၂၀၁၅ မှာ လီဗာပူးကို ရောက်လာပြီးကတည်းက ကလော့ပ်ဟာ အားကစားဒါရိုက်တာ မိုက်ကယ်အက်ဒ်ဝပ်နဲ့ လက်တွဲပြီး အသင်းကို လိဂ်မှာ အကောင်းဆုံး အသင်းတစ်သင်းအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။

ဒီအတောအတွင်း သူတို့ဟာ အသင်းနဲ့ အံမဝင်တဲ့ ခေါ်ယူမှုတချို့လည်း လုပ်ခဲ့ပါတယ်။ လူစာရင်းအတွက် အကျိုးမဖြစ်ဆုံး ခေါ်ယူမှုတွေထဲက လိုရစ် ကာရီးယက်စ်ဟာ ဇန်နဝါရီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ကလပ်ကို စွန့်ခွာခွင့်ရရှိတော့မှာပါ။ ကာရီးယက်စ်ရဲ့ စာချုပ်က ၂၀၂၂ နွေထိ သက်တမ်းရှိပေမယ့် လီဗာပူးဟာ ဂိုးသမားကို စောစောစီးစီး ထွက်ခွာခွင့်ပေးမှာဖြစ်တယ်။

ဒါပေမယ့် နောက်ဆုံး ၆ နှစ်အတွင်း မေးခွန်းထုတ်စရာကောင်းတဲ့ လူသစ်ဝယ်ယူမှုက ကာရီးယက်စ် တစ်ယောက်ထဲ မဟုတ်ပါဘူး။ မာဆေးဆိုဒ်မှာ မအောင်မြင်ခဲ့တဲ့ ကစားသမားသစ် ခေါ်ယူမှု ၅ ခုက အောက်ပါအတိုင်း ဖြစ်တယ်လို့ TIA က ဖော်ပြပါတယ်။

လိုရစ် ကာရီးယက်စ်

ကာရီးယက်စ်ဟာ ၂၀၁၆ မှာ အန်ဖီးကို ရောက်လာတဲ့အချိန် နံပါတစ် ဂျာစီကို ရရှိခဲ့ပြီး ကလော့ပ်ရဲ့ ပထမဦးစားပေး ဂိုးသမား ဖြစ်ခဲ့ပေမယ့် ပွဲဦးထွက်ရာသီမှာ အမှားများစွာကြောင့် မင်ညိုလက်က သူ့နေရာကို ပြန်လည်ရယူသွားခဲ့ပါတယ်။

၂၀၁၇-၁၈ ဘောလုံးရာသီမှာ ကလော့ပ်က ကာရီးယက်စ်ကို ယုံကြည်မှုပြန်ပေးခဲ့ပြီး ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ သူ့ရဲ့ အဆိုးရွားဆုံးပုံစံကို ပြသခဲ့တာက လီဗာပူးကစားသမားဘဝကို အဆုံးသတ်စေခဲ့ပါတယ်။

ဂရုဂျစ်

ရက်စတား ဘယ်ဂရိတ်ကနေ ရောက်လာခဲ့ချိန် ဂရုဂျစ် အပေါ် မျှော်လင့်ချက်တွေ မြင့်မားခဲ့ပေမယ့် အန်ဖီးမှာ ၅ နှစ်အတွင်း ကွင်းလယ်လူဟာ ၈ ပွဲသာ ကစားခဲ့ရပြီး မအောင်မြင်တဲ့ ခေါ်ယူမှုတစ်ခုဖြစ်ခဲ့ပါတယ်။

လီဗာပူးလေ့ကျင့်ရေးမှာတော့ အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ ပုံမှန်ပွဲကစားခွင့်နဲ့ ထိုက်တန်မှုကို မပြသနိုင်ခဲ့တဲ့နောက် ရက်စတား၊ ကာဒစ်ဖ်၊ ဟာသာဘာလင်နဲ့ ပေါ်တိုတို့ထံ အငှားချခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီနွေမှာ သူ့ကို ရောင်းချခဲ့ရာမှာတော့ လီဗာပူးက အမြတ်တောင် ရခဲ့ပါသေးတယ်။

ဆိုလန်ကီ

လီဗာပူးက မျှော်လင့်ချက်ကြီးဖြင့် ခေါ်ယူခဲ့ပေမယ့် ဆိုလန်ကီဟာ ၂၁ ပွဲမှာ ၁ ဂိုးသာ သွင်းယူခဲ့ပြီး အရန်လူအဖြစ်ကနေ အသင်းအတွက် အကျိုးပြုပေးဖို့ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။ အင်္ဂလန် လူငယ်အဆင့်တွေမှာ စွမ်းဆောင်ရည်ကောင်းတွ ပြသခဲ့ဖူးတဲ့ လူငယ်တိုက်စစ်မှူးတစ်ယောက်အနေနဲ့ ဆိုလန်ကီရဲ့ လီဗာပူးကစားသမား ဘဝဟာ စိတ်ပျက်စရာ ကောင်းခဲ့ပါတယ်။

သူ့ကိုခေါ်ဖို့ ပေါင်သန်းအနည်းငယ်သာ ကုန်ကျခဲ့ပေမယ့် ပြန်ရောင်းထုတ်ရာမှာတော့ မယုံနိုင်စရာ ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၁၉ သန်းရခဲ့ပါတယ်။

ဘန်ဒေးဗီးစ်

ကလပ်မှာ ဗဟိုခံစစ် ပြဿနာတွေ ရှိနေတာကြောင့် အင်္ဂလန် ဗဟိုနောက်ခံလူကို ပေါင် ၅ သိန်းနဲ့ ပရက်စတန်ကနေ ခေါ်ယူခဲ့တာပါ။ ဒါပေမယ့် လက်တွေ့မှာတော့ ဒီခေါ်ယူမှာက ဘာမှအသုံးမဝင် ဖြစ်ခဲ့ပါတယ်။ ဒေးဗီးစ်ဟာ ပြောင်းရွှေ့လာပြီးနောက် တစ်ပွဲမှ မကစားခဲ့ရပဲ ရှက်ဖီးထံ အငှားချခံခဲ့ရတာပါ။

အိုဇန် ခါဘက်

ဒဏ်ရာပြဿနာတွေကို ဖြေရှင်းဖို့ မနှစ်က မာဆေးဆိုဒ်ထံ ခေါ်ယူခဲ့တဲ့ အိုဇန် ခါဘက်ကို ရာသီကုန်မှာ ပေါင် ၁၈ သန်းနဲ့ဝယ်ယူခွင့် ပါဝင်တဲ့ အငှားစာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ခါဘက်ဟာ ပရီးမီးယားလိဂ်ရဲ့ ပြင်းထန်တဲ့ ကစားပုံနဲ့ အရှိန်အဟုန်ကို အမီလိုက်ဖို့ အတော်လေး ရုန်းကန်ခဲ့ရပါတယ်။

လီဗာပူးဟာ ရာသီကုန်မှာ ရှော်ကေးကနေ နောက်ခံလူကို ခေါ်ယူဖို့ ငြင်းပယ်ခဲ့ပြီး အဲ့ဒီ့အစား လိုက်ဇစ်မှ ကိုနတေးကိုပဲ ခေါ်ယူခဲ့ပါတယ်။ ခါဘတ်ဟာ ပရီးမီးယားလိဂ်ကလပ် နော်ဝစ်ချ်မှာလည်း စွမ်းဆောင်ရည်ကောင်းတွေအတွက် ရုန်းကန်နေခဲ့ရပါတယ်။