အသက် ၇ နှစ်အရွယ်ပဲ ရှိသေးတဲ့ လီဗာပူး အကယ်ဒမီ ကြယ်ပွင့်လေး အာရတ် ဟိုစိန်နီကို စကိုင်းစပေါ့ရဲ့ အင်တာဗျူးဟာ များစွာသော ကြည့်ရှုသူတွေရဲ့ ဝေဖန်ခြင်းတွေကို ရင်ဆိုင်နေရပါတယ်။

အီရန်လူငယ်စတား အာရတ်ဟာ ၂၀၁၉ ခုနှစ်မှာ လီဗာပူးအကယ်ဒမီနဲ့ ပူးပေါင်းခဲ့ပေမယ့်လို့ သူဟာ လီဗာပူးရဲ့ အသက် ၉ နှစ်အောက် အကယ်ဒမီကို တရားဝင် ပူးပေါင်းလို့တော့ မရသေးသူ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ လူငယ်လေးဟာ လူမှုကွန်ယက်မှာတော့ အတော်လေး နာမည်ကြီးသူတစ်ဦး ဖြစ်နေခဲ့ပါပြီ။

ဖခင်ဖြစ်သူ ကိုင်တွယ်ပေးနေတဲ့ သူ့ရဲ့ အင်စတာဂရမ်ဟာ follower ပေါင်း ၅.၈ သန်းထိ ရှိနေတာဖြစ်ပြီး သူ့ရဲ့ ပရိသတ်တွေထဲမှာ ဆာလာ၊ ဖာမင်နိုလို လီဗာပူး ကစားသမားတွေအပြင် ဝဲလ်စမစ်၊ ဟာမီတန်၊ ဒေးဗစ်ဘက်ခမ်းနဲ့ The Rock လို ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးတွေတောင် ပါဝင်နေတာ ဖြစ်ပါတယ်။

ဒီအပတ်မှာ ဗြိတိန်မီဒီယာဖြစ်တဲ့ စကိုင်းစပေါ့ဟာ လီဗာပူးမြို့မှာရှိတဲ့ အာရတ်ရဲ့ နေအိမ်ကို သွားပြီး “မက်ဆီလက်သစ်” အဖြစ် တင်စားမှုနဲ့အတူ အင်တာဗျူး သွားလုပ်ခဲ့တာဖြစ်ပါတယ်။ အာရတ်က သူ့ရဲ့ ဘောလုံးစကေးတွေကို ပြသခဲ့ပြီး အင်တာဗျူး မေးမြန်းနေသူကတော့ လီဗာပူး အကယ်ဒမီလေးဟာ အနာဂတ်မှာ စီနီယာအသင်းထံ ရောက်လာနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဘောလုံးနဲ့ ပတ်သက်လို့ အာရတ်ရဲ့ အိပ်မက်ကို မေးမြန်းခဲ့ရာ ၇ နှစ်သားလေးက “ကမ္ဘာအကောင်းဆုံး ဖြစ်လာဖို့ပါ” လို့ ပြန်ဖြေခဲ့တယ်။ အဲ့အိပ်မက်ကို ပြည့်မယ်လို့ ထင်လားဆိုတဲ့ မေးခွန်းကိုလည်း “သေချာတာပေါ့ ဘာလို့လည်းဆိုတော့ ကျနော် အရမ်းလေ့ကျင့်ပါတယ်။ ဒီတော့ ဖြစ်လာမှာပါ ” လို့ တုန့်ပြန်ခဲ့တယ်။

အဆိုပါ ဗီဒီယိုကို မြင်တွေ့တဲ့နောက် ဗြိတိန်တစ်လွှားမှာ များစွာသော နည်းပြတွေ၊ ဂျာနယ်လစ်တွေနဲ့ ပရိသတ်တွေကတော့ စကိုင်းစပေါ့ တင်ဆက်သူရဲ့ ကလေးတစ်ယောက်ကို မဆင်မခြင် ချောင်ပိတ် မေးမြန်းမှုတွေကို ဝေဖန်ခဲ့ကြပါတယ်။

အရမ်း ငယ်သေးတဲ့ ကလေးတစ်ယောက်ကို အရွယ်ရောက်ပြီး လူကြီးတစ်ယောက်က ကမ္ဘာအကောင်းဆုံးတွေ၊ မက်ဆီလို အကျော်အမော်တွေနဲ့ နှိုင်းယှဉ်မှုတွေ လုပ်တာဟာ မလုပ်သင့်တဲ့ အပြုအမှုဖြစ်ကြောင်း လူမှုကွန်ယက်မှာ ဝေဖန် ထောက်ပြနေခဲ့ပါတယ်။

စကိုင်းစပေါ့က အခုလို အင်တာဗျူးနိုင်ခြင်းဟာ အာရတ်က လီဗာပူးအသင်းနဲ့ တရားဝင် မပူးပေါင်းရသေးခြင်းကြောင့်ဖြစ်တယ်လို့ ယူဆကြပြီ ပရော်ဖက်ရှင်နယ် ကလပ်တွေဟာ သူတို့ရဲ့ လူငယ် အကယ်ဒမီအသင်းသားတွေကို အခုလို အင်တာဗျူးခွင့်တွေ ပိတ်ပင်ထားတတ်ကြတယ်လို့လည်း မှတ်ချက်ပေးနေကြပါတယ်။