နိုဝင်ဘာ လလယ်ကို ရောက်ပါပြီ။ ဒီကာလအတွင်းမှာပဲ ခံစစ်မှူး မာတစ်ဟာ ယခင် ၂ ရာသီထက်ပိုပြီး ကစားချိန် ပိုရခဲ့တာကြောင့် လီဗာပူးအနေနဲ့ နောက်ဆုံးမှာ နောက်ခံလူရဲ့ ကြံ့ခိုင်မှု ပြဿနာကို ဖြေရှင်းနိုင်ခဲ့ပြီလို့ ဆိုရမလားပါပဲ။

လီဗာပူးမန်နေဂျာဘဝ ပထမဆုံးလတွေအတွင်း ယာဂင်ကလော့ပ်ဟာ သူ့ရဲ့ ဗဟိုခံစစ် ရွေးချယ်စရာကို ဝေဖန်သုံးသပ်ခဲ့ပြီး ပထမဦးစားပေး ပွဲထွက်သူတစ်ယောက် လိုအပ်နေတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

မာကိုဂရုဂျစ်က ကလော့လက်အောက် ပထမဆုံး ခေါ်ယူမှုတစ်ခု ဖြစ်နိုင်ခဲ့ပေမယ့် ဆားဘီးယန်းသား ရောက်ပြီးနောက် တစ်လ မကြာခင်အတွင်း လီဗာပူးနဲ့ အကြိုစာချုပ် သဘောတူညီမှု ယူခဲ့တဲ့ မာတစ်က စီနီယာအသင်းထံ အဆင့်မြှင့်တင်နိုင်ခဲ့တဲ့ ပထမဆုံးသူဖြစ်ခဲ့တာပါ။

ရှော်ကေးနဲ့ ဆယ်စုနှစ်ကြာ ရှိနေခဲ့တဲ့ ဂျာမန်ဖွား ကင်မရွန်းသားဟာ လီဗာပူးထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိခဲ့ပြီး ဒါဟာ ကလော့ပ်ရဲ့ အကောင်းဆုံး ခေါ်ယူမှုတွေထဲက တစ်ခု ဖြစ်ပါတယ်။ ၂၀၁၅ မှာ အန်ဖီးကို ကလော့ပ် ရောက်လာပြီးနောက်ပိုင်း မာတစ်ဟာ လိဂ်ရဲ့ အကောင်းဆုံး ခံစစ်မှူးတွေထဲက တစ်ဦးလားလို့ အကြိမ်ကြိမ် မေးခံရပေမယ့် ဒဏ်ရာပြဿနာကပဲ သူ့ရဲ့ ခြေစွမ်းကို အကြိမ်ကြိမ် ဆွဲချခဲ့တာပါ။

မာတစ်အနေနဲ့ လီဗာပူး သူ့ကစားပေးခဲ့တဲ့ ၁၃၆ ပွဲထက် ပိုပြီးတော့တောင် မြင့်မားတဲ့ နေရာကို ရရှိသင့်ပါတယ်။ ဒါပေမယ့် ဒဏ်ရာပြဿနာတွေက မာဆေးဆိုဒ်မှာ သူ့ရဲ့ အချိန်တွေကို ဒုက္ခပေးခဲ့ပြီး ခြေကျင်းဝတ်၊ ပေါင်တံ၊ တံကောက်ကြော ပြဿနာတွေကြောင့် ပထမ ၃ ရာသီအတွင်းမှာကို ပွဲ ၄၀ မှတ်တိုင်ထိ မရောက်နိုင်ခဲ့ပါဘူး။ နောက်ထပ် ၂ ရာသီမှာလဲ ပြဿနာတွေက ပိုပြီး တိုးပွားလာခဲ့တာပါ။

၂၀၁၉ မှာ ကလပ်နဲ့ စာချုပ်သစ် ချုပ်ပြီးနောက်ပိုင်း မာတစ်ဟာ ကာလရှည် ဒူးဒဏ်ရာကြောင့် သူ့နေရာကို ဂျိုးဂိုမက်ထံ လွဲပေးခဲ့ရတယ်။ မနှစ်က သူ့ရဲ့ ပေါင်တံ၊ နောက်ကျောနဲ့ ပေါင်ခြံဒဏ်ရာတွေက ဂိုးမက်စ်နဲ့ ဗန်ဒိုက်တို့ကို လက်လွတ်ထားရတဲ့ လီဗာပူးအသင်းကို ပိုမိုအားနည်းစေခဲ့ပါတယ်။

ရေရှည်မှာ ခံစစ်နေရာအတွက် တည်ငြိမ်မှုရအောင် ခံစစ်သမားတစ်ဦးကို စွန့်လွှတ်ရမယ်ဆိုရင် မာတစ်ပဲ ဖြစ်လိမ့်မယ်လို့ ပရိသတ်တွေက သုံးသပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီရာသီမှာတော မာတစ်ဟာ လီဗာပူးရဲ့ အကောင်းဆုံး ဗဟိုနောက်ခံလူဖြစ်ခဲ့ပြီး သူ့ရဲ့ ကြံ့ခိုင်မှုအပေါ် ထင်မြင်ချက်တွေကို ဖီဆန်ပြနေတာ ဖြစ်ပါတယ်။

