စတီဗင်ဂျရတ်ဟာ လီဗာပူးမန်နေဂျာရာထူးအတွက် နင်းဖြတ်သွားရမယ့် ကလပ်အဖြစ် အက်စတွန်ဗီလာကို ရွေးချယ်ခဲ့တယ်ဆိုတဲ့ မှတ်ချက်တွေကို ကာရေဂါက တုန့်ပြန် ပြောဆိုလိုက်ပါတယ်။

ကာရေဂါကတော့ အက်စတွန်ဗီလာဟာ လူတိုင်း အထင်သေးရမယ့် ကလပ် မဟုတ်ဘဲ ဗြိတိန်ရဲ့ အစဉ်အလာ ကလပ်ဖြစ်ကြောင်း ရှင်းပြခဲ့တယ်။ စတီဗင်ဟာ အသင်းအတွက် ကာလရှည် ကစားပေးခဲ့ဖူးတာကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ လီဗာပူးက မန်နေဂျာအဖြစ် တာဝန်ပေးမှာ မဟုတ်ခြင်းကြောင့် စိန်ခေါ်မှုတွေအတွက် ဂျရတ်က အင်္ဂလန်လိဂ်ကို ပြောင်းလာတာပါလို့ မာဆေးဆိုဒ်သားကြီးက သုံးသပ်ခဲ့ပါတယ်။

ကာရေဂါက ” ဘယ်သူအတွက်မှ အက်စတွန်ဗီလာက ချနင်းခံ မဟုတ်ပါဘူး။ အက်စတွန်ဗီလာဆိုတာ ဥရောပဖလား အနိုင်ရဖူးတဲ့ အသင်းပါ၊ မြေလတ်ဒေသရဲ့ အအောင်မြင်ဆုံးကလပ်၊ ဗြိတိန်ရဲ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်။

လူတိုင်းက စတီဗင် အကောင်းဆုံး လုပ်ပြနိုင်ပြီး တစ်ရက်မှာ လီဗာပူးကို ကိုင်တွယ်နိုင်ဖို့ ဆုတောင်းပေးနေကြမယ်ဆိုာတ ကျနော် သေချာ ပြောရဲတယ်။ သူကလည်း လီဗာပူးကို ကိုင်တွယ်လိုပါလိမ့်မယ်။ ဒါပေမယ့်လို့ တစ်ယောက်ယောက်က လီဗာပူးအတွက် ကာလရှည် ကစားပေးခဲ့တာအတွက်နဲ့ အနာဂတ်မှာ မန်နေဂျာရာထူး ရမယ်ဆိုတာမျိုး မဟုတ်ပါဘူး။

အကယ်လို့ စတီဗင်က ဗီလာမှာ ကောင်းကောင်းလုပ်ပြပြီး ဥရောပဝင်ခွင့် ရယူပေးနိုင်ရင်၊ ကာရာဘောင်းလို ဆုဖလား အနိုင်ရရင် သူက လီဗာပူးအသင်းကို တာဝန်ယူခွင့် ရနိုင်ပါတယ်။ ဒါပေမယ့် စတီဗင်အတွက်က အခြားသူတွေ ဘာတွေပြောနေတယ် ဆိုတာထက် ဗီလာမှာ ကိုယ်အလုပ်ကို အာရုံစိုက်နေဖို့ လိုပါတယ် ” လို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

အက်စတွန်ဗီလာကို ဂျရတ် ပြောင်းရွှေ့မှုဟာ ရိန်းဂျားအသင်းအပေါ် သူထားရှိတဲ့ သစ္စာတရားနဲ့ လီဗာပူးကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ဖို့ ရွေးချယ်ခြင်း ဖြစ်လာတာအတွက် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ဒီကိစ္စတွေကိုလည်း ကာရေဂါက “ ဒီရွေးချယ်မှုက စတီဗင်အတွက်လည်း ခက်ခဲမှာပါ။ သူကလည်း ရိန်းဂျားနဲ့ အမှတ်ပေးဖလား အနိုင်ရလိုမှာပေါ့။ အဲ့မှာ ၄ နှစ်နေပြီး အမှတ်ပေးဖလား ၂ ကြိမ် အနိုင်ရတာကို သူလည်း အလိုရှိမှာပေါ့။

ဘောလုံးရာသီဝက်မှာ ဗီလာကို တိုက်ရိုက် ကူးလာတာက သူ့အတွက်လည်း ခက်ခဲပါတယ်။ ဒါပေမယ့်လို့ အဲ့ဆုံးဖြတ်ချက်ကို လုပ်ရတာက စကော့လိဂ်နဲ့ ပရီးမီးယားလိဂ်ကြား ကွာဟမှုကြောင့်ပါ။ ရိန်းဂျားနဲ့ ဆဲလ်တစ်အတွက် စိတ်မကောင်းပေမယ့် ပရီးမီးယားလိဂ်နဲ့က နှိုင်းယှဉ်လို့ မရပါဘူး ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

စတီဗင်ဂျရတ်ဟာ ပရီးမီးယားလိဂ်မှာတော့ ကလော့ပ်၊ ဂွာဒီယိုလာ၊ တူချယ်၊ ကွန်တီလို ကမ္ဘာအဆင့် မန်နေဂျာတွေ၊ ရော်ဂျာ၊ ဘင်နီတက်စ်လို သူ့ရဲ့ ဆရာဟောင်းတွေနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။