပ်ရဲ့ ဒဏ္ဍာရီဆန်တဲ့ ခံစားချက်က သူ့အတွက် လီဗာပူးကစားသမားတစ်ယောက် ဖြစ်လာချင်တဲ့ စိတ်ဆန္ဒကို လှုံ့ဆော်ပေးခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်သားဟာ လိုက်ပ်ဇစ်ကနေ ပေါင် ၃၆ သန်းနဲ့ ပြောင်းလာခဲ့ပြီးတော့ လီဗာပူးရဲ့ တစ်ယောက်တည်းသော နွေရာသီ ကစားသမားသစ် ဖြစ်ခဲ့ကာ မနှစ်က ဒဏ်ရာပြဿနာတွေနဲ့ ပတ်လည်ဝိုင်းနေခဲ့တဲ့ ဗဟိုနောက်တန်းနေရာကို အားဖြည့်ပေးခဲ့တာပါ။ အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ အသင်းနဲ့ တဖြည်းဖြည်း အံဝင်လာခဲ့ပြီးတော့ ၄ ပွဲကစားခဲ့ပါတယ်။

ဒါက ကလပ်အတွက် သူလုပ်ပေးထားတဲ့ လျှပ်တပြက် စွမ်းဆောင်ချက်တစ်ခု ဖြစ်ခဲ့ပြီး ဘွန်ဒက်စ်လီဂါကနေ ပရီးမီးယားလိဂ်ထံ ပြောင်းလာဖို့ ကိုနာတေးရဲ့ ဆုံးဖြတ်ချက်မှာ ကလပ်ရဲ့ ယုံကြည်ပေးမှု၊ လီဗာပူးက တခြားအသင်းတွေနဲ့ မတူညီမှုတွေက အဓိက အရေးပါခဲ့တာပါ။

“ ဒီလို ကလပ်တစ်ခုကို ရောက်တဲ့အခါ အနည်းငယ် စိုးရိမ်ကြောင့်ကြမှု ဖြစ်ရတယ်။ ဒါပေမယ့် မင်းအပေါ်မှာ ယုံကြည်မှုပေးဖို့ အဆင့်သင့်ဖြစ်နေတဲ့ ကလပ်တစ်ခုရှိရင်၊ ပြီးတော့ နည်းပြက မင်းကို စကားတွေပြောတယ်၊ သူ မင်းကို ဖြစ်စေချင်တာကို နားလည်အောင် ပြောပြတယ်ဆိုရင် အားလုံးအဆင်ပြေပါတယ်။

ယာဂင်ကလော့ပ်က ကမ္ဘာ့အကောင်းဆုံး နည်းပြတစ်ယောက်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ ဖုန်းထဲမှာ အများကြီး စကားပြောခဲ့တယ်။ သူ့ကို ပုဂ္ဂိုလ်ရေး မေးခွန်းတွေမေးခဲ့ပြီး သူကလည်း ကျွန်တော့်ကို မေးခဲ့ပါတယ်။

ကျွန်တော် တကယ်ခံစားခဲ့ရတာက ယုံကြည်မှုကိုပဲ။ ဒီကလပ်က သူများတွေနဲ့ မတူပဲ ဒဏ္ဍာရီဆန်တဲ့ ကလပ်တစ်ခုလို့ ကျွန်တော် ခံစားခဲ့ရတယ်။ ကျွန်တော် လက်မှတ်မထိုးခင်ထဲက ကိုယ့်ကိုယ်ကို ဒီမှာ ရှိနေသလို ခံစားခဲ့ရတယ်။ ဒါကြောင့်ပဲ ကျွန်တော် ကလပ်ကိုလာဖို့ ဆုံးဖြတ်ချက်ခဲ့တာပါ ” လို့ ပြောပါတယ်။

ကိုနတေးဟာ လက်ရှိအချိန်အထိ ကစားခဲ့တဲ့ပွဲတွေမှာ လီဗာပူး မျက်စိကျစရာ ဖြစ်ခဲ့တဲ့ အရည်အသွေးတွေကို ပြသခဲ့ပေမယ့် တိုးတက်ဖို့ အများကြီး လိုအပ်သေးသလို ပွဲထွက်နေရာအတွက် ပြိုင်ဘက်တွေ အများကြီးလည်း ရှိနေတာပါ။

ဒါပေမယ့် ကိုယ့်အရည်အသွေးအပေါ် ယုံကြည်မှု၊ အခု‌ရော အနာဂတ်မှာပါ ကိုယ့်ကိုယ်ကို သက်သေပြဖို့ စိတ်ရှည်သည်းခံမှုနဲ့အတူ အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ ကလော့ပ်အတွက် အဓိက ကစားသမားတစ်ယောက် ဖြစ်လာအောင် အရာအားလုံး လုပ်ဆောင်ဖို့ ပြင်ဆင်ထားတာပါ။

“ ငါ လီဗာပူးကိုသွားမယ်ဆိုရင် နောက်ထပ်တဆင့်ကို မြှင့်တင်ဖို့လိုတယ်လို့ ကျွန်တော် ကိုယ့်ကိုယ်ကို ပြောခဲ့ပါတယ်။ ဒါပေမယ့် ကိုယ့်အရည်အချင်းကို ယုံကြည်တယ်။ ဒါကြောင့် ရေတိုဖြစ်ဖြစ် ရေရှည်ဖြစ်ဖြစ် နေရာတစ်နေရာရရှိဖို့ ကျွန်တော် အစွမ်းကုန် ကြိုးစားသွားမှာပါ ” လို့ ပြင်သစ်သား ခံစစ်သမားက ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။