 

အသက် ၃၀ အရွယ် ကစားသမားဟာ အခုရာသီ နိုဝင်ဘာလယ်မှာပဲ စုစုပေါင်း ၁၃ ပွဲကစားခဲ့ရာမှာ ၁၁ ပွဲက ပွဲထွက်ခဲ့ရတာ ဖြစ်တယ်။ ကလော့ပ်ရဲ့ တစ်သင်းလုံးမှာ သူ့ထက် ပိုပြီးကစားချိန်ရထားတဲ့သူတွေက ၄ ယောက်သာရှိပြီး ၎င်းတို့ကတော့ ဂျော်ဒန် ဟန်ဒါဆန်၊ အယ်လစ်ဆန်၊ ဗန်ဒိုက်နဲ့ ဆာလာတို့ပဲ ဖြစ်ပါတယ်။

ဒါဆို လီဗာပူးက မာတစ်ရဲ့ ကြံ့ခိုင်မှုကို ထိန်းသိမ်းဖို့ အဓိက သော့ချက်ကို ရှာတွေ့ခဲ့ပြီလား။ ပြီးခဲ့တဲ့ရာသီတွေက အတွေ့အကြုံတွေကြောင့် ဒါကို ကောက်ချက်ချဖို့ စောသေးပေမယ့် အချက်အလက်တွေ အရတော့ လီဗာပူးဟာ ခံစစ်ပိုင်းကို ပါးပါးနပ်နပ် သုံးလာနိုင်နေပြီလို့ ပြောလို့ရပါတယ်။

ဒီရာသီမှာတော့ ကလော့ပ်ဟာ တောင့်တင်းတဲ့ ဗဟိုခံစစ်မှူး ၅ ယောက် အစုအဖွဲ့ကို ပါးပါးနပ်နပ် တည်ဆောက်ခဲ့ပါတယ်။ ကိုနတေးကို ရေရှည် ပွဲထွက်မယ့်သူ အနေနဲ့ မွေးထားတယ်ဆိုတာ သံသယဖြစ်စရာ မရှိသလို သူက လီဗာပူးမှာ အသားကျလာနေပြီး အရည်အချင်းရှိတဲ့ အရန်လူအနေနဲ့ အသင့်ဖြစ်နေတာက ကွင်းထဲက ဗဟိုခံစစ်မှူး နှစ်ဦးထံက အမြင့်ဆုံး အားထုတ်မှုတွေကို ရရှိအောင် အကူအညီဖြစ်စေပါတယ်။

မာတစ်က ဒီရာသီမှာ ဒဏ်ရာကြောင့် တစ်ပွဲမှ မလွဲချော်သေးပဲ သူ ပွဲမထွက်ခဲ့ရတဲ့ ၄ ပွဲလုံးမှာ ကိုနတေးက သူ့နေရာ ဝင်ကစားခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ပွဲမှာ ဗန်ဒိုက်နဲ့အတူ ပြင်သစ်သားက တွဲဖက် ကစားခွင့်ရခဲ့တာဟာ အံ့ဩစရာ အကောင်းဆုံး ပွဲထုတ်မှု ဖြစ်ခဲ့သလို ကလော့ပ်က သူ့ရဲ့ ဆုံးဖြတ်ချက်အပေါ် ပွဲမတိုင်ခင်မှာ ရှင်းပြခဲ့ပါတယ်။

“ကိုနတေးက အမြင့်ဆုံး အဆင့်အတန်းမှာ လေ့ကျင့်နေတာပါ။ မာတစ်က သိပ်တော်တဲ့ ကစားသမား တစ်ယောက်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က တချိန်လုံး သူ့ကိုပဲ တွန်းအားပေးနေလို့ မရပါဘူး ”လို့ ပြောဆိုခဲ့ပါတယ်။

ကိုနတေးရဲ့ ကစားပုံက အနာအဆာတချို့တော့ ရှိသေးပေမယ့် အိုးလ်ထရက်ဖို့ဒ်မှာ ၅ ဂိုးပြတ် နိုင်ခဲ့တဲ့ပွဲအတွင်း သေချာပေါက် အထင်ကြီးစရာ ကောင်းခဲ့ပါတယ်။ နောက် ၃ ရက်အကြာ ပရက်စတန်နဲ့ လိဂ်ဖလားပွဲမှာ မာတစ်က ပွဲထွက်ခဲ့ရပြီး ဒုတိယပိုင်းမှာ လူစားလဲလိုက်ရတာက ကြံ့ခိုင်မှုပြဿနာအတွက် စိုးရိမ်စရာ ဖြစ်စေခဲ့ပါတယ်။

ဒါပေမယ့် အဲ့ဒါက ကြိုတင်စီစဉ်ထားတဲ့ ကိစ္စ ဖြစ်ခဲ့ပြီးတော့ နတ်ဖီးလစ်နဲ့ လူစားလဲစေခဲ့တာက အရန် ဗဟိုခံစစ်မှူးကိုလည်း ပွဲကစားခွင့် မိတ်ဆက်ပေးလိုခဲ့ခြင်း ဖြစ်ပါတယ်။ မနှစ်က အရေးပေါ် ရွေးချယ်စရာအနေနဲ့ ကောင်းကောင်းလုပ်ပြခဲ့တဲ့ ဖီးလစ်ဟာ နွေဈေးကွက်မှာ အသင်းကနေ ထွက်ခွာဖို့ မျှော်လင့်ခဲ့ပေမယ့် ဘရိုက်တန်၊ နယူးကာဆယ်၊ ဘန်လေတို့ရဲ့ စိတ်ဝင်စားမှုတွေက အားလျော့သွားတဲ့နောက် ကလပ်မှာပဲ လေးနှစ်စာချုပ် ချုပ်ခဲ့တာ ဖြစ်ပါတယ်။

နက်ဖီးလစ်က ကလော့ပ်ရဲ့ အစီအစဉ်ထဲမှာ မပါဝင်ဘူးလို့ ထင်ခဲ့ကြပေမယ့် ၂၀၂၀-၂၁ ရာသီက ခံစစ်အိမ်မက်ဆိုးတွေ ပြီးတဲ့နောက် ဗန်ဒိုက်၊ ဂိုးမက်စ်နဲ့ မာတစ်တို့ရဲ့ ကြံ့ခိုင်မှု အခြေအနေအပေါ် စီမံခန့်ခွဲဖို့ အစီအစဉ်ထဲမှာ ဖီးလစ်ကိုလည်း ထည့်ထားဆဲ ဖြစ်ပါတယ်။

“ ဒီလိုအခိုက်အတန့်တွေမှာ ကျွန်တော်တို့ စဉ်းစားဖို့လိုတယ်။ ကျွန်တော်တို့မှာ ကာလရှည် ဒဏ်ရာတွေကနေ ပြန်လာခဲ့တဲ့ ခံစစ်မှူး ၃ ယောက်ရှိတယ်။ ဒါကြောင့် ဖြစ်လာနိုင်တဲ့ အခြေအနေအတွက် ကြိုပြင်ထားရမယ်။ အခု သူတို့တွေ ကြံ့ခိုင်မှုရှိနေတာ ကောင်းပေမယ့် တခုခု လွဲချော်သွားရင်ဆိုတဲ့ အတွေးနဲ့ ပလန်ဘီ ထားထားရမှာပါ ” လို့ ကလော့ပ်က စက်တင်ဘာလမှာ ပြောဆိုခဲ့တာပါ။

လီဗာပူးရဲ့ ဒဏ်ရာပြဿနာ မှတ်တမ်းဆိုးတွေကို ပြင်ဆင်ပေးဖို့ အဓိကကျတဲ့သူက လီဗာပူးရဲ့ ‘ပြန်လည်ကောင်းမွန်လာရေးနဲ့ စွမ်းဆောင်ရည်ပိုင်း’ ခေါင်းဆောင်ဖြစ်တဲ့ ဒေါက်တာ ရှလန်ဘာဂါ ဖြစ်ပြီး ၎င်းဟာ ကစားသမားတစ်ယောက်စီရဲ့ လုပ်အားနှုန်းကို ကြီးကြပ်ကွပ်ကွဲပြီး ကြံ့ခိုင်မှု ထိန်းသိမ်းနိုင်အောင် တစ်ဦးချင်း အစီအစဉ်တွေ ချပေးရတာ ဖြစ်ပါတယ်။

လီဗာပူးရဲ့ ကြံ့ခိုင်ရေးဆိုင်ရာ နည်းပြအဖွဲ့တို့ အားထုတ်မှုရဲ့ အသီးအပွင့်တွေကို ဒီရာသီ အစောပိုင်းလတွေမှာ မာတစ်ရဲ့ ကြံ့ခိုင်မှုက သက်သေပြနေတယ်။ မာတစ်ဟာ ဗန်ဒိုက်နဲ့ ပထမဦးစားပေး တွဲဖက်အနေနဲ့ လေးလကြာ ပြဿနာမရှိ ကစားနေတာဖြစ်သလို လီဗာပူးအနေနဲ့ မာတစ် အပါအဝင် အသင်းသားတွေရဲ့ ကြံ့ခိုင်မှုကို ထိန်းသိမ်းဖို့ လျို့ဝှက်ချက် တစ်ခုခုကို နောက်ဆုံးမှာ ရှာတွေ့သွားနိုင်ဖို့ မျှော်လင့်ရတာ ဖြစ်ပါတယ်